အမြဲတမ်း အတွေးလွန်နေတတ်သူ တွေမှာသာ ရှိနေတတ်တဲ့ လက္ခဏာတွေ

i-have-to-think-it-over-LZ8CWCD.jpg

အတွေးလွန်တတ်သူလို့ ကိုယ့်ကိုယ်ကိုယ် ခံစားနေရပြီလား။ ကိစ္စတိုင်း၊ ပြဿနာတိုင်းကို (၂၄) နာရီနဲ့ (၇) ရက်လုံး ခေါင်းထဲထည့်ထားပြီး အသေးစိတ် လိုက်လံတွေးနေတတ်သူလား။ ကိုယ်တိုင်ဒီလိုခံစားနေရပြီဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်လိုက်ပါ။

၁။ စိတ်ထဲမှာ အမြဲတမ်း တိုက်ပွဲတွေ ဖြစ်နေတယ်

ဦးနှောက်ထဲ အကြောင်းအရာတစ်ခုဝင်လာပြီ၊ အတွေးတစ်ခုဝင်လာပြီဆိုတာနဲ့ တခြားအရာတွေကို ဆက်စပ်တွေးတော့တာပါပဲ။ ဝမ်းနည်းလိုက်၊ ပျော်လိုက်၊ စိတ်ဓာတ်ကျလိုက်၊ စိတ်ကျေနပ်လိုက်ဆိုတာတွေက တစ်ချိန်တည်းမှာ ဖြစ်နေပါတယ်။ ဘာလို့စိတ်ခံစားချက်တစ်ခုတည်းမရှိဘဲ စုံရှိနေရလဲဆိုတာကိုလည်း သင်အဖြေရှာလို့မပါဘူး။

၂။ အဖြေရှာနေတယ်

အကြောင်းအရာတိုင်းမှာ မှန်တာနဲ့ မှားတာ၊ ဟုတ်တာနဲ့ မဟုတ်တာ ဒီနှစ်မျိုးပဲရှိပါတယ်။ သင်ကတော့ ပြဿနာတစ်ခုဖြစ်ပြီဆိုတာနဲ့ အဖြေကိုလက်မခံဘဲ ဘာကြောင့်ဆိုတာကို ထပ်အဖြေရှာနေပါတယ်။ ပြဿနာတိုင်းမှာ ဖုံးကွယ်ထားတာရှိနေရမယ်လို့ သင်ထင်နေတာပါ။

ဥပမာ ကိုယ့်ချစ်သူကချိန်းထားတဲ့ဆီ မရောက်လာနိုင်တော့ဘူးဆို အိမ်နဲ့ပြဿနာဖြစ်လို့လား။ ငါ့ကိုထားပြီး နောက်တစ်ယောက်များ ချစ်သွားပြီလား။ ဘယ်သူနဲ့ သွားတွေ့တာလဲ စသဖြင့် အစုံလိုက်တွေးတော့တာပါပဲ။ ဒီအရာက သင့်စိတ်ကို ပင်ပန်းရှုပ်ထွေးလာစေပါတယ်။

၃။ ဘာလို့ block ခံလိုက်ရလဲ အရမ်းသိချင်နေတယ်

Facebook က သူငယ်ချင်းတစ်ယောက်ယောက်က သင့်ကို block သွားတယ်။ unfriend လုပ်သွားတယ်ဆိုရင် ဘာကြောင့်လုပ်သွားတယ်ဆိုတဲ့ အဖြေကို သင် မရမကစဉ်းစားနေပါတယ်။ သူတို့ဘက်ကလည်း အကောင့်ပျက်သွားတာ၊ deactivate လုပ်ထားတာမျိုးတွေ ရှိကောင်း ရှိနိုင်တာပဲလေ။ သင်ကတော့ အဲဒါတွေကိုကျော်လွန်ပြီး ဘာကြောင့်လုပ်သွားတယ်ဆိုတဲ့အဖြေကို ခဲရာခဲဆစ် စဉ်းစားနေပါတယ်။

ဒီနေရာမှာ တစ်ခုပြောချင်တာက သင့်ကိုမျက်စိနောက်စေတဲ့၊ အာရုံနောက်စေတဲ့ သူမျိုးကိုဆို unfollow သာလုပ်ထားလိုက်ပါ။ မိတ်လည်းမပျက်၊ သင်လည်း စိတ်မရှပ်ရတော့ဘူးပေါ့။

၄။ ရှပ်ထွေးလာတယ်

ဒါက အတွေးလွန်တဲ့သူတွေမှာ ဖြစ်နေကျပါ။ ဘယ်တော့မှ အကြောင်းအရာတစ်ခုကို ရိုးရိုးလေးမတွေးဘဲ တစ်ခါပြန်စဉ်းစား၊ တွေးခေါ်နေတာမျိုးပါ။ ဘဝဆိုတာ အရမ်းမရိုးရှင်းလောက်ဘူးဆိုတဲ့ အတွေးက သင့်ရဲ့ခေါင်းထဲ အနည်ထိုင်နေပါပြီ။ ဒါကြောင့်လည်း အကြောင်းအရာတိုင်းကို ရှပ်ထွေးအောင်လုပ်ပြီး အဖြေရှာနေတာပါ။

၅။ စကားနည်းတာကို မုန်းတယ်

စကားနည်းတာကို သင်မကြိုက်ပါဘူး။ ထမင်းစာပြီးပြီလား။ ဒီနေ့ရာသီဥတုက ဘယ်လိုလဲဆိုတာမျိုးတွေကို သင်စိတ်မဝင်စားပါဘူး။ ဘဝအကြောင်း၊ လူတွေအကြောင်းနဲ့ တစ်နေ့တာ ဖြတ်သန်းနေထိုင်ပုံတွေကိုသာ သင်စိတ်ဝင်တစားနဲ့ ဆွေးနွေးချင်ပါတယ်။ အဲဒီလိုတွေနားထောင်လိုက်၊ တွေးလိုက်၊ ငြင်းခုံလိုက်သံသရာတွေထဲမှာကို သင်က ကျင့်သားရမှန်းမသိ ရနေပါပြီ။

နောက်ဆုံးအနေနဲ့ လေးလေးနက်နက်ပြောချင်တာက ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်ရဲ့အတွေးတွေကို မလွှမ်းမိုးပါစေနဲ့။ ဒီအရာက ကောင်းတဲ့ဘက်ကလည်းရှိနိုင်သလို၊ ဆိုးတဲ့ဘက်ကလည်း ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရိုးရှင်းတဲ့ကိစ္စတွေကို ရှပ်ထွေးအောင် မလုပ်ပါနဲ့။ မလိုလားအပ်တဲ့ ငြင်းခုံမှုတွေနဲ့ နာကျင်စရာတွေကို ဖြစ်လာစေပါတယ်။ နေရတဲ့ဘဝတိုတိုလေးမှာ ခန္ဓာကိုရော စိတ်ကိုရော အတတ်နိုင်ဆုံး အေးချမ်း၊ ပျော်ရွှင်အောင်ထားပြီး ဘဝကိုပေါ့ပေါ့ပါးပါး ဖြတ်သန်းလိုက်ပါလို့ အကြံပြုချင်ပါတယ်။

Ref : thedailynet “9 things that happen to you if you are used to overthinking”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top