ကမ္ဘာ့ပထမဆုံး မိုဘိုင်းလ်ဖုန်းဖြင့် ရိုက်ကူးသော ဓာတ်ပုံ

philippe-kahn-cell-phone-camera_0.jpg

ဒီနေ့ခေတ်မှာတော့ လူတိုင်းလိုလို ဖုန်းကိုင်နိုင်ကြပြီး ဖုန်းနဲ့ ဓာတ်ပုံရိုက်ကြတာက အသစ်အဆန်းတစ်ခု မဟုတ်တော့ပါဘူး။ ဒါ့ဆိုရင် ကမ္ဘာ့ပထမဆုံး မိုဘိုင်းလ်ဖုန်းနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံက ဘယ်ပုံလဲဆိုတာ သိပါသလား။ သမိုင်းကို ပြန်လိုက်ကြည့်ရမယ်ဆိုရင် အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် လစ်ဗ်အုတ်မြို့ (Live Oak) ရှိ ဆပ်တာ သားဖွားဆေးရုံမှာ (Sutter Maternity  Surgery Center) ၁၉၉၇ ဇွန်လ ၁၁ ရက်နေ့တွင် မိုဘိုင်းဖုန်းနဲ့ ပထမဆုံး ဓာတ်ပုံကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ ဖိလစ်ပီ ခန် (Philippe Kahn) ဆိုသူ လူတစ်ယောက်က ဆပ်တာ သားဖွားဆေးရုံမှာ လူနာစောင့်ရင်း ဘာမှလုပ်စရာ မရှိတဲ့အတွက် ပျင်းရိလာပါတော့တယ်။ ဒါ့ကြောင့် Software အင်ဂျင်နီယာ တစ်ဦးလည်းဖြစ်တဲ့ ခန်ဟာ သူ့သမီးလေးမွေးလာရင် သူ့သမီးလေးရဲ့ ဓာတ်ပုံကို မိသားစုတွေနဲ့ သူငယ်ချင်းတွေဆီကို ချက်ခြင်း ဓာတ်ပုံပို့ပေးနိုင်မယ့် ကိရိယာကို တီထွင်ပါတော့တယ်။  တခြား တီထွင်မှုများလိုပဲ ခန် ပထမဆုံးတီထွင်ခဲ့တဲ့ ဓာတ်ပုံရိုက်ကူးတဲ့ ကိရိယာဟာ အကြမ်းထည်ဖြစ်ပြီး သူ့ရဲ့ ဒစ်ဂျစ်တယ် ကင်မရာကို ထိုခေတ်က အသုံးများတဲ့ ခေါက်ဖုန်းဖြစ်တဲ့ Motorola Startac နဲ့ ဆက်သွယ်ကာ လက်တော့ တစ်လုံးနဲ့ ချိတ်ပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီသဘောတရားဟာ ယနေ့ခေတ် ဆဲလ်ဖုန်းတွေနဲ့ စမတ်ဖုန်းတွေရဲ့ အရေးပါတဲ့ ရှေ့ဆောင် မော်ဒယ်လ်တစ်ခုလည်း ဖြစ်ပါတယ်။

ခန့်ရဲ့ ကိရိယာလေးဟာ သူ့ရဲ့သမီးဖြစ်သူကို ပထမဆုံးအကြိမ် ဓာတ်ပုံရိုက်ပေးနိုင်ခဲ့ပြီး လူပေါင်း ၂၀၀၀ ကျော်ကို တစ်ပြိုင်နက် ပို့ပေးနိုင်ခဲ့ပါတယ်။ ခန့်ဟာ သူ့ရဲ့ ကြုံရာ ကျပန်းလုပ်ထားခဲ့တဲ့ ရှေ့ပြေးပုံစံလေးကို ပိုကောင်းလာအောင် ပြုပြင်ခဲ့ပြီး ၂၀၀၀ ခုနှစ်မှာတော့ ခန်ရဲ့ နည်းပညာကို ဂျပန် လျှပ်စစ်ပစ္စည်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Sharp Corporation ဝယ်ယူ အသုံးပြုခဲ့ပြီး စီးပွားရေးအရ ရောင်းချတဲ့ ကင်မရာဖုန်းတွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီလို ကင်မရာဖုန်းတွေဟာ အမေရိကန်ဈေးကွက်ကို နှစ်အနည်းငယ်အကြာမှာ ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာပဲ လူသုံးများတဲ့ ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။

ဘာပဲဖြစ်ဖြစ် ခန်ရဲ့ တီထွင်မှုဟာ ကျွန်တော်တို့ ဘယ်လိုဆက်သွယ်ကြလဲဆိုတဲ့ စည်းမျဉ်းတွေကို ပြောင်းလဲစေခဲ့ပြီး စမတ်ဖုန်းတွေမှာ ကင်မရာတွေ ထည့်သွင်းလာခြင်းနဲ့ ဓာတ်ပုံဝေမျှတဲ့ Sites တွေဖြစ်တဲ့ Instagram နဲ့ Snapchat တို့ရဲက အဓိက အခြေခံလုပ်ရပ် တစ်ခုလို့ဆိုရင် မမှားပါဘူး။ ယနေ့အချိန်မှာတော့ လူပေါင်းများစွာဟာ ဓာတ်ပုံတွေရိုက်ကူးဖို့အတွက် ကင်မရာဖုန်းများကို အသုံးပြုနေပြီ ဖြစ်ပါတယ်။

Ref : Time Knowledge : First Cell-Phone Picture1997 Photograph by Philippe Kahn

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top