အိမ်ခြေယာမဲ့နေသူကို စားစရာနဲ့ အိပ်စရာ နေရာပေးခဲ့တဲ့ ဘတ်စ်ကားမောင်းသူလေး

181120_wn_ender_657_hpMain_16x9_992.jpg

မဲလ်ဝေါကီမြို့မှာနေထိုင်တဲ့ အလုပ်သမားတစ်ဦးရဲ့ လုပ်ရပ်ဟာ အသိအမှတ်ပြုစရာ ဖြစ်ခဲ့ပါတယ်။ နာတာလီဘာနီစ်ဆိုတဲ့ အမျိုးသမီးငယ်လေးဟာ အောက်တိုဘာလ ၁၃ ရက်နေ့ညနေခင်းတစ်ခုမှာ ဘတ်စ်ကားမောင်းနေတဲ့အချိန် သူနဲ့ရင်းနှီးတဲ့ ရစ်ချတ်ဆိုတဲ့ ခရီးသည်တစ်ဦးဟာ ကားပေါ်တက်လာပါတယ်။ သူဟာ ဘတ်စ်ကားလိုင်း အဆုံးထိ စီးပြီးတော့ နာတာလီ အနားယူတဲ့အချိန်မှာ သူတို့နှစ်ယောက် စကားပြောခဲ့ကြပါတယ်။

ရစ်ချတ်က သူအခု အိမ်မရှိ ယာမရှိဖြစ်နေတဲ့အကြောင်း နာတာလီနဲ့ ပြောနေတာကို ဘတ်စ်ကားထဲက CCTV ဗွီဒီယိုမှာ တွေ့ရပါတယ်။ သူဟာ လမ်းပေါ်မှာ တစ်ပတ်လောက် နေခဲ့ရတာပါ။

နာတာလီက သူ့ကို စားစရာ သွားဝယ်စေပြီးတော့ အနွေးဓာတ်ရဖို့အတွက် ဘတ်စ်ကားပေါ်မှာ နေနိုင်တယ်လို့ ပြောခဲ့ပြီးတဲ့နောက် နာတာလီကားမောင်းနေချိန်တစ်လျှောက်လုံး ရစ်ချတ်ဟာ ဘတ်စ်ကားနောက်ပိုင်းမှာ ထိုင်စီးရင်း လိုက်ပါလာတာကို CCTV ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။ ‘နာတာလီကို ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး… ကျွန်တော် ကျေးဇူးပြန်ဆပ်မှာပါ’ လို့ ရစ်ချတ်က ပြောပါတယ်။ နာတာလီကတော့ ‘ကျွန်မက အကူအညီပေးချင်လို့ပါ’ လို့ပဲ ပြန်ပြောခဲ့ပါတယ်။

နောက်တစ်ခေါက် ကားနားတဲ့အချိန်မှာတော့ နာတာလီဟာ ရစ်ချတ်အတွက် ယာယီနေစရာရဖို့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီး အကူအညီ လှမ်းတောင်းခဲ့ပါတယ်။ အရေးပေါ် နေစရာပေးတဲ့ အကူအညီအဖွဲ့နဲ့လည်း ဆက်သွယ်ပေးပါတယ်။ ရစ်ချတ်ဟာ အခု ယာယီအိမ် တစ်လုံး ရဖို့အတွက် အေဂျင်စီတစ်ခုနဲ့တွဲပြီး အလုပ်လုပ်နေပါပြီ။

သယ်ယူပို့ဆောင်ရေး အေဂျင်စီက နာတာလီကို သူ့လုပ်ရပ်အတွက် ဂုဏ်ပြုခဲ့ပါတယ်။ နာတာလီက ရစ်ချတ်ဟာ အသက်လည်းကြီးပြီးတော့ အပြင်မှာဆို အရမ်းအေးနေတာမို့လို့ မမြင်ရက်တာကြောင့် ကူညီခဲ့တာလို့ ပြောခဲ့ပြီး သူ ရစ်ချတ်ကို အနည်းဆုံး တစ်လတစ်ခါတော့ တွေ့ဖြစ်တယ်လို့ ဆိုပါတယ်။ ‘အနည်းဆုံးတော့ ညဘက်မှာ နွေးနွေးထွေးထွေးနေလို့ရမဲ့ နေရာတစ်နေရာကို ရှာတွေ့ဖို့ လိုပါတယ်… ကျွန်မ ကားမောင်းတဲ့ လမ်းကြောင်းတစ်လျှောက်မှာဆို အမှိုက်ပစ်တဲ့နေရာတွေမှာ အစားအသောက် ရှာနေကြတဲ့သူတွေ အများကြီးပဲ တွေ့ရပါတယ် ’ လို့ ပြောပြပါတယ်။ နှစ်နှစ်လောက် ဘတ်စ်ကားမောင်းလာတဲ့ နာတာလီဟာ အိမ်ခြေမရှိသူတွေကို ကူညီပေးတဲ့ အဖွဲ့အစည်းကို အားပေးသူပါ။ “သူတို့ဟာ အဝတ်အစားတွေလည်း နွမ်းပါးပြီးတော့ သွားစရာလည်း မရှိကြပါဘူး..အစားအစာနဲ့ အဝတ်အစားလိုမျိုး အခြေခံ အသုံးအဆောင်တွေလည်း ရှိသင့်ပါတယ်”လို့ သူက ဆိုပါတယ်။

Ref: www.abcnews.com ” Milwaukee bus driver helps homeless passenger get a bite to eat and sleep”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top