စိတ်မလောဘဲနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့အချိန်မှာ ဖြစ်လာမှာကိုစောင့်ပါ

farmer-with-drone-remote-controller-in-soybean-B5WHNTY-e1565766079699.jpg

တစ်ခါတုန်းက အရမ်းစိတ်မြန်တဲ့ လူတစ်ယောက်ရှိတယ်။ တစ်နေ့တော့ သူက ယာစိုက်ဖို့ ကြိုးစားပါတယ်။ ယာခင်းတစ်ခင်းကို သူကိုယ်တိုင် ရှင်းလင်းထွန်ယက်ပြီးမှ ပျိုးကြဲတယ်။ အဲ့လို ပျိုးကြဲပြီးတဲ့နောက်မှာ သူက စိတ်မြန်တဲ့လူဆိုတော့ ယာခင်းမှာ အပင်လေးတွေ ပေါက်လာပြီလား ဆိုပြီး တစ်နေ့လေးခါ သွားစစ်သတဲ့။ သူဘယ်လိုပဲ စိတ်မြန်စိတ်မြန် သဘာဝတရားကတော့ ပုံမှန်ပဲ ကြီးထွားရှင်သန်မှာပေါ့။

အဲ့ဒါနဲ့ တစ်နေ့တော့ သူက အပင်လေးတွေ အညှောက်ထွက်လာခါစမှာ စိတ်မရှည်တော့ပဲ အပင်လေးတွေကို တစ်ပင်ချင်းစီ လက်နဲ့ အပေါ်ကို ဆွဲဆွဲတင်တယ်တဲ့။ မြန်မြန် အပင်ရှည်လာအောင်လို့ ဆိုပြီးအဲ့လိုလုပ်တာ ဆိုပေမယ့် ယာခင်းတစ်ခုလုံးစာဆိုတော့ မသက်သာဘူးပေါ့။ စိတ်ကြိုက် ဆွဲတင်ပြီးမှ အိမ်ကိုပြန်သွားတယ် အိမ်ကိုရောက်တော့ သူ့သားနဲ့ ဇနီး ကိုပြောတယ်။ ဒီနေ့ အလုပ် လုပ်လိုက်ရတာ ပင်ပန်းသွားတာပဲ။ ဒါပေမယ့် အပင်လေးတွေတော့ ရှည်လာပြီကွ လို့ ပြောသတဲ့။ သူ့သားက မသင်္ကာလို့ နောက်နေ့မှ သွားစစ်တော့ အမြစ်တွေ ဆွဲနှုတ်ခံထားရတဲ့ အပင်ပေါက်လေးတွေက အကုန်သေနေတာပေါ့။

ဒီဇာတ်လမ်းလေးကနေ တဆင့် ပြောပြချင်တဲ့ သင်ခန်းစာကတော့ နေရာတကာမှာ စိတ်မလောဘဲနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့အချိန်မှာ ဖြစ်လာမှာကိုစောင့်ပါ။ အထူးသဖြင့်တော့ ဒီလို ဖြစ်ရပ်တွေက မိဘတွေနဲ့ သားသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ကိုယ့်သားသမီးတွေကို တော်စေချင်တဲ့ စိတ်နဲ့ စိတ်လောပြီး ဖိအား အရမ်းပေးမိတဲ့အခါ ကလေးတွေအတွက် ဝန်ထုတ်ဝန်ပိုး သက်သက်ဖြစ်လာစေပြီး ဆိုးကျိုးတွေတောင် ဖြစ်လာနိုင်ပါသေးတယ်။ ကိုယ့်ရဲ့ ကလေးကိုပဲဖြစ်ဖြစ် ကိုယ် မျှော်လင့်ထားတဲ့သူ တစ်ဦးဦးကို ဖြစ်ဖြစ် ပုံအော ဖိအားပေးလိုက်ရင် ပေါင်းပင်လေးလိုပဲ ထွက်လာမယ့် အညှောက်လေးတောင် သေသွားနိုင်ပါတယ်။

Jong Kin (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top