ငွေကြေးနဲ့ပတ်သတ်ပြီး လိုက်နာကျင့်သုံးသင့်သော အရေးကြီးအချက်များ

1.jpg

လစာ ထုတ်တဲ့ရက်ပဲ ပိုက်ဆံရှိပြီး လတစ်ဝက်လောက်ဆို ရှိတဲ့ပိုက်ဆံက ဘယ်ရောက်လို့ ရောက်သွားမှန်း မသိတဲ့အဖြစ်မျိုး ကြုံဖူးပါသလား။ လစာထုတ်ရက်ဆို ဝယ်ချင်တာတွေများပြီး စိတ်ရှိလက်ရှိဝယ်ပြီးမှ လလယ်လောက်မှာ နောင်တရဖူးလား။

ပိုက်ဆံမရှိတဲ့အချိန်ဆို ငါပိုက်ဆံစုဦးမှပါလို့ တွေးထားပေမဲ့ ပိုက်ဆံလက်ထဲရောက်လာတဲ့အချိန် ဒီအတွေးကောင်းလေးတွေက ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားဖူးလား။ သင်ကတော့ ဘယ်လိုနေလဲမသိပေမဲ့  ကျွန်တော်ကတော့ အပေါ်ကပြောခဲ့တဲ့အချက်တွေ အားလုံးဖြစ်ဖူးပါတယ်။ အတွေးကောင်းလေးတွေ၊ စိတ်ကူးကောင်းလေးတွေဟာ ကျွန်တော်တို့ ခေါင်းထဲမှာရှိကြပေမဲ့ တကယ်ကျင့်သုံးဖို့လိုအပ်လာရင် ပျောက်ပျောက်ကုန်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့မှာ ငွေကြေးနဲ့ပတ်သတ်ပြီး ကျင့်သုံးရမယ့်၊ အကျင့်အဖြစ်မွေးမြူရမယ့် ခိုင်မာတဲ့အချက် တွေလိုအပ်နေပါပြီ။

ငွေကြေးနဲ့ပတ်သတ်ပြီး အကျင့်ကောင်းတွေကို ဘယ်သူဆီက လေ့လာရမှာလဲလို့ တွေးမိရင်တော့ စိတ်မပူပါနဲ့တော့။ ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဂုရုကြီး ဝါရင်ဘတ်ဖတ် တစ်ယောက်လုံး ရှိနေပါတယ်။ ကမ္ဘာတစ်ဝှမ်း ငွေကြေး ရင်းနှီးမြှုပ်နှံမှုနယ်ပယ်မှာ အကျွမ်းကျင်ဆုံးလူကို ပြပါဆိုရင် ဘတ်ဖတ်ကို ပြရမှာဖြစ်ပါတယ်။ ဘတ်ဖတ်က ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ်ထဲမှာ စတုတ္ထမြောက်အဖြစ် ရပ်တည်နေသူတစ်ဦးဖြစ်ပေမဲ့ ငွေကြေးသုံးစွဲမှုမှာ အရင်အပတ်က ရေးခဲ့သလိုပဲ ပိုင်ဆိုင်မှုနဲ့ မလိုက်အောင် ခြိုးခြံသူတစ်ယောက်ပါ။ ဘတ်ဖတ်ဘဝမှာ ကျင့်သုံးခဲ့သမျှ ငွေကြေးဆိုင်ရာစည်းကမ်းတွေဟာ အကောင်းဆုံး ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု စည်းကမ်းတွေဖြစ်ပြီး ဒီအကျင့်တွေကို အတုယူမယ်ဆိုရင် ကျွန်တော်တို့အတွက် အကျိုးမယုတ်နိုင်ပါဘူး။

သင့်အနေနဲ့ မလိုအပ်တာတွေ လျှောက်ဝယ်နေမယ်ဆိုရင် မကြာခင်မှာပဲ သင်လိုအပ်တာတွေကို ရောင်းရတော့မှာပါ

ပိုက်ဆံရှိနေတဲ့အချိန် ကိုယ်လိုချင်တာကို မဝယ်မိအောင် ထိန်းချုပ်ထားရတဲ့ ခံစားချက်က တော်တော်ဆိုးပါတယ်။ ဒီခံစားချက်က ပိုက်ဆံမရှိတဲ့အချိန်မှာ ကိုယ်ဝယ်ချင်တာကို မဝယ်ရတဲ့ ခံစားချက်ထက် ဆိုးပါတယ်။ ဒါပေမဲ့ ပစ္စည်းတစ်ခုကို ဘယ်အချိန်မှာ ဝယ်ယူရမလဲဆိုတာက ရှင်းရှင်းလေးနဲ့ တော်တော်အရေးကြီးတဲ့ စည်းမျဉ်းတစ်ခုပါ။ စတော့ရှယ်ယာများကို ရင်းနှီးမြှုပ်နှံသူ တစ်ယောက်ဖြစ်တဲ့ ဘတ်ဖတ်အနေနဲ့ မှန်ကန်တဲ့အချိန်မှာ စတော့ ရှယ်ယာကို ဝယ်ယူနိုင်ဖို့က အရေးကြီးပါတယ်။

ဒီစည်းမျဉ်းလေးကိုလည်း ကျွန်တော်တို့နေစဉ်ဘဝမှာ အကျိုးရှိရှိ အသုံးချနိုင်ပါတယ်။ ဥပမာ ပြောရရင် – လစာရတာနဲ့ လိုချင်တယ်လို့ ထင်မိတဲ့ ပစ္စည်းတိုင်း ဝယ်ယူနေတာက မှန်ကန်တဲ့ ငွေကြေးသုံးစွဲပုံ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ပစ္စည်းတစ်ခုခု ဝယ်ယူချင်တယ်ဆိုရင် ၃ ရက်လောက် စောင့်ကြည့်လိုက်ပါ။ အစပိုင်းမှာ သည်းမခံနိုင်စရာဖြစ်ပေမဲ့ အချိန်တစ်ခု စောင့်ကြည့်လိုက်တဲ့အခါ သင်ဝယ်ချင်တဲ့ ပစ္စည်းတွေက မလိုအပ်တော့မှန်း သင်တွေ့လာပါလိမ့်မယ်။

ဈေးနှုန်းဆိုတာ သင်ကပေးရတာဖြစ်ပြီး တန်ဖိုးဆိုတာက သင်က ရတဲ့အရာပါ

ဒီအကြံပေးချက်ကတော့ ငွေစုတာ၊ ငွေသုံးစွဲတာတွေကို ကျော်လွန်သွားပြီး သင့်အနေနဲ့ အကျိုးအမြတ်ရှိမယ်လို့ ယူဆထားတဲ့ဝယ်ယူမှုမျိုးကိုသာ ပြုလုပ်ဖို့ပြောချင်တာ ဖြစ်ပါတယ်။ သင်အတွက် တစ်သက်တာလုံး အကျိုးရှိမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးတွေ၊ သင့်အတွက် ရေရှည်အကျိုးရှိမယ့် ဝယ်ယူမျိုးတွေကိုသာ ဝယ်ယူဖို့ လိုပါတယ်။ ဒီအလေ့အကျင့်ကို ကျင့်သုံးဖို့ ကြိုးစားမယ်ဆိုရင် စစချင်းမှာပဲ သင့်အနေနဲ့ တန်ဖိုးမရှိတဲ့ ဝယ်ယူမှုမျိုးတွေကို  မလုပ်မိအောင် တားဆီးပေးနိုင်မှာ ဖြစ်ပြီး အကျင့်စွဲမြဲလာတာနဲ့ သင့်အတွက် တစ်သက်တာ အကျိုးရှိစေမယ့် ဝယ်ယူမှုမျိုးတွေကိုပါ ပြုလုပ်လာနိုင်မှာ ဖြစ်ပါတယ်။

သင်သုံးပြီးမှ ကျန်တဲ့ပိုက်ဆံကို သွားမစုပါနဲ့။ စုပြီးလို့ ကျန်တဲ့ဟာကိုပဲ သုံးစွဲပါ

ဒါကတော့ ဝါရင်ဘတ်ဖတ်ရဲ့ ငွေကြေးစုဆောင်းမှုဆိုင်ရာ စည်းမျဉ်းတစ်ခုဖြစ်ပြီး ကျွန်တော် ဖြစ်နေတာနဲ့ဆို တော်တော်မှန်ကန်နေပါတယ်။ ကျွန်တော်ဆိုရင် ပိုက်ဆံစုဖို့စိတ်ကူးကို ပိုက်ဆံသုံးပြီးမှ သတိရတာ ဖြစ်ပြီး ပိုက်ဆံရတဲ့အချိန် စုဖို့ လုံးဝမစဉ်းစားမိပါဘူး။ ငွေစုတယ်ဆိုတာ လူဆင်းရဲတဲ့ လူတွေပဲလုပ်ရတယ်လို့ ကျွန်တော်တို့ထင်တတ်ကြပေမဲ့ ဘယ်လောက် ချမ်းသာတဲ့သူဖြစ်စေဖြစ်စေ ငွေစုတဲ့အကျင့်က အရေးကြီးပါတယ်။ ဒါပေမဲ့ ငွေစုရတာဟာ မလွယ်ကူတဲ့ အလုပ်တစ်ခု ဖြစ်ပြီး အကျင့်ဖြစ်ဖို့အတွက်တော့ အကျင့်ကို ကြိုးစားမွေးမြူဖို့ လိုအပ်ပါတယ်။ ဘတ်ဖတ်ကတော့ ငွေဘယ်လိုစုရမလဲဆိုတာ ကောင်းကောင်းသိပြီး  လက်တွေ့ကျင့်သုံးခဲ့သူ တစ်ယောက်ပါ။

ကျွန်တော်ရဲ့ ပထမဆုံး ရင်းနှီးမြုပ်နှံမှုကို ကျွန်တော် အသက် ၁၁ နှစ်အရွယ်မှာ စလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန် မတိုင်ခင်တုန်းကတော့ ကျွန်တော် အချိန်တွေ ဖြုန်းနေမိခဲ့တယ်

ဒါကတော့ ငွေကြေးရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သတ်တဲ့ ဝါရင်ဘတ်ဖတ်ပေးတဲ့ အကြံဉာဏ်ဖြစ်ပါတယ်။ ဝါရင်ဘတ်ဖတ်ဟာ သူ့ကိုယ်ထဲမှာ စီးပွားရေးသွေး စီးဆင်းနေတဲ့ သူတစ်ယောက်လို့ ကိုဆိုရမှာပါ။ ဘတ်ဖတ်ဟာ အိုမားဟားမှာရှိတဲ့ သူ့ရဲ့မိသားစု ကုန်စုံဆိုင်မှာ အလုပ်ဝင်လုပ်ရင်း အသက် ၁၁ နှစ်အရွယ်မှာ ပထမဆုံး စတော့ရှယ်ယာကို ဝယ်ယူခဲ့ပါတယ်။ ဘတ်ဖတ်ရဲ့ ဖခင်ဖြစ်သူ ဟောင်းဝဒ် ဘတ်ဖတ်ကလည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းငယ် တစ်ခုကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်ပြီး ဝါရင်ဘတ်ဖတ်ဟာ ရင်းနှီးမြှုပ်နှံသူတွေ ဘာတွေပြောလည်း၊ ဘာတွေလုပ်လည်း ဆိုတာကို နားထောင်ရင်း တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးဆိုသလို၊ ရင်းနှီးမြှုပ်နှံသူတွေ ကြားမှာ နေထိုင်ရင်း ရင်းနှီးမြှုပ်နှံသူတစ်ယောက် ဖြစ်လာတာပါ။

ဝါရင်ဘတ်ဖတ်ဟာ ငယ်စဉ်ကတည်းက ကားရေဆေးခြင်း၊ သတင်းစာပို့ခြင်း စတဲ့ကြိုကြားကြိုကြား အလုပ်တွေလုပ်ရင်း သူ့ရဲ့ ဇာတိမြို့မှာ pinball machines လို့ခေါ်တဲ့ သံဘောစေ့တွေကို ငုတ်တိုင်တွေကြားထဲကလွတ်အောင် ဆော့ရတဲ့ စက်လေးတွေ ဝယ်ပြီးစီးပွားရှာခဲ့ပါသေးတယ်။ ဘတ်ဖတ်လည်း အန္တရာယ်တွေနဲ့ စိမ်းသူ တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘတ်ဖတ်ဟာ ငယ်စဉ်ကတည်းက ငွေကြေးဆိုင်ရာ အန္တရာယ်တွေကို ရင်ဆိုင်ပြီး ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာတာပါ။ ဒါ့ကြောင့် ဘတ်ဖတ်ကို အတုယူပြီး ငွေစုတာနဲ့တင် မရပ်သွားဘဲ ရင်းနှီးမြှုပ်နှံမှုကို ပါးပါးနပ်နပ် လုပ်တတ်ဖို့လည်း လိုပါသေးတယ်။

Ref : Born Realist Motivation : Useful Tips on Money That Can Make You A Fortune

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top