အဆိုးဆုံးအရာတွေကို တွေးပူနေမယ့်အစား ကောင်းတဲ့အရာတွေနဲ့ ရှင်သန်ပါ

17-7-2020-yyl-017.jpg

တစ်ခါတုန်းက ပါမောက္ခတစ်ယောက်က သူ့ရဲ့ ကျောင်းသားတွေကို ရုတ်တရက်စာမေးပွဲ စစ်မယ်လို့ ပြောလိုက်ပါတယ်။ ကျောင်းသားတွေကလည်း သူတို့ဘာဖြေရမလဲဆိုတာ စိတ်ဝင်စားနေတာပေါ့။ ပါမောက္ခက မေးခွန်းစာရွက်တွေကို ဝေပြီး ဖြေစေတဲ့အခါ မေးခွန်းမှာ ဘာမေးခွန်းမှ ရေးမထားပါဘူးတဲ့။ မေးခွန်းမှာ ကျောင်းသားတွေ မြင်ရတာကတော့ စာရွယ်အလယ်မှာ ရေးထားတဲ့ အမည်းရောင် အစက်ကလေး တစ်စက်ပါပဲ။

ကျောင်းသားတွေအားလုံး စိတ်ညစ်သွားတာ မြင်တော့ ပါမောက္ခက “မင်းတို့ ဘာမြင်သလဲဆိုတာကိုရေးချလိုက်ပါ” လို့ခိုင်းလိုက်ပါတယ်။ ကျောင်းသားတွေကလည်း အမျိုးမျိုးတွေ ရေးကြတာပေါ့။ အတန်းချိန်ပြီးတဲ့အခါမှာတော့ ပါမောက္ခ က အဖြေစာရွက်တွေကို သိမ်းပြီး အဖြေတွေကို ဖတ်ပြပါတယ်။ ကျောင်းသားတွေက အလယ်က အမည်းစက်လေးနဲ့ ပတ်သက်တာကိုပဲ အမျိုးမျိုးဖြေထားကြပါတယ်။

အဖြေအားလုံးကို ဖတ်ပြလို့အပြီးမှာတော့ ပါမောက္ခက အခုလို ပြောပါတယ်။ “မင်းတို့ကိုငါက ဒီအဖြေတွေအတွက် အဆင့်သတ်မှတ်ပေးမှာတော့မဟုတ်ဘူး။ တကယ်တော့ ငါစဉ်းစားစေချင်တာက အမည်းစက်ကလေး မဟုတ်တဲ့ ကျန်တဲ့ အဖြူအရောင်အပိုင်းတွေကို စဉ်းစားစေချင်တာ ဖြစ်တယ်။ ဘဝမှာဆိုရင်လည်း အမည်းစက်လေးနဲ့ တူတဲ့ စိတ်ညစ်စရာ၊ မပျော်ရွှင်စရာ အပိုင်းသေးသေးလေး တစ်ခု အတွက် ကျန်တဲ့ ကောင်းမွန်တဲ့ အရာတွေ အများကြီးနဲ့ တူတဲ့ အဖြူရောင်အပိုင်းတွေကို ငါတို့ မေ့ထားတတ်ကြတယ်။ ဒီသဘောကို ငါက ပြောချင်တာ ဖြစ်တယ်လို့” သူက ပြောပြလိုက်ပါတယ်။

တကယ်တော့ အမည်းစက်ကလေး တစ်ခုလေးကိုပဲ အာရုံစိုက်နေတဲ့အတွက် ကျန်တဲ့ အဖြူထည်နေရာပတ်လည်က အရာတွေကို သတိလက်လွတ်ဆုံးရှုံးနေရတာပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ကိုယ်ပိုင်ဆိုင်ထားတဲ့ အဖြူရောင်နေရာတွေနဲ့ ယှဉ်လိုက်ရင် အမည်းရောင်အစက်ကလေးက တကယ်ကို သေးငယ်တဲ့ အရာပါ။ ဒါကြောင့် အမည်းရောင် အစက်ကလေးကို ကြည့်ပြီး အာရုံနောက်နေမယ့်အစား ဘဝကပေးထားတဲ့ အခြားသော ကောင်းမွန်တဲ့ အရာတွေကိုလည်း မြင်အောင်ကြည့်ဖို့လိုတယ်။ အကောင်းမြင်စိတ်နဲ့ တွေးပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် ရှင်သန်ဖို့ လိုတဲ့အကြောင်း ဆရာက ရှင်းပြလိုက်တာပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးကနေ တဆင့် ပြောပြချင်တာကတော့ ဘဝဆိုတာ အကောင်းနဲ့ အဆိုး ယှဉ်တွဲနေတဲ့ အိတ်တစ်လုံးလိုပါပဲ။ ကောင်းတဲ့ အရာရော မကောင်းတဲ့ အရာတွေပါ ရောနှောနေတာပါ။ ဒါပေမယ့် ကောင်းမွန်တဲ့ အရာတွေပေါ်မှာ ပိုပြီး အာရုံစိုက်ဖို့လိုပါတယ်။ အကောင်းမြင်စိတ်နဲ့ အသက်ရှင်ဖို့လည်းလိုပါတယ်။ ဘာပဲ ဖြစ်ဖြစ် အချိန်တန်ရင်တော့ အားလုံးက သူ့သဘောသူဆောင်သွားမှာမို့ မကောင်းမြင်စိတ်တွေထားတာမျိုးအပြင် အဆိုးဆုံးကိုပဲ တွေးပူနေတာမျိုးကိုလည်း လျှော့ဖို့ တိုက်တွန်းပါရစေ။

Ref: A Blank Question Paper

Jong Kin (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top