ကြိုးဝိုင်းထဲတွင်သာမက အပြင်လောကထိ အောင်မြင်ကျော်ကြားသူ ဖိုးသော်

image2.png

ONE ဖယ်သာဝိတ်တန်းချန်ပီယံဖြစ်သူ ဖိုးသော်မှာ လတ်တလောရက်ပိုင်းအတွင်း နားချိန်ပင်မရှိသလောက်ပင်ဖြစ်သည်။ မြန်မာ့အားကစားသမားများ စုပေါင်းတည်ထောင်ထားသော ကိုယ်ခံပညာသိုင်းပေါင်းစုံလေ့ကျင့်ရေးအားကစားရုံ၌ အသက်၃၄နှစ်အရွယ်ရှိပြီဖြစ်သော ဖိုးသော်သည် လာမည့်ပွဲများအတွက် သူ၏ လေ့ကျင့်ရေးအစီအစဉ်များကို အဆက်မပြတ်လုပ်ဆောင်လျက်ရှိနေသည်။

ထိုသို့သော လေ့ကျင့်ချိန်များဖြင့် ပြည့်နှက်နေသော်လည်း ဖိုးသော်မှာ သူမြတ်နိုးရာ ပရဟိတလုပ်ငန်းများအတွက်လည်း အချိန်ပေးနိုင်သော လေးစားဖွယ်ပုဂ္ဂိုလ်တစ်ဦးအဖြစ် တွေ့မြင်နေရပြန်သည်။ ဤပရဟိတလုပ်ငန်းများသည် ဖိုးသော်အဖို့ နှလုံးသားအတွင်း၌ နက်ရှိုင်းစွာကိန်းအောင်းနေလျက် ယင်းအလုပ်များသည် ၎င်းအနေဖြင့် လူသားတစ်ဦးအတွက် သမိုင်းပေးတာဝန်တစ်ရပ်ဟုလည်း ခံယူထားပြန်သည်။

ဖိုးသော်သည် မကြာသေးမီကပင် မိဘမဲ့ကလေးပေါင်း ၄၃ ဦးရှိရာ Mercy Children’s Home ဟူသော မိဘမဲ့ဂေဟာလေးရှိ အသက်၂နှစ်မှ ၁၆နှစ်ကြား ကလေးငယ်များကို လာရောက်အားပေးရန် ဖိတ်ခေါ်ခြင်းခံခဲ့ရသည်။

“ကျွန်တော်က သူတို့လေးတွေကို စိတ်ဓာတ်ခွန်အားပေးတဲ့အနေနဲ့ မျှော်လင့်ချက်များထားရှိတတ်စေဖို့နဲ့ ဘယ်တော့မှ ဘဝကိုအရှုံးမပေးဖို့ ပြောပေးပါတယ်။ ဘယ်ဒေသကလာတယ်၊ ဘယ်သူကမွေးဖွားပေးတယ်၊ ဘယ်လိုအသားရောင်ရှိတယ် ဆိုတာ တကယ်တမ်းတော့ အရေးမကြီးပါဘူး။ အားလုံးဟာ တူညီကြပါတယ်။ မိမိကိုယ်ကိုယုံကြည်ရင် ဘဝမှာအောင်မြင်မှုဆိုတာ သေချာပေါက်ရောက်လာမှာပါ” ဟု ၎င်းကဆိုခဲ့သည်။

မိဘမဲ့ဂေဟာဦးစီးတည်ထောင်သူများမှာ ဖိုးသော်၏ အသိမိတ်ဆွေများပင်ဖြစ်သောကြောင့် လာရောက်ပေးရန်ဖိတ်ကြားခံရသည်နှင့် တစ်ပြိုင်နက် လက်ခံပေးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်မှာတာဝန်ရှိပါတယ်။ ဘဝမှာ အခက်အခဲများကို တွေ့ကြုံခံစားရသူတွေအတွက် ကျွန်တော်စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ချင်ပါတယ်” ဟု ဖိုးသော်ကဆိုခဲ့သည်။

“ကျွန်တော် သူတို့ကို စမိတ်ဆက်တော့ ကိုယ်ကိုယ့်ကိုယ် ONE Championship ရဲ့ ကစားသမားတစ်ဦးအဖြစ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကွာခြားချက်မရှိပါဘူး အတူတူပါပဲ။ ကျွန်တော့်ကို သဘောကျတယ်ဆိုရင် သူတို့ ကြိုးစားလိုက်တာနဲ့ ဒီလိုဖြစ်နိုင်ပါတယ်။ အရာအားလုံးက မိမိကိုယ်တိုင်ပေါ်ပဲမူတည်တာပါ”ဟု ဖိုးသော်က ရှင်းပြခဲ့သည်။ အမှန်မှာဖိုးသော်သည် ကလေးများအတွက် စိတ်ဓာတ်ခွန်အားပေး ဟောပြောဖို့ရည်ရွယ်ထားခဲ့သော်လည်း ၎င်းကိုယ်တိုင်အတွက်ပါ စိတ်ဓာတ်ခွန်အားများရရှိစေခဲ့ရသည်ဟု ဆိုပြန်သည်။

“သူတို့ ဘယ်နေရာကလဲဆိုတာရယ်၊ ဘာတွေရှိနေမလဲဆိုတာရယ်ကို ကျွန်တော် မသိခဲ့ပါဘူး။ အဲဒီနေရာကိုရောက်တော့မှ အရမ်းအံ့အားသင့်ခဲ့ရတာပါ။ နောက်တစ်ကြိမ် သေချာပေါက်ပြန်သွားဦးမှာပါ” ဟု ဖယ်သာဝိတ်တန်းကစားသမား ဖိုးသော်က ဆိုခဲ့သည်။

ဖိုးသော်မှာ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ဦး မဖြစ်ခင်ကတည်းက ပရဟိတလုပ်ငန်းများကို လုပ်ခဲ့သူတစ်ဦးဖြစ်သည်။ ယခုအောင်မြင်ကျော်ကြားလာချိန်တွင် အသက် ၃၄ နှစ်အရွယ် ဖိုးသော်သည် ၎င်း၏ ကျော်ကြားမှုကို အသုံးချလျက် ၎င်းထက်ချို့တဲ့သူများကို ကူညီပေးရန် ဆန္ဒရှိလာသည်။

“ကျွန်တော့်ရဲ့အောင်မြင်မှု၊ ကျော်ကြားမှုတို့ ဆိုတာ ကျွန်တော်တစ်ယောက်တည်းအတွက်ပဲ မဟုတ်ပါဘူး။ ကျွန်တော်အသက်ရှင်နေထိုင်သရွေ့ ကျွန်တော့်ရဲ့ ဘဝကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းချင်ပါတယ်။ ကျွန်တော်တတ်နိုင်သလောက်လူတွေကို ကူညီချင်ပါတယ်။ ကျွန်တော်ဟာ လူသားတစ်ယောက်အနေနဲ့ရော အားကစားသမားတစ်ယောက်အနေနဲ့ပါ ဒီလိုကူညီဖို့ တာဝန်ရှိတယ်လို့ခံယူပါတယ်” ဟု ဖိုးသော်က ပြောပြခဲ့သည်။

ဖိုးသော်သည် ONE ၏ ကြိုးဝိုင်းထဲတွင် ချန်ပီယံခါးပတ်ရရန် ကြိုးစားနေရသေးသူဖြစ်လင့်ကစား ကြိုးဝိုင်းအပြင်ဖက် လက်တွေ့ဘဝတွင်မူ အများပြည်သူတို့၏ လေးစားနှစ်သက်မှုဟူသော ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။

Ref: ONE Championship “Phoe Thaw A Superstar Inside And Outside The Cage”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top