ဆိုင်ပိုင်ရှင်ရဲ့ နေမကောင်းဖြစ်နေတဲ့ ဇနီးသည်ကို ကူညီနိုင်ဖို့ ဒိုးနပ်တွေ ပိုပြီးဝယ်ယူပေးကြတဲ့ ဖောက်သည်များ

45517214_373726920037943_8085531433734504448_n.jpg

ကယ်လီဖိုးနီးယားက ဒိုးနပ်ဆိုင် တစ်ဆိုင်မှာတော့ ဖောက်သည်တွေဟာ ဒိုးနပ်တွေကို ဒါဇင်လိုက် ဝယ်ယူအားပေးနေကြပါတယ်။ ဆိုင်ပိုင်ရှင်ရဲ့ဇနီးသည် နေမကောင်းဖြစ်နေတာကို သိရှိပြီးတဲ့အချိန်ကစပြီး ဇနီးသည်အတွက် ဆိုင်ပိုင်ရှင်အနေနဲ့ အချိန်ပိုပေးနိုင်စေဖို့ မုန့်တွေ အမြန်ကုန်အောင် ကူညီနေကြတာဖြစ်ပါတယ်။

ဂျွန်ချန်းနဲ့ သူ့အမျိုးသမီး စတယ်လာဟာ နှစ်ပေါင်း ၃၀ နီးနီးလောက် Donut City ဆိုတဲ့ဆိုင်လေးမှာ နေ့စဉ် ဒိုးနပ်တွေ ရောင်းခဲ့ပါတယ်။ (လက်ရှိမှာ အမျိုးသမီးဖြစ်သူ စတယ်လာချန်းဟာ စက်တင်ဘာလမှာ ဦးနှောက်သွေးကြောကျယ်တဲ့ရောဂါကို ခံစားခဲ့ရပြီး ဆေးရုံမှာပဲ ထားရတာ ဖြစ်ပါတယ်) မကြာခင်မှာပဲ ဖောက်သည်တွေက စတယ်လာချန်းဟာ သူ့အမျိုးသားနဲ့အတူ ဒိုးနပ်မရောင်းတော့တာကို သတိထားမိလာပါတယ်။ ဒီလို သူနေမကောင်းဖြစ်နေတာကို သိပြီးတာနဲ့ ဖောက်သည်တွေဟာ ဂျွန်ချန်းအတွက် အကူအညီဖြစ်စေဖို့ ဒိုးနပ်တွေကို ဝိုင်းဝယ်ယူပေးကြတာကြောင့် ပိုပြီးမြန်မြန်ဆန်ဆန် ရောင်းကုန်လာပါတယ်။ ဒါမှသာ ဆိုင်စောစောသိမ်းပြီး သူ့ဇနီးသည်ဆီကို သွားနိုင်မှာပါ။ ‘ကျွန်တော့်ဖောက်သည်တွေက သူတို့ရဲ့သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေအတွက် ဒိုးနပ်တစ်ဒါဇင် ဒါမှမဟုတ် နှစ်ဒါဇင်လောက် ဝယ်ကြပါတယ်… အရင်ကဆို သူတို့က တစ်ခု၊ နှစ်ခု၊ အများဆုံး ဒိုးနပ် သုံးခုလေညက်ပဲ ဝယ်ကြတာပါ’ လို့ ဂျွန်ချန်းက ပြောပါတယ်။

ဂျွန်ချန်းနဲ့ သူ့ဇနီးသည်ဟာ သောကြာနေ့ဆို မနက် ၄ နာရီခွဲကနေ ညနေ ၃ နာရီအထိ ရောင်းချကြရပါတယ်။ ခုတော့ မနက် ၈ နာရီခွဲမှာတင် ဒိုးနပ်အားလုံးရောင်းကုန်လို့ ဆိုင်စောစောပိတ်နေရပါတယ်။ ၁၈ နှစ်တိုင်တိုင် အားပေးလာတဲ့ Donut City ရဲ့ဖောက်သည်တစ်ဦးက ဂျွန်ချန်းရဲ့အခြေအနေကို အွန်လိုင်းကြော်ငြာစာမှာ တွေ့လိုက်ရတာဖြစ်ပြီး ‘ကျွန်တော်တို့တွေ တတ်နိုင်သလောက် ဒိုးနပ်တွေ ဝယ်ကြတယ်။ ဒါမှ သူမုန့်တွေ ရောင်းကုန်ပြီး ဆိုင် စောစောပိတ်နိုင်မယ်။ သူ့ဇနီးအတွက်လည်း အချိန်ပိုပေးနိုင်မယ်’ လို့လည်း တခြားဖောက်သည်တစ်ဦးက ပြောပါတယ်။ ‘အကူအညီလိုအပ်တဲ့အခါ ကျွန်တော်တို့အားလုံး လက်တွဲပြီး ရှေ့ကို အတူချီတက်မယ်။ ကျွန်တော်တို့ရဲ့ လူမျိုးရေးတွေ ဘာသာရေးတွေကို ဘေးဖယ်ထားပြီး တစ်ယောက်နဲ့ တစ်ယောက်ကူညီကြပါတယ်’ လို့ ထပ်ပြောပြပါသေးတယ်။ ဂျွန်ချန်းဟာ ပိုလျှံတဲ့ ဒိုးနပ်တွေကို အိမ်ခြေမဲ့တွေ၊ အိမ်နီးချင်းတွေ ဒါမှမဟုတ် အလုပ်သမားတွေကို ဝေပေးလေ့ရှိသူပါ။

‘စတယ်လာက မင်္ဂလာဆောင်ပွဲတစ်ခုမှာ ခေါင်းမူးတယ်လို့ ပြောတယ်၊ ကျွန်တော်ကတော့ သာမန်ခေါင်းကိုက်တာမျိုးလို့ပဲ ထင်ခဲ့တာ၊ ဒါပေမဲ့ တစ်နာရီလောက်ကြာတော့ အိမ်ပြန်ရောက်တဲ့အခါ သူ စကားမပြောနိုင်တော့ဘူး။ ကျွန်တော် အရမ်းစိတ်ပူသွားပြီး အရေးပေါ်ခန်းကို အမြန်ပို့လိုက်ရတယ်။ အဲဒီအချိန်မှာပဲ သူ့ဦးနှောက်မှာ သွေးလွှတ်ကြော ကျယ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ ၁၀ ရက်လောက် သူ မျက်လုံး မဖွင့်နိုင်ပါဘူး… ဒါပေမဲ့ သူ နိုးနေတဲ့အချိန်ဆိုရင်တော့ ကျွန်တော့်လက်ကို ဖြေးဖြေးလေး လာထိတယ်။ စတယ်လာက အခုတော့ သက်သာလာပါပြီ။ ညာဘက်လက်နဲ့ စာတောင် ပြန်ရေးနိုင်ပါပြီလေ။ ကျွန်တော့်ဇနီး နေမကောင်းတဲ့အချိန်မှာ ကူညီခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်’ လို့ ဂျွန်ချန်းက ပြောခဲ့ပါတယ်။

Ref: www.abcnews.com “Loyal customers to doughnut shop buy dozens every day to help store owner see his sick wife”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top