ONE: DESTINY OF CHAMPIONS ပြိုင်ပွဲကြီးတွင် ပရိသတ်များ နှစ်ခြိုက်သဘောကျမည့် တွဲဆိုင်း ၅ ခု

One-Logo.png

ဒီဇင်ဘာလ ၇ ရက် သောကြာနေ့ညတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်မည့် ONE: DESTINY OF CHAMPIONS ပြိုင်ပွဲကြီးအတွက် စိတ်ဝင်စားဖွယ်တွဲဆိုင်းများ စီစဉ်ထားသည်။ ထိုပွဲစဉ်အများစုသည် အမှတ်ရဖွယ်ပွဲစဉ်များဖြစ်လာနိုင်သော်လည်း ကြည့်ရှုသူ ပရိတ်သတ်များ နှစ်သက်မည်မှာသေချာသောပြိုင်ပွဲ ၅ ခု ရှိနေပါသည်။

Jomary Torres vs. Mei Yamaguchi

Yamaguchi သည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားတွင် အတွေ့အကြုံအလွန်များသော အားကစားသမားတစ်ဦးဖြစ်သည်။ ၎င်း၏ အားကစားသက်တမ်းတစ်လျှောက်တွင် အက်တမ်ဝိတ်တန်းချန်ပီယံ Angela Lee နှင့် ယှဉ်ပြိုင်ရသော ခက်ခဲကြမ်းတမ်းပြင်းထန်သည့်ပြိုင်ပွဲ ၂ ခု အပါအဝင် ပရော်ဖက်ရှင်နယ် ပြိုင်ပွဲပေါင်း ၂၉ ခုကို ယှဉ်ပြိုင်ခဲ့သည်။ ၎င်းသည် ကြံ့ခိုင်တောင့်တင်းပြီး ပါးနပ်သောကြောင့် ရင်ဆိုင်ရန်ခက်ခဲသော ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည်။ ၎င်း၏ ကစားကွက်များကြောင့် ပျင်းချိန်မရှိသော ပွဲစဉ်တစ်ခုဖြစ်လာမည်မှာ အသေအချာပင်ဖြစ်သည်။

ONE: DESTINY OF CHAMPIONS ပြိုင်ပွဲတွင် ၎င်းနှင့်တန်တူအရည်အချင်းရှိသော ပြိုင်ဘက်ကောင်းတစ်ဦးရှိသင့်သည်။ ဖိလစ်ပိုင်နိုင်ငံသူ Torres သည် အတွေ့အကြုံပိုင်းတွင် အားနည်းနေသေးသော်လည်း အောင်မြင်မှုရယူရန် တွန့်ဆုတ်နေမည့်သူမျိုး မဟုတ်ပေ။ ၎င်း၏ အားကစားသက်တမ်းစတင်ခဲ့ချိန်မှစ၍ စက်တင်ဘာလက ကျင်းပခဲ့သည့် ONE: CONQUEST OF HEROES ပြိုင်ပွဲတွင် Priscilla Hertati Lumban Gaol ကို ဒိုင် ၃ ဦးဆုံးဖြတ်ချက်နှင့် ရှုံးနိမ့်ခဲ့ရခြင်းမတိုင်မီအထိ ပြိုင်ပွဲမှတ်တမ်း (၄-၀) ကို ပိုင်ဆိုင်ထားသူဖြစ်သည်။

အက်တမ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ထားဆဲဖြစ်သော Lee သည် အနာဂတ်တွင် စတောဝိတ်တန်းသို့ တက်လှမ်းနိုင်ဖွယ်ရှိနေသည်။ အရှိန်အဟုန်နှင့်အောင်မြင်လာသော ချန်ပီယံ Lee သည် ဝိတ်တန်းနောက်တစ်ဆင့်တက်လှမ်းနိုင်ရန် ပြင်ဆင်နေချိန်တွင် အက်တမ်ဝိတ်တန်းတွင်ကျန်ရှိသော ပြိုင်ပွဲဝင်များက ၎င်း၏ ချန်ပီယံနေရာကို ရယူပိုင်ဆိုင်ရန် အကြိတ်အနယ် ကြိုးစားကြရမည်ဖြစ်သည်။

Yamaguchi သည် ချန်ပီယံဖြစ်လာရန် ရည်ရွယ်ချက်ကို စွန့်လွှတ်မည်မဟုတ်သကဲ့သို့ Torres သည်လည်း အနိုင်မခံအရှုံးမပေးစိတ်ဓါတ်ရှိသော ခြင်္သေ့မလေးဖြစ်သည်။ ဤပွဲတွင် တက်သစ်စ လူငယ်အားကစားသမားတစ်ဦးနှင့် ပြိုင်ပွဲအတွေ့အကြုံများ၍ ချန်ပီယံခါးပတ်စိန်ခေါ်သူအဖြစ်ရှိနေရန် ကြိုးစားနေသောကစားသမားတို့တွေ့ဆုံကြမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားဖွယ်ကောင်းမည့်ပြိုင်ပွဲတစ်ခုဖြစ်သည်။

Vitaly Bigdash vs. Yuki Niimura

ONE မစ်ဒယ်ဝိတ်ချန်ပီယံဟောင်းဖြစ်သူ Bigdash သည် အားကစားလောကတွင် ကျော်ကြားနေဆဲပင်ဖြစ်သည်။ ၎င်း၏ ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားသက်တမ်းတစ်လျှောက် မကြုံစဖူးဆုံးရှုံးနိမ့်မှုနှင့်ကြုံတွေ့ရသော ပြိုင်ပွဲ ၂ ပွဲအပြီးတွင် ကြိုးဝိုင်းတွင်းသို့ ပထမဆုံးပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။ Bigdash သည် ONE တွင် အောင်မြင်မှုများ ပြန်လည်ရယူရန် ရည်ရွယ်ထားသော်လည်း ထိုပန်းတိုင်သို့နောက်တစ်ကြိမ် ထပ်မံတက်လှမ်းရန် ၎င်းသည် Niimura ထက်သာလွန်ကြောင်းကို သက်သေပြရန်လိုအပ်သည်။

၃၆ နှစ်အရွယ် ဂျပန်န်ိုင်ငံ Saitama မြို့သား Niimura သည် ၎င်းပွဲဦးထွက်ပြိုင်ပွဲကို ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ Pancrase နှင့် အကောင်းဆုံးယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးသည့်နောက် Niimura သည် Bigdash နှင့် ယှဉ်ပြိုင်ရန် ရင့်ကျက်သော ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်လာခဲ့သည်။ Bigdash သည် မစ်ဒယ်ဝိတ်တန်း၏ ထိပ်တန်းအဆင့်သို့ ပြန်လည်တက်ရောက်နိုင်မည်လားဆိုသည်ကို ကိုယ်ခံပညာသိုင်းပေါင်းစုံအသိုင်းအဝိုင်းကစာင့်ကြည့်လျက်ရှိသည်။

Jihin Radzuan vs. Jenny Huang

Radzuan သည် အလားအလာအကောင်းဆုံးလူငယ်အားကစားသမားတစ်ဦးဖြစ်သည်။ မလေးရှားနိုင်ငံသူ အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်သည့် Radzuan သည် ကစားပွဲမှတ်တမ်း (၃-၀) ရရှိထားသူဖြစ်သည်။ ထိုပွဲစဉ်များထဲမှ ၂ ပွဲကို ပွဲသိမ်းတိုက်ကွက်နှင့် အနိုင်ရရှိထားခြင်းဖြစ်သည်။

Radzuan သည် အောင်မြင်သောအားကစားသမားဘဝရရှိရန် ဆန္ဒစောနေသည့် Huang နှင့် ကြိုးဝိုင်းအတွင်းတွင် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ Huang သည် ONE အက်တမ်ဝိတ်တန်းရှိ အကောင်းဆုံးကစားသမားများနှင့် ယှဉ်ပြိုင်ခဲ့ကာ ၎င်း၏ နောက်ဆုံးပွဲစဉ် ၃ ခု လုံးတွင် ရှုံးနိမ့်ခဲ့ရသည်။ ၎င်းသည် လေးပွဲဆက်တိုက်ရှုံးနိမ့်မှုကိုမကြုံရရန် အပြင်းအထန်ကြိုးစားလျက်ရှိသည်။ တိုက်ခိုက်နိုင်စွမ်းရည်နှင့်ပတ်သက်၍ သုံးသပ်ရလျှင် အမျိုးသမီးနှစ်ဦးလုံးသည် အန္တရာယ်ကြီးသော ပြိုင်ဘက်များဖြစ်ကြသည်။

Agilan Thani vs. Kiamrian Abbasov

ငယ်ရွယ်ထူးချွန်၍အလားအလာရှိသော တက်သစ်စ မလေးရှား အားကစားသမားများထဲတွင် Thani သည် အထင်ရှားဆုံး အားကစားသမားတစ်ဦးဟု ဆိုရပေမည်။ အသက် ၂၃ နှစ်အရွယ်သာရှိသေးသော Thani သည် ပြိုင်ပွဲမှတ်တမ်း (၉-၂) ကို ရရှိထားသူဖြစ်သည်။ ၎င်း၏ ရှုံးပွဲများသည် ဝယ်သာဝိတ်လက်ရှိချန်ပီယံ သို့မဟုတ် ချန်ပီယံဟောင်းများနှင့်ယှဉ်ပြိုင်၍ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ငယ်ရွယ်သောအသက်အရွယ်တွင်ပင် Thani ၏ အနာဂတ်နေ့ရက်များသည် တောက်ပလျက်ရှိသည်ဟု ယုံကြည်ရသည်။ အနာဂတ်တွင် Thani သည် ONE ၌ ချန်ပီယံဖြစ်လာနိုင်ချေရှိနေသော်လည်း အသက် ၂၅ နှစ်သာရှိသေးသော ပြိုင်ဘက် Abbasov သည် စိုးရိမ်မှုမရှိပေ။ Kyrgyzstan နိုင်ငံသားဖြစ်သူ လက်သီးပြင်းသော Abbasov သည် ONE Champinship တွင်ယှဉ်ပြိုင်သော ၎င်း၏ ဒုတိယပွဲစဉ်တွင် မှတ်တမ်းကောင်းထင်ကျန်ခဲ့စေရန် မျှော်လင့်လျက်ရှိသည်။

Yodsanklai Iwe Fairtex vs. Luis Regis

အဓိကတွဲဆိုင်းတွင် ထင်ရှားကျော်ကြား၍ ပညာစုံလင်သော ထိုင်းနိုင်ငံသား မွေထိုင်းကစားသမား Yodsanklai သည် ဩစတြေးလျနိုင်ငံသား Luis Regisင့် ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ Yodsanklai သည် မွေထိုင်းပညာရပ်တွင် ကျွမ်းကျင်ပိုင်နိုင်မှုများကြောင့် The Boxing Computer ဟူသော နာမည်ပြောင်ကို ရရှိထားသည်။ ၎င်း၏ ONE ပွဲဦးထွက်ပြိုင်ပွဲတွင် ပွဲသိမ်းတိုက်ကွက်နှင့် အနိုင်ရရယူနိုင်ခြင်းမရှိခဲ့သော်လည်း ဒုတိယမြောက်ပွဲစဉ်ဖြစ်သော ဤပွဲတွင် Regis ကို ပွဲသိမ်းအနိုင်ယူမည်ဟု ကြွေးကြော်ထားသည်။

Yodsanklai သည် ယုံကြည်မှုထက်သန်၍ အောင်မြင်မှုများ ရှိထားသူဖြစ်သော်လည်း Regis သည် လွယ်လွယ်နှင့်အနိုင်ယူနိုင်သော ပြိုင်ဘက်မျိုးမဟုတ်ပေ။ ၎င်းသည် World Fight အဖွဲ့အစည်း၏ ကမ္ဘာ့ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး အားကစားရုံတစ်ခုကို တည်ထောင်ထားသူလည်းဖြစ်သည်။ Regis အနေဖြင့် မိမိရရှိခဲ့သောပြိုင်ပွဲအတွေ့အကြုံများနှင့် ပြိုင်ဘက်အကြောင်းလေ့လာထားချက်များကို အသုံးပြုကာ အန္တရာယ်များ၍ စိတ်ဓါတ်ပြင်းထန်သော Yod ကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားသင့်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top