စိတ်ဓာတ်ကျတိုင်း နားဆင်ဖို့ သီချင်းကောင်းလေးများ

yyl-032.jpg
ကျွန်တော်တို့အားလုံး ဘဝတစ်ကွေ့မှာ ရှုံးနိမ့်ဖူးကြပါတယ်။ တစ်ခုခုကြောင့် ရှုံးနိမ့်ခဲ့ရပြီဆိုရင် ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့လောက်အောင် စိတ်ဓာတ်ကျသွားတတ်ပါတယ်။ စိတ်ဓာတ်ကျခွင့်ရှိပါတယ်။ဒါပေမဲ့ ဟိုးအောက်ဆုံးထိ ပြန်ဆွဲယူလို့မရလောက်အောင်၊ ရည်မှန်းချက်ပန်းတိုင်ပျောက်လောက်အောင်တော့ မကျပါနဲ့။ မိမိအမှားများ၊ လိုအပ်ချက်များကို ပြန်လည်သုံးသပ်ပြီးပြင်ဆင်ပါ။
စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် သီချင်းများ နားထောင်ပါ။ ရှုံးနိမ့်မှုကနေ ပြန်လည်ရုန်းထနိုင်အောင် ကြိုးစားပါ။
စိတ်ဓာတ်ကျနေချိန်၊ ရှုံးနိမ်မှုများခံစားနေရချိန်မှာ  စိတ်ဓာတ်ခွန်အားတက်စေမယ့် ပြည်တွင်းမှ သီချင်းကောင်းလေးတွေကို ရွေးချယ်တင်ပြပေးလိုက်ပါတယ်။
နေ့သစ် (စိုင်းထီးဆိုင်)
တေးရေး (စိုင်းခမ်းလိတ်)
ကြွေလွင့်သွားပြီဖြစ်တဲ့ အဆိုတော်ကြီး စိုင်းထီးဆိုင်ရဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ အစ်ကိုဖြစ်သူကနေ ညီမဖြစ်သူကို အမှားတွေကို မေ့ပြစ်ပြီး တက်တက်ကြွကြွပြန်လည်စတင်ဖို့ လှုံဆော်ပေးထားတဲ့အကြောင်းလေးကို ရေးဖွဲ့ထားတာပါ။
” ညအမှောင်ရယ် အိမ်မက်ဆိုးက နိုးလာပြီ။ လမ်းဟောင်းဆက်မသွားဖို့ အမှားဟောင်းဆက်မမှားဖို့ပြင်ဆင်ဖို့ လိုတဲ့အခွင့်ကောင်းပါပဲ။ ဒီနေ့သစ်ဟာ တို့ကို အောင်မြင်မှုအသစ်တွေပေးလာမယ်” သီချင်းတစ်ပုဒ်လုံး အနှစ်သာရရှိလှတဲ့စကားလုံးတွေနဲ့ ရေးဖွဲ့ထားတဲ့အတွက် အားအင်သစ်တွေ ပြန်လည်မွေးဖွားလာစေမှာပါ။
ယုံကြည်ရာ( လေးဖြူ )
တေးရေး (သွန်းပူ)
တကယ်လို့ ရှုံးနိမ်မှုတွေကြုံတွေ့ရလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် ဒီသီချင်းလေးကိုတော့ မဖြစ်မနေနားထောင်ပေးပါ။ ” ဘဝရဲ့ တစ်ကွေ့မှာမင်းတစ်ခါလဲကျမှာ  လဲကျတဲ့အချိန်တိုင်းမှာ ပြန်ထဖို့ မမေ့ပါနဲ့ဒါ မင်းရဲ့တိုက်ပွဲပဲ” ဆိုတဲ့ ခွန်အားပြည့် စာသားများနဲ့ အဆိုတော်လေးဖြူက မာန်ပါပါ သီဆိုထားပါတယ်။ နားထောင်နေစဉ်အတွင်းမှာပဲ ကျနေတဲ့စိတ်ဓာတ်တွေ ပြန်တက်လာပြီး နောက်ထပ်တစ်ကြိမ် ကြိုးစားလိုစိတ်များ ပေါ်ပေါက်လာစေပါတယ်။
မငိုပါနဲ့( ပိုပို )
တေးရေး ( ဆောင်းဦးလှိုင်)
“အလျော့ပေးလို့ ဒူးထောက်ရင် ဆက်ရှုံးနိမ့်နေမှာပဲ” “ဒီနေ့ကမလှတော့ နောက်နေ့များစွာလည်း ချက်ချင်းပဲပြောင်းလဲ မျှော်လင့်သမျှဖြစ်ဖို့မလွယ် ထင်တာများမဖြစ်ခဲ့ရင် မငိုပါနဲ့  ကလေးလေးရယ်”
စိတ်ဓာတ်ကျနေချိန် အရမ်းနားထောင်လို့ကောင်းတဲ့  ပိုပိုရဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ။ ထင်ထားတာတွေမဖြစ်လာခဲ့ရင် ငိုကြွေးနေမဲ့အစား ကိုယ့်စိတ်ကိုယ်ပြင်ဆင်ကာ ပြန်လည်အားတင်းထားပါ ဆိုတဲ့ အနက်အဓိပ္ပာယ်ကို ဖော်ကျူးထားတာ ဖြစ်ပါတယ်။
မျှော်လင့်ချက်တစ်စုံတစ်ရာ (နီနီခင်ဇော်)
တေးရေး ( ဆောင်းဦးလှိုင်)
“အကြိမ်အခါအခါ ရှုံးလည်း ယုံကြည်တာတွေမစွန့်လွှတ်လိုက်ပါနဲ့” ဒီသီချင်းလေးကတော့ အားလုံးသိကြမှာပါ။ ဘယ်လောက်ပဲအခက်အခဲ အတားအဆီးတွေရှိနေပါစေ မိမိယုံကြည်ထားတဲ့ မျှော်လင့်ချက်နဲ့ ဘဝပန်းတိုင်ကိုရောက်အောင်အတွက် ကြိုးစားသင့်ကြောင်းကို ဆောင်းဦးလှိုင်မှရေးသားပေးထားပြီး အဆိုတော် နီနီခင်ဇော် က ခံစားချက်အပြည့်အဝနဲ့ သီဆိုထားတာပါ။
ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း( စိုင်းစိုင်းခမ်းလှိုင် )
ဒီသီချင်းလေးက သူရဲ့  အနုပညာဘဝစတင်ခဲ့တဲ့အချိန်ကနေ အခုချိန်ထိ အခက်အခဲ ရှုံးနိမ့်မှုတွေကို ရေးဖွဲ့ထားတာပါ။ “အချစ်ရှိရင် အမုန်းရှိမယ်။ အဖြူရှိရင် အမည်းရှိမယ်။ သဘာဝတရားပဲ အတက်ရှိတော့ အဆင်းရှိမယ်” ဆိုတဲ့ နေရာက သီချင်းတစ်ပုဒ်လုံးရဲ့ အရှိန်(Tempo)အမြင့်ဆုံးပါ။ အရိပ်လိုချင် နေပူကစောင့် ဆိုနဲ့အတ်ိုင်းပဲ အောင်မြင်မှုကိုလိုချင်တယ်ဆိုရင် အခက်အခဲအတားအဆီးတွေကို မလွဲမသွေ ကျော်ဖြတ်ရမှာပါ။
ဂီတဟာ ကျွန်တော်တို့ကို ပျော်ရွှင်စေ ၊အားတက်စေတဲ့ အားဆေးတစ်မျိုးပါ။ စိတ်ဓာတ်တက်ကြွစေတဲ့ ၊အားတက်စေတဲ့ သီချင်းတွေအများကြီးရှိတဲ့အထဲကနေ အခုဖော်ပြလိုက်တဲ့ သီချင်း ၅ ပုဒ်ဟာ ဂီတအမျိုးအစားတွေ မတူညီကွဲပြားနေပေမဲ့ သင့်ကို ရှုံးနိမ့်မှု နာကျင်မှုတွေကနေ လွတ်မြောက်စေနိုင်မှာပါ။
ရိုးရာလေးစာဖတ်ပရိသတ်တို့လည်း စိတ်ဓာတ်ကျနေတဲ့အချိန် ဘာသီချင်းတွေနားထောင်ဖြစ်သလဲဆိုတာ ဝေမျှခဲ့ပါအုံးနော်…
Paradise(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top