ဆန်းလှစွာသော သဘာဝအလှတရားများနှင့် နင့်ဘင်း (Ninh Binh)

02.jpg

ခရီးသွားဝါသနာပါသူ တော်တော်များများ ကရင်ပြည်နယ်က ဆဒ္ဒန်ဂူကို ရောက်ဖူးကြမယ်ထင်ပါတယ်။

မြစ်ကြောတလျှောက် လှေစီးရင်း ရံဖန်ရံခါ ဘဘာဝထုံးကျောက်ဂူကြီးတွေထဲကို သမ္ဗာန်စီးရင်း ဖြတ်သန်းရတဲ့ အရသာက ဘာနဲ့မှ မတူနိုင်ပါဘူး။ သင်ဟာ ဆဒ္ဒန်ဂူခရီးမျိုး နှစ်သက်တဲ့သူဆိုရင်တော့ နင့်ဘင်းကို မဖြစ်မနေ သွားရောက်သင့်ပါတယ်။ နင့်ဘင်းမြို့က ဗီယက်နမ်နိုင်ငံ မြောက်ဘက်ခြမ်းမှာ တည်ရှိပြီး ကမ္ဘာလှည့်ခရီးသွားတွေကို အလွန်အမင်း ဆွဲဆောင်နိုင်စွမ်းရှိတဲ့ မြို့တစ်မြို့ပါ။

နင့်ဘင်းကို ရောက်ဖြစ်မယ်ဆိုရင် Bai Dinh တောင်ပေါ်ဘုရားကျောင်း နဲ့ Trang An ဘက်ကို မဖြစ်မနေ သွားစေချင်ပါတယ်။ စာရေးသူကတော့ #VietnamAirlines လေကြောင်းလိုင်းရဲ့ ဟနွိုင်း-နင့်ဘင်း-ဟလောင်း ၅ညအိပ် ၆ရက်ခရီးစဉ်နဲ့ သွားရောက်ဖြစ်ခဲ့သည်။

Bai Dinh တောင်ပေါ်ဘုရားကျောင်းရဲ့ အကျယ်အဝန်းက စုစုပေါင်း ၅၃၉ဟက်တာ ရှိပြီး အလွန်အမင်း ကျယ်ပြန့်သာယာလှပါတယ်။ ရှေးဦးစွာ တောင်ခြေကို မိမိအစီအစဉ်နဲ့ အရင်လာရပါမယ်။ ပြီးရင် တောင်တက်ယဉ်စခန်းမှာ ကားလက်မှတ် ဝယ်ယူပြီး တောင်တက်ကားလေးကို ဆယ်မိနစ်လောက် စီးရပါမယ်။ တောင်တက်ကားစခန်းအဆုံးကစပြီး ခြေကျင်တောင်တက်ရမှာ ဖြစ်ပါတယ်။ ရေသန့်ဗူးတစ်ဗူးကိုတော့ မဖြစ်မနေသာ သယ်သွားပါတော့။ လှေခါးထစ်တွေက ပြေပြေပြစ်ပြစ် ကျယ်ကျယ်ဝန်းဝန်းရှိပြီး ဘေးဘီဝဲယာမှာ အစိမ်းရောင်သစ်ပင်တွေနဲ့ စိမ်းစိုလှပ၍ နွမ်းနယ်မှုကို သက်သာစေမှာပါ။

တောင်ခြေကနေ တောင်ပေါ်အထိ စောင်းတန်းရဲ့ ညာဘက်ခြမ်းတလျောက် အင်မတန် များပြားလှတဲ့ ဗုဒ္ဓဆင်းတုတော်တွေ၊ ရဟန်းဆင်းတုတော် ၅၀ဝဆူကို ကြည်ညိုဖွယ်ရာ ဖူးမြင်နိုင်ပါတယ်။ တောင်ပေါ်လမ်းက ဘုရားကျောင်းတွေမှာ ခရီးတထောက်နားလိုက် အမောပြေရင် တောင်ပေါ်ထပ်တက်လိုက်နဲ့ အဆင်ပြေလှပါတယ်။ တောင်ပေါ်က ဘုရားကျောင်းတွေထဲကမှ Phap Chu ဘုရားကျောင်းက အကျော်ကြားဆုံးပါ။ Phap Chu ဘုရားကျောင်းက ၂၂မီတာမြင့်ပြီး အပိုင်း၅ပိုင်း တည်ဆောက်ထားပါတယ်။

အလယ်ဘုရားကျောင်းဆောင်မှာ ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံး ဗုဒ္ဓဆင်းတုတော်တစ်ဆူ သီတင်းသုံးဆောင်ပါတယ်။ ဆင်းတုတော်က ၁ဝမီတာမြင့်မားပြီး တန်၁၀၀ လေးပါတယ်။ ဆင်းတုတော် ထုလုပ်ဖို့အတွက် ရရှားကနေ ကြေးနီတွေကို ဝယ်ယူခဲ့ရတာပါ။

တောင်ထိပ်ကိုရောက်လို့ တွေ့ရမယ့် ရှုခင်းက တောင်တက်ရလို့ ကျခဲ့တဲ့ ချွေးစက်တွေထက် ပိုမိုတန်ဖိုးကြီးတယ်ဆိုတာကို သင်လက်တွေ့ခံစားရမှာပါ။ ကင်မရာက ကားပေါ်မှာ ကျန်ခဲ့လို့ ဖုန်းကင်မရာနဲ့ပဲ ဓာတ်ပုံရိုက်ယူနိုင်ခဲ့တယ်။ အပြင်လက်တွေ့ရှုခင်းက ပုံထက်သာ,သာကိုတော့ အာမခံရဲပါတယ်။

နင့်ဘင်းမှာ သဘာဝရှုခင်းတွေကို အကျအန ခံစားပြီးပြီဆိုရင်တော့ နေ့လည်စာစားသုံးပြီး Trang An ဘက်ကို ဆက်လက်ထွက်ခွါခဲ့ပါတယ်။ Trang An ကိုတော့ သဘာဝအလှတရားတွေ သီးပွင့်နေတဲ့ ပဒေသာပင်လို့ပဲ တင်စားချင်တော့တာပါပဲ။ သမ္ဗာန်ဆိပ်ကို သွားရမယ့် ဂိတ်ရဲ့ အရှေ့ဘက်မှာ Hoa Lu လမ်းတံတားတစ်ခုရှိတယ်။ ဂိတ်ကနေ ဝင်သွားရင် ရှေးဦးစွာ King Dinh Tien Hoang ဘုရားကျောင်းကို အရင် ဖြတ်ရပါမယ်။ ဆက်လက်သွားရင် သမ္ဗာန်ဂိတ်ကို ရောက်ပါပြီ။ သမ္ဗာန်စီးဖို့ လက်မှတ်ဝယ်ပြီးရင်တော့ လှေဆိပ်ကို ဆင်းလို့ရပါပြီ။ သမ္ဗာန်ပေါ်မှာ အသက်ကယ်အကျီၤ ထားပေးထားပါတယ်။

ခရီးသည်တိုင်းက မဖြစ်မနေ သက်ကယ်အကျီၤ ဝတ်ဆင်ရပါသည်။ Ngo Dong မြစ်ရေသည် အင်မတန် ကြင်လင်လှပြီး အမှိုက်စ တစ်စတလေတောင် မတွေ့ခဲ့ရပါဘူး။

မြစ်ရေအောက်က ရေမှော်ပင်များကိုလည်း အတိုင်းသား မြင်နေရတော့တာပါပဲ။

မြစ်ဘေးအချို့နေရာတွေမှာ အနီရောင်အဆင်းရှိတဲ့ ကြာပန်းပင်တွေ၊ မြစ်ကြောတလျောက် ကူးခတ်နေတဲ့ ဘဲခေါင်းနီ နှင့် ရွှေငါးလေးတွေ၊ ပတ်ပတ်လည်မှာ စိမ်းစိမ်းစိုစို သစ်ပင်လေးတွေ ပေါက်ရောက်ရှင်သန်နေတဲ့ ကျောက်တောင်ကြီးတွေ၊ တောင်ခြေမှာ ရေလာသောက်ရင်း ရွက်နုလေးတွေ စားနေတဲ့ တောင်ဆိတ်ထွှားထွှားတွေနဲ့ အင်မတန်မှ သာယာလွန်းပါတယ်။ ရံဖန်ရံခါ ငှက်ကလေးတွေ တေးသီကြူးသံကိုလည်း ကြားရပါသေးတယ်။

မြစ်ရေပြင်မှာ ထိုးထိုးထောင်ထောင် ထွက်နေတဲ့ ကျောက်တောင်ကြီး အချို့ရဲ့ အောက်ခြေမှာ ရှည်လျားလှတဲ့ လိုဏ်ဂူတွေ ရှိနေပါသေးတယ်။

မြစ်ရေမတက်သေးတဲ့အတွက် Sang၊ Toi၊ Ba Giot၊ Nau Ruou အစရှိတဲ့ နာမည်ကြီးဂူတို့အပြင် လိုဏ်ဂူပေါင်းများစွာကို သမ္ဗာန်နဲ့ ဝင်ရောက် ဖြတ်သန်းနိုင်ပါသေးသည်။ မြစ်ရေကျချိန်ဆိုရင်တော့ လှေစီးချိန်း ၂နာရီခွဲ သုံးနာရီနီးနီးလောက် ကြာပါလိမ့်မယ်။ ရေတက်ချိန်ဆိုရင်တော့ အချို့ဂူတွေက မြစ်ရေတွေနဲ့ ပိတ်ဆို့သွားပြီဖြစ်လို့ ဝင်လို့ရမှာ မဟုတ်တော့တဲ့အတွက် ၁နာရီသာသာလောက်ပဲ ကြာမြင့်မှာပါ။ စာရေးသူကတော့ ကြာလေကြိုက်လေပါတယ်။

မြစ်ရေက အနည်းငယ်တက်နေတဲ့အတွက် အချို့ဂူတွေကို ဖြတ်သန်းတဲ့အခါ လှေဝမ်းထဲ ထိုင်ချရပြီး ဦးခေါင်းကိုပါ ဝပ်ထားရပါသေးသည်။ ဂူက ရှည်လျားတဲ့အတွက် ဂူထဲကို သဘာဝအလင်း မဝင်ရောက်နိုင်တော့ပါဘူး။ သို့ပေမယ့် ဂူတိုင်းရဲ့မျက်နှာကျက်တလျောက်မှာ မီးလုံးလေးတွေ တပ်ဆင်ထားတဲ့အတွက် ကျောက်စက်ပန်းဆွဲတွေအလှကို အပြည့်အဝ ရှုစားခွင့် ရခဲ့ပါတယ်။

သမ္ဗာန်တစ်စီးစာသာ ကျယ်ပြီး ရှည်လျားတဲ့ ဂူတွေကို ဖြတ်သန်းရတဲ့အခါတိုင်း စိတ်လှုပ်ရှားရပါသေးသည်။

အချို့ဂူတွေထဲမှာ မြေအိုးတွေ တစ်စုတဝေးကြီး ထားထားတာကို တွေ့ခဲ့ရသေးသည်။

သမ္ဗာန်လေးက တငြိမ့်ငြိမ့်၊ လေးလေကတဖြူးဖြူး၊ ငှက်တေးသံလေးတွေက သာသာယာယာ၊ ရှုခင်းတွေက တမျှော်တခေါ်နဲ့ ယခုလောက် သာယာအေးချမ်းတဲ့ ခံစားချက်မျိုးကို ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး။

ဒါ့ကြောင့်လဲ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဒေသအဖြစ် ယူနက်စကိုက ၂၀၁၄၊ ဇူလ၊ ၂၃ရက်နေ့မှာ သတ်မှတ်ပြီး သဘာဝအလှတရားတွေ မပျောက်ပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်ခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။ နောက်ထပ်သတင်းထူးကတော့ ၂၀၁၇မှာ ထွက်ရှိမယ့် ဟောလီဝုဒ်ရဲ့ King Kong II ရုပ်ရှင်ဇာတ်လမ်းဇာတ်ကွက် တော်တော်များများကို Quang Binh၊ နင့်ဘင်း နဲ့ ဟလောင်းတို့မှာ လာရောက်ရိုက်ကူးထားပါတယ်။

အစက မိုးတွင်းကြီးဖြစ်နေတော့ လေယာဉ်စီးဖို့ စိုးရိမ်ပြီး ခရီးထွက်ဖို့ ချီတုံချတုံ ဖြစ်ရပါသေးတယ်။ #VietnamAirlines က ၂၀၁၆၊ ဇူလိုင်လလောက်က ကြယ်လေးပွင့်အဆင့် တိုးမြှင့်သတ်မှတ်ခံရတဲ့အတွက်ကော၊ လေကြောင်းခရီးလုံခြုံစိတ်ချရတယ်လို့ အပေါင်းအသင်းတွေက ပြောကြတဲ့အတွက်ကော မိုးတွင်းကြီး ဖြစ်ပေမယ့်လို့ ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ရှုခင်းတွေက အရမ်းလှလို့ တကယ်တမ်းမှာလည်း ခရီးထွက်ခဲ့ရကျိုးနပ်ခဲ့ပါတယ်။ နင့်ဘင်းရဲ့ အလှတရားတွေကို ရိုးရာလေးပရိတ်သတ်တွေ နှစ်သက်မယ်လို့ မျှော်လင့်မိပါသည်။ ဗီယက်နမ်မှာ စက်တင်ဘာနှောင်းပိုင်း လတွေကတော့ အလှဆုံးအချိန်ပဲလို့ သိရပါသည်။

Sponsored by: #VietnamAirlines

ချမ်းမြေ့ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top