မျက်မှန်ပိုင်ရှင်လေးတို့အတွက် မိတ်ကပ် လိမ်းခြယ်နည်း

makeupwithglasses_e.jpg

ကိုယ်တိုင် မျက်မှန် မတပ်ရသေးခင်အထိ ပေါ့ပေါ့ဆဆပဲ နေခဲ့မိတော့ မျက်မှန်ပိုင်ရှင်လေးတွေအတွက် အလှအပဆိုင်ဆိုင်ရာ နည်းလမ်းလေးတွေနဲ့ ပတ်သက်လို့ ဘာဆို၊ ဘာဆောင်းပါးမှ မရေးပေးဖြစ်ခဲ့ဘူးနော်။ ခုတော့ ဒီအခက်အခဲတွေကို ကိုယ်တိုင် ကြုံတွေနေရပြီမို့ မျက်မှန်သမားတို့အတွက် မိတ်ကပ် လိမ်းခြယ်နည်းတွေကို ဒီ ဆောင်းပါးလေးကနေ တစ်ဆင့် ဝေမျှပေးချင်ပါတယ်။

ကွန်ဆီလာသုံးတဲ့အခါ

ကိုယ့်ရဲ့ အသားရောင်ထက် တစ်ဆင့် (သို့) နှစ်ဆင့် ပိုလင်းတဲ့ အရောင်ကို မျက်လုံးအောက် (သို့) မျက်ကွင်းတစ်ဝိုက်မှာ တြိဂံပုံစံ လိမ်းခြယ်ပေးပါ။ ဒါမှ မျက်မှန်က ကျတဲ့အရိပ်နဲ့ ကာမိပြီး မျက်လုံးအရောင် တောက်လာစေမှာပါ။

မျက်ခုံးမွေးဆွဲတဲ့အခါ

ကိုယ်က မျက်မှန်တပ်ရသူမို့ ကိုယ်ဆွဲတဲ့ မျက်ခုံးမွေးက မျက်မှန်ဘောင်နဲ့ တစ်တန်းကြီး ဖြစ်မနေဖို့ အရမ်းအရေးကြီးပါတယ်။ မျက်မှန်ဘောင်က လေးထောင့် အထူဘောင်ဆို ကိုယ့်မျက်ခုံးမွေးကို အခုံးလေးဆွဲတာက ပိုအဆင်ပြေပြီး အဝိုင်းဘောင်ဆို တစ်တန်းထဲ ဆွဲတာလေးက ပိုအဆင်ပြေပါတယ်။

အိုင်းရှဲဒိုးအောက်ခံ

အိုင်းရှဲဒိုးခြယ်တဲ့အခါမှာ အောက်ခံ (primer) ကို အသုံးပြုပေးပါ။ ဒါမှ ကြာရှည်ခံပြီး အရောင်မလွင့်ဘဲ မျက်မှန်အောက်အထိ အိုင်းရှဲဒိုးကာလာကို ထိုးဖောက်မြင်ရနိုင်မှာပါ။

အိုင်းရှဲဒိုးအရောင်

အိုင်းရှဲဒိုးအရောင်က မျက်ခုံးမွေး အရောင်ထက် ဖျော့ရင်ဖျော့၊ မဖျော့ရင် ပိုတောက်နေရပါမယ်။ အဲဒီလိုမဟုတ်ဘဲ အရောင်ရင့်တဲ့ဘက်ကို သွားမယ်ဆို မျက်လုံးက ပင်ပန်းနေသလိုဖြစ်ပြီး ရုပ်ပိုရင့်စေပါတယ်။

အိုင်းလိုင်နာဆွဲတဲ့အခါ

မျက်မှန်ဘောင်ပိုထူလေလေ၊ အိုင်းလိုင်နာကို ပိုထူထူလေး ဆွဲပေးပါ။ ဘောင်ကပါးရင်တော့ အိုင်းလိုင်နာကို နည်းနည်းပါပါးလိုက်ဆွဲပေါ့။ ဒါကြောင့်မို့လို့ မျက်မှန်ဘောင်နဲ့ အိုင်းလိုင်နာအထူ၊ အပါးက တိုက်ရိုက် အချိုးကျပါတယ်။

ဒီလောက်ဆို မျက်မှန်တပ်တဲ့အခါ မိတ်ကပ် ဘယ်လိုပြင်သင့်တဲ့ဆိုတဲ့ အခြေခံ အချက်လေးတွေကို သိပြီးလောက်ပြီလို့ ထင်ပါတယ်။ အားလုံးလည်း အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Ref : Pinterest “Tips for makeup with glasses”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top