ရုံတင် ရုပ်ရှင် အညွှန်း – The Foreigner

j.png

ကဲ.. ဒီနေ့ သောကြာနေ့ ညနေ ကို ရုပ်ရှင်ကြည့်ရင်း ဖြတ်သန်းမယ့်သူတွေလည်း ရိုးရာလေး ပရိသတ်တွေထဲ ရှိနေမှာပါ။

လတ်တလော ရုံတင်မယ့် ရုပ်ရှင် ကားသစ်တွေထဲကမှ မနေ့ညက Premiere ပွဲ ကြည့်ဖြစ်ခဲ့တဲ့ The Foreigner ဆိုတဲ့ကားလေးကို မိတ်ဆက် ပေးချင်ပါတယ်။

ဂျက်ကီချန်းပါဝင်တဲ့ ရုပ်ရှင်ဖြစ်တာမို့ ကြည့်ဖြစ်မယ့် သူတွေလည်း များမယ်ထင်ပါတယ်။ ဇာတ်လမ်း အကျဉ်းကို ပြောရမယ်ဆိုရင်တော့ တရုတ်လူမျိုး ကွမ် (ဂျက်ကီချန်း) က စီးပွားရေး လုပ်ကာ ဘဝကို သမီးလေးနဲ့ အတူ ရိုးရိုးသားသား ဖြတ်သန်းနေတဲ့သူပါ။ လန်ဒန်မှာ အကြမ်းဖက်မှုတွေ နေရာ အနှံ့ဖြစ်ပွားလာပြီး အဲ့လို ဖြစ်ရပ်တွေကပဲ သူ့သမီးလေးကို ဆုံးရှုံးရဖို့ အထိ ဖြစ်လာစေ ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေနောက်မှာ ဘယ်သူတွေက ကြိုးကိုင်နေတာလဲ၊ ဂျက်ကီချန်းကရော ဘယ်လို ရှာဖွေဖော်ထုတ်ပြီး ကလဲ့စားချေမလဲဆိုတာ ကတော့..။

The Foreigner ရုပ်ရှင်ကတော့ ဂျက်ကီချန်းကို မြင်နေကျပုံစံမဟုတ်တဲ့ ပုံစံ တစ်မျိုးနဲ့ မြင်ရမယ့် ရုပ်ရှင်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ စပိုင်ရုပ်ရှင်တွေ ရိုက်ကူးနေကျ ဖြစ်တဲ့ အပြင် ဂျိမ်းစ်ဘွန်း အဖြစ်လည်း သရုပ်ဆောင်ခဲ့သူ ပီးယားစ်ဘရော့စ်နန် (Pierce Brosnan) ကလည်း အစိုးရဖက်ပိုင်းက တာဝန်ရှိသူတစ်ယောက်အနေနဲ့ သဘာဝကျကျ သရုပ်ဆောင်ထားတာပါ။

ဇာတ်လမ်းပိုင်း ကို ကြည့်မယ်ဆိုရင်တော့ မိနစ်ပိုင်းလောက်ပဲ ရှည်တဲ့ အက်ရှင်ခန်းတွေသာ ဖြစ်ပေမယ့် သပ်ရပ်ပြီး သဘာဝကျတာ တွေ့ရပါတယ်။ ရိုက်ချက်တွေကလည်း သွက်လက်ပြီး သွားနေတဲ့ Theme ကနေ ချော်ထွက်မသွားအောင် သေသေသပ်သပ် ရိုက်သွားတာလေးတွေ သဘောကျမိတယ်။ ဇာတ်လမ်းပုံစံကတော့ အနောက်တိုင်း အပျော်ဖတ် အက်ရှင်ကားဆန်ပေမယ့် ဂျက်ကီချန်း ပါလာတာရယ်၊ မိဘမေတ္တာပုံစံ ထည့်လိုက်တာရယ်က အများကြီးပို လေးနက်သွားစေတယ်။ သားသမီးအတွက် လက်စားချေချင်စိတ်နဲ့ တစ်ချိန်က အထူးတပ်ဖွဲ့ရဲ့ အဆိပ်အပြင်းဆုံး တပ်သားကြီးက တစ်နိုင်ငံလုံးမှာ အာဏာအမြင့်ဆုံးလူတွေကို တစ်ယောက်တည်းခံချ ကာ တည်တည်ငြိမ်ငြိမ် အကွက်ကျကျ လှုပ်ရှားသွားတာတွေလည်း ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်မယ့် အချက်တွေထဲက တစ်ခု ဖြစ်ပါလိမ့်မယ်။

ပြောရရင် ပုံမှန် ဂျက်ကီချန်းရဲ့ အက်ရှင် အခန်းတွေကိုလည်း မြင်ရမယ်၊ အနောက်တိုင်းဆန်တဲ့ အက်ရှင်ဇာတ်လမ်းကိုလဲ မြင်ရမယ့်အပြင် ဘဝမှာ မိသားစု ကို လုံးဝ ဆုံးရှုံးလိုက်ရတဲ့ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက် နာကျင်ရမှုတွေနဲ့ တန်ပြန် ကလဲ့စားချေတာတွေကို မြင်ရမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

The Foreigner ရုပ်ရှင်ကိုတော့ ဒါရိုက်တာ မာတင်ကမ့်ဘဲ (Martin Campbell) က ရိုက်ကူးထားပြီး ဒေးဗစ်မာကိုနီ (David Marconi) က ဇာတ်ညွှန်းရေးသားပေးထားပါတယ်။ ရုပ်ရှင်ရဲ့ ကြာချိန်ကတော့ ၁၁၃ မိနစ်ဖြစ်ပြီး ဒီရုပ်ရှင်ကိုရိုက်ကူးဖို့ အမေရိကန်ဒေါ်လာ ၃၅ မီလီယံ အသုံးပြုထားပါတယ်။ ဂျက်ကီချန်း နဲ့ ပီးယားစ်ဘရော့စ်နန် တို့ရဲ့ သရုပ်ဆောင်ကောင်းမွန်မှု တွေနဲ့အတူ The Foreigner က ကြည့်ရှုသူတွေကို ကျေနပ်စေလောက်မယ့် ရသတစ်ခုခု ပေးနိုင်မယ့် ရုပ်ရှင်ကား တစ်ကားဖြစ်မှာပါ။ ဒီရုပ်ရှင်ကိုတော့ မြန်မာနိုင်ငံမှာ ဒီနေ့ စတင် ရုံတင်ပြသမှာပဲ ဖြစ်ပါတယ်။
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top