နိုင်ငံတိုင်းမှာအသုံးပြုဖို့အဆင်သင့်မဖြစ်သေးတဲ့ 5G ကို မြန်မာနိုင်ငံမှာသုံးနိုင်တော့မလား

5G-Image.jpg

5G လို့ပြောလိုက်တာနဲ့ ဘာလဲဆိုတာ လူတိုင်းနီးပါး ချက်ချင်းသိနိုင်ကြပါတယ်။ ဒါပေမဲ့ 5G ရဲ့အကြောင်းကို အသေအချာ သိထားသူကတော့ ရှားပါတယ်။ 5G အကြောင်းမပြောခင် အရင်ဆုံး သမိုင်းကိုပြန်သွားကြ ရအောင်ပါ။

ကျွန်တော်တို့တတွေ ဖုန်းလိုင်းအသုံးပြုလာခဲ့တဲ့သမိုင်းကိုပြန်ကြည့်ရင် 1G Analogue ဖုန်းလိုင်းတွေက စခဲ့တယ်လို့ဆိုရမှာပါ။ Analogue ဖုန်းခေါ်ဆိုမှုတွေမှာက လုပ်ဆောင်ချက်ပိုင်းနဲ့ လုံခြုံရေးပိုင်းတွေမှာ ကြီးမားတဲ့ အားနည်းချက်တွေရှိခဲ့ပါတယ်။ နောက်ထပ်ပေါ်လာတာကတော့ 2G ပါ။ 2G မှာဆိုရင်လည်း ဖုန်းခေါ်တာတွေ၊ message ပို့တာတွေမှာ ပိုကောင်းလာပေမဲ့ Internet Email တွေသုံးလို့မရခဲ့ပါဘူး။ 2G ရဲ့နောက် 3G မှာ အင်တာနက်အတွေ့အကြုံတွေပိုကောင်းလာပေမဲ့ တချို့လုပ်ဆောင်ချက်တွေမှာကတော့ အားနည်းချက်တွေရှိနေတုန်းပါပဲ။ လက်ရှိ 4G ရဲ့အားနည်းချက်ကတော့ မိုဘိုင်းဖွဲ့စည်းတည်ဆောက်ပုံပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ ALL-IP ဝန်ဆောင်မှုတွေနဲ့အတူ 5G စနစ် ဝင်ရောက်လာခဲ့ပါပြီ

5G ဆိုတာ ဘာများလဲ

5G ဆိုတာ မျိုးဆက် (၅) ခုမြောက်ကြိုးမဲ့ဆက်သွယ်ရေးစနစ်တစ်ခုပါ။ နောက်ဆုံးပေါ်မိုဘိုင်း broadband နည်းပညာတစ်ခု ဖြစ်ပြီး ဒေတာတွေကို 4G ထက်ပိုပြီး မြန်မြန်ဆန်ဆန်လွှဲပြောင်းပေးနိုင်ပါတယ်။ 5G မှာက bandwidth ပိုပြီးများသလို base stations တွေရဲ့ကျစ်လျစ်တဲ့တည်ဆောက်ပုံကြောင့် လိုင်းဆွဲအားကောင်းကောင်းနဲ့ သုံးနိုင်မှာဖြစ်ပါတယ်။ 5G က အရင် ကြိုးမဲ့နည်းပညာတွနဲ့မတူဘဲ အချင်းချင်း ဒေတာအပြန်အလှန် ပို့ဆောင်တဲ့အခါ လျင်မြန်တဲ့နှုန်း၊ တုံ့ပြန်မှုတွေအပြင် အချင်းချင်းချိတ်ဆက်ရာမှာလည်း ပိုပြီးကောင်းမွန်တဲ့အတွေ့အကြုံတွေကိုရရှိစေမှာပါ။ အရှေ့ကမျိုးဆက်တွေ တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်လာခဲ့စဉ်ကလည်း သိသာတဲ့ပြောင်းလဲမှုတွေရှိခဲ့ဖူးပေမဲ့ အခု 5G ပေါ်လာ ပြီးနောက်မှာတော့ ကျွန်တော်တို့ရဲ့ နေ့စဉ်လူမှုဘဝတွေနဲ့ မြန်မာနိုင်ငံမှာ အသုံးပြုလေ့ရှိတဲ့ device တွေရဲ့ စွမ်းဆောင်နိုင်မှုကို လုံးလုံးလျားလျား ပြောင်းလဲပေးနိုင် လာမှာဖြစ်ပါတယ်။

5G ရဲ့ကောင်းကျိုးတွေက ဘယ်လိုရှိမလဲ

ပထမဆုံးကောင်းကျိုးအနေနဲ့ကတော့ သုံးစွဲသူတွေအားလုံး ဒေတာအသုံးပြုတဲ့နေရာမှာ တကယ်ကိုလျင်မြန်တဲ့မြန်နှုန်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တစ်စက္ကန့်ကို 1600 Mbps download speed နဲ့ 150 Mbps upload speed ထိ ထောက်ပံ့ပေးနိုင်တာကြောင့်ပါ။ ပိုပြီးကောင်းမွန်ညက်ညောတဲ့ချိတ်ဆက်မှုတွေကြောင့်လည်း devices တွေ၊ cellphone တွေအချင်းချင်း ဆက်သွယ်တဲ့နေရာမှာ ပိုအဆင်ပြေလာစေပါ လိမ့်မယ်။ 5G ကွန်ရက်ကြောင့် Internet of Things (IoT) အပြင် Machine-to-Machine (M2M services) လိုမျိုးဝန်ဆောင်မှုတွေလုပ်ဆောင်နိုင်ဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ နောက်ထပ် သေချာတဲ့ကောင်းကျိုး တစ်ခုကတော့ ပိုကောင်းတဲ့ချိတ်ဆက်မှုတွေရရှိနိုင်မယ့်အချက်ပါပဲ။ အကြမ်းအားဖြင့် 4G ကွန်ရက်အမြန်နှုန်းထက် အဆ (၂၀) ပိုမြန်ပြီး latency ချင်းယှဉ်မယ်ဆိုလည်း 4G ကွန်ရက်က 50 ms ကြာချိန်မှာ 5G ကွန်ရက်က 4 ms ပဲကြာမှာဖြစ်ပါတယ်။ ကွန်ရက်ရဲ့ Spectrum ဒါမှမဟုတ် bandwidth ကိုအသုံးပြုတဲ့အခါ ထိရောက်စွာအသုံးပြုနိုင်မှုနှုန်း မြင့်မားတာကြောင့် ဒေတာပမာဏများများကို error အနည်းဆုံးနဲ့ ထုတ်နိုင်မှာဖြစ်ပါတယ်။

5G ရဲ့ အကြောင်းအရာတွေကတော့ ပြောမဆုံးပါပဲ။ တကယ်တမ်းလက်တွေ့မှာ 5G နည်းပညာအတွက် အဆင်သင့် ဖြစ်တဲ့ နိုင်ငံတွေကလည်း လက်ချိုးရေလို့တောင်ရပါတယ်။ လေ့လာချက်တွေအရ 5G အဆင်သင့် ဖြစ်နေတဲ့နိုင်ငံတွေက တောင်ကိုရီးယား၊ တရုတ်၊ အမေရိကန်နဲ့ ဂျပန် တို့လို အဓိကနိုင်ငံကြီးတွေနဲ့ တခြား (၆) နိုင်ငံလောက်ပဲရှိနေပါသေးတယ်။ ဒါပေမဲ့ ဂုဏ်ယူစရာကောင်းတာကတော့ Mytel ရဲ့ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံဟာ 5G အဆင်သင့်ဖြစ်တဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာခဲ့တဲ့အချက်ပါပဲ။

Mytel ဟာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့မှာ 5G နည်းပညာကို မြန်မာနိုင်ငံဆီ ပထမဦးဆုံးယူဆောင်လာတဲ့ ဆက်သွယ် ရေးအော်ပရေတာဖြစ်လာခဲ့ကာ C band (3.5 GHz) နဲ့ အမြန်နှုန်းစမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီး စမ်းသပ်နေစဉ်အတွင်း မြန်နှုန်း ပမာဏ 1.6 Gbps အထိရှိခဲ့ပါတယ်။ 4G ကွန်ရက်ရဲ့ အမြန်ဆုံးမြန်နှုန်းက 150 Mbps အထိပဲရောက်ရှိနိုင်တာဖြစ်လို့ 5G ရဲ့အမြန်နှုန်းကတော့ တော်တော်ကြီးကိုမြန်တယ်လို့ ပြောနိုင်ပါ တယ်။ Mytel ရဲ့5G ကွန်ရက်သုံးစွဲမှုက 4G နဲ့ 3G မြန်နှုန်း တွေအပေါ် သက်ရောက်မှုမရှိနိုင်ဘူးလို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ 5G ကွန်ရက်ကို အသုံးပြုလို့မရနိုင်သေးပါဘူး။ ဒါပေမဲ့ မြန်မာပလာဇာက Mytel Customer Experience Center မှာတော့ Mytel ရဲ့ 5G ကွန်ရက်ကို စိတ်ဝင်စားသူတိုင်း လာရောက် စမ်းသပ်သုံးစွဲ ကြည့် နိုင်ပြီဖြစ်ပါတယ်။ Mytel က နောက်ဆုံးမျိုးဆက်သစ်ကွန်ရက်ဖြစ်တဲ့ 5G ကွန်ရက်နည်းပညာကို အသေအချာလေ့လာသွားမှာဖြစ်ပြီး မြို့ကြီးပြကြီးတွေအပါအဝင် တစ်နိုင်ငံလုံးမှာ သုံးစွဲသူတွေ တရားဝင်အသုံးပြုလို့ ရလာအောင်လည်း အပြင်းအထန်ကြိုးစားလုပ်ဆောင်နေတယ်လို့ဆိုထားပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top