၂၀၁၇ ခုနှစ်အတွင်းမှာ ကြွေလွင့်သွားခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်များ

h-1.jpg

ဆယ်လီတွေ တော်တော်များများ ဆုံးပါးခဲ့ကြတဲ့ ၂၀၁၇ ခုနှစ်ကိုတော့ ဝမ်းနည်းကြေကွဲဖွယ်ရာ နှစ်တစ်နှစ်အဖြစ် မှတ်ယူရမှာပါပဲ။ ၂၀၁၇ ခုနှစ်မှာ ကျွန်တော်တို့ ချစ်ခင်နှစ်သက်ရတဲ့ တွမ် ပက်တီ (Tom Petty) နဲ့ ချက်စတာ (Chester) တို့အပြင် အခြားသော ကမ္ဘာကျော်အဆိုတော်တွေကို မယုံနိုင်စရာကောင်းလောက်အောင် ဆုံးရှုံးခဲ့ရပါတယ်။ နောက်ထပ် ဟောလီဝုဒ်ရဲ့ အိုင်ကွန်အနုပညာရှင်တချို့ကလည်း ကျွန်တော်တို့ကို ထားရစ်ခဲ့ကြပါတယ်။ ဒွန် ရစ်က်လက်စ် (Don Rickles) နဲ့ မယ်ရီ တေလာမိုးရ် (Mary Tyler Moore) တို့လို ဆယ်စုနှစ်များစွာ TV ဖန်သားပြင်ပေါ် ရင်းနှီးခဲ့ရတဲ့ ကမ္ဘာကျော်တွေကိုလည်း ၂၀၁၇ နှစ်မှာပဲ ဝမ်းနည်းကြေကွဲဖွယ် ဆုံးရှုံးခဲ့ရပါသေးတယ်။

အဲ့ဒီအပြင် မီဒီယာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကြတဲ့ Playboy မဂ္ဂဇင်းစတင်တည်ထောင်သူ ဟုခ်ျ ဟပ်ဖ်နာ (Hugh Hefner) က ၂၀၁၇ ခုနှစ် ဆောင်းဦးမှာ ကွယ်လွန်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဂျူလိုင်လထဲ Fox News ရဲ့ CEO အဖြစ်မှအနားယူခဲ့သူ ရော်ဂျာ အိုင်းလက်စ် (Roger Alies) ကတော့ ၂၀၁၇ ခုနှစ် မေလမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဒီလိုဆို ၂၀၁၇ ခုနှစ်မှာ ကြွေလွင့်ခဲ့ကြတဲ့ အနုပညာရှင်တွေထဲ ကျွန်တော်တို့ချစ်ခင်နှစ်သက်ရတဲ့ star တွေ ဘယ်နှစ်ယောက်များပါနေမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ…

၁။ ဟုခ်ျ ဟပ်ဖ်နာ (Hugh Hefner)

အသက် (၉၁) နှစ်ရှိပြီဖြစ်တဲ့ Playboy မဂ္ဂဇင်းစတင်တည်ထောင်သူ ဟုခ်ျ ဟပ်ဖ်နာ (Hugh Hefner) ဟာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ၊ ၂၇ ရက်နေ့မှာ ၎င်းရဲ့နေ့အိမ်ဖြစ်တဲ့ Playboy Mansion အိမ်ကြီးမှာပဲ နာမကျန်းဖြစ်ပြီး သေဆုံးခဲ့ရပါတယ်။

၂။ ချက်စတာ ဘန်နင်တန် (Chester Bennington)

အသက် (၄၁) နှစ် အရွယ် Linkin Park ရဲ့အဆိုတော် ချက်စတာ ဘန်နင်တန် (Chester Bennington) ကတော့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

၃။ ဒေးဗစ် ကက်စီဒီ (David Cassidy)

နိုဝင်ဘာလ ၂၁ ရက်နေ့မှာတော့ ၇၀ ခုနှစ်များရဲ့ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ပြီး Patridge Family ရဲ့ စတားတစ်ဦးဖြစ်ခဲ့သူ ဒေးဗစ် ကက်စီဒီ (David Cassidy) ဟာ အသက် (၆၇) ခုနှစ်မှာ ကိုမာရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။

၄။ တွမ် ပက်တီ (Tom Petty)

‘American Girl’ နဲ့ ‘Free Fallin’ တို့ဖြင့် စတင်အောင်မြင်ခဲ့တဲ့ ချစ်စရာ ရော်ကာကြီး တွမ် ပက်တီ (Tom Petty) ကတော့ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ သူ့ရဲ့နာတာရှည်နှလုံးရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။ ရော်ကာကြီးကွယ်လွန်ချိန်မှာ အသက် (၆၆) နှစ်ရှိနေပြီဖြစ်ပါတယ်။

၅။ မယ်ရီ တေလာမိုးရ် (Mary Tyler Moore)

ဒဏ္ဍာရီတွင်ရလောက်အောင် အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးကြီး မယ်ရီ တေလာမိုးရ် (Mary Tyler Moore) ကတော့ သူမအသက် (၈၀) မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

၆။ ဂျွန် ဟာ့ဒ် (John Heard)

၂၀၁၇ ခုနှစ်၊ ဂျူလိုင်လ ၂၁ ရက်နေ့မှာတော့ Home Alone ရုပ်ရှင်ရဲ့ အဖေဇာတ်ကောင်သရုပ်ဆောင် ဂျွန် ဟာ့ဒ် (John Heard) ကြွေလွင့်ခဲ့ရပါတယ်။ သတင်းမီဒီယာတချို့မှာတော့ ဂျွန် ဟာ့ဒ် (John Heard) ကွယ်လွန်ချိန်မှာ အသက် (၇၁) နှစ်ရှိပြီးဖြစ်ကြောင်းဖော်ပြထားပေမယ့် တခြားသောမီဒီယာတွေကတော့ အသက် (၇၂) နှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

၇။ ဆမ် ရှိပ်ပါ့ဒ် (Sam Shepard)

ပူလစ်ဇာ (Pulitzer) ဆုကိုပြဇာတ်ရေးဆရာအနေနဲ့ရရှိခဲ့ပြီး အောင်စကာတန်းဝင်သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ ရှိပ်ပါ့ဒ် (Shepard) ဟာ ဦးနှောက်နဲ့ အာရုံကြောရောဂါဖြင့် ၂၀၁၇ ခုနှစ်၊ ဂျူလိုင်လမှာ ၎င်းနေအိမ်ရှိရာ ကန်တပ်ကီ (Kentucky) မှာပဲ သေဆုံးခဲ့ပါတယ်။ ဆမ် ရှိပ်ပါ့ဒ် (Sam Shepard) ကွယ်လွန်ချိန်မှာတော့ အသက် (၇၃) နှစ်ရှိပြီဖြစ်ပါတယ်။

၈။ ခရစ် ကော်နဲလ် (Chris Cornell)

မမျှော်လင့်ပဲသေဆုံးနေတဲ့ အသက် (၅၂) နှစ်အရွယ် Soundgarden ရဲ့ ပင်တိုင်အဆိုတော် ခရစ် ကော်နဲလ် (Chris Cornell) ကိုတော့ ဒက်ထရိုက်ထ် ဟိုတယ် (Detroit Hotel) အခန်းတစ်ခုမှာ တွေ့ရှိခဲ့ရကြတာဖြစ်ပါတယ်။

၉။ ဒွန် ရစ်က်လက်စ် (Don Rickles)

ဟာသမင်းသားကြီး ဒွန် ရစ်က်လက်စ် (Don Rickles) ကတော့ အသက် (၉၀) နှစ်မှာ ကျောက်ကပ်ပျက်စီးပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

၁၀။ ရော်ဂျာ အိုင်းလက်စ် (Roger Ailes)

Fox News ရဲ့ CEO အဖြစ် ဆယ်စုနှစ် နှစ်ခုကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် (၇၇) နှစ်အရွယ် ရော်ဂျာ အိုင်းလက်စ် (Roger Ailes) ဟာ လိင်ပိုင်းဆိုင်ရာစွပ်စွဲမှုတွေကြောင့် ရာထူးမှအနားယူခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ၎င်းခံစားနေရတဲ့စိတ်ကျရောဂါကြောင့် နေအိမ်မှာပဲ ကွယ်လွန်ခဲ့ရရှာပါတယ်။

၁၁။ လီ ပက်ပ် (Lil Peep)

၂၀၁၇ ခုနစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသက်မဲ့နေပြီဖြစ်တဲ့ (၂၁) အရွယ် တက်သစ်စအဆိုတော် လီ ပက်ပ် (Lil Peep) ကို ၎င်းရဲ့တိုးရ်ဘတ်စ်ပေါ် တွေ့ရှိခဲ့ကြပါတယ်။ ဆေးအလွန်အကျွံအသုံပြုပြီး သေဆုံးခဲ့ရတာဖြစ်ကြောင်း တရားဝင်အတည်ပြုနိုင်ဖို့ကိုတော့ ယခုအချိန်ထိ အဆုံးအဖြတ် ပြုလုပ်နေကြဆဲဖြစ်ပါတယ်။

၁၂။ ဂရက်ဂ် အဲလ်မန်း (Gregg Allman)

Allman Brother Band ရဲ့ အဆိုရှင် ဂရက်ဂ် အဲလ်မန်း (Gregg Allman) ဟာဆိုရင်လည်း အသက် (၆၉) နှစ်မှာ ကြွေလွင့်သွားခဲ့ပြီဖြစ်ပါတယ်။

Ref: Pinterest.com

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top