ပထမအကြိမ်တက္ကသိုလ်ပေါင်းစုံမြန်မာစကားစွမ်းရည်ပြိုင်ပွဲတွင် အနိုင်ရသည့်အသင်းများကို Mytel မှ ဂုဏ်ပြုချီးမြှင့်

53145825_584709508607641_2856221382906216448_o.jpg

ပထမဆုရရှိသော အဓိပတိအသင်း

Mytel သည် ပညာရေးဝန်ကြီးဌာန နှင့် Skynet တို့ဖြင့် လက်တွဲပူးပေါင်းကာ မြန်မာလူငယ်များကြား မြန်မာစာ၊ မြန်မာစကားနှင့် ရသစာပေများကို ချစ်ခင်လေးစား၊ တန်ဖိုးထားတတ်လာစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့သော ပထမအကြိမ် တက္ကသိုလ်ပေါင်းစုံ မြန်မာစကားစွမ်းရည်ပြိုင်ပွဲအား မတ်လ (၃) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ မတ်လ ၃ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ပြိုင်ပွဲအခမ်းအနားတွင် မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ကျောင်းများမှ အဆင့်ဆင့်ဝင်ရောက် ယှဉ်ပြိုင်ကြရာ ဗိုလ်လုပွဲတွင် ရန်ကုန်တက္ကသိုလ်ကိုယ်စားပြု (အဓိပတိအသင်း) နှင့် ဒဂုံတက္ကသိုလ် ကိုယ်စားပြု (ဒဂုံမောင်) အသင်းတို့ တွေ့ဆုံကြပြီး ပထမဆုအား အဓိပတိအသင်းမှ ထိုက်တန်စွာ ဆွတ်ခူးရရှိသွားခဲ့သည်။

ပထမဆုရရှိသော အဓိပတိအသင်းအား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဆုငွေ ကျပ်သိန်း (၁၅၀) နှင့် ဆုဖလား၊ ဒုတိယဆုရ ဒဂုံမောင်အသင်းအား Mytel ၏ဥက္ကဌ ဦးခင်မောင်စိုးမှ ဆုငွေ ကျပ်သိန်း (၆၀) နှင့် ဆုဖလား စသည်ဖြင့် အသီးသီးဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။ ပါဝင်ယှဉ်ပြိုင်သောအဖွဲ့များအား အကဲဖြတ်ဒိုင်လူကြီးများ၏ အကဲဖြတ်အမှတ်များနှင့် Mytel ဆင်းကဒ်အသုံးပြု၍ ပေးပို့ခဲ့သော SMS Voting များကို ပေါင်းစပ်၍ ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။

ဒုတိယဆုရ ဒဂုံမောင်အသင်း

Mytel ၏ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ “လူငယ်တွေအတွက် အထောက်အကူဖြစ်စေမယ့် ပထမဆုံးအကြိမ် မြန်မာစကားပြောစွမ်းရည်ပြိုင်ပွဲကို Mytel က ပညာရေးဝန်ကြီးဌာန၊ Skynet တို့နဲ့အတူပူးပေါင်းပြီး ပါဝင်ထောက်ပံ့ခွင့်ရခဲ့ပါတယ်။ ပြိုင်ပွဲအဆင့်ဆင့် ဖြတ်ကျော်လာခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူအဖွဲ့တွေရဲ့ ယှဉ်ပြိုင်မှုစိတ်ဓာတ်နဲ့ အရည်အချင်းတွေကို အရမ်းအားရမိပါတယ်။ ပညာရေးကဏ္ဍကို အဓိကထောက်ပံ့ပေးသွားမယ့် Mytel အနေနဲ့ ရှေ့အနာဂတ်မှာလည်း ဒီလိုအစီအစဉ်မျိုးတွေကို ဆက်လက်အားပေးပံ့ပိုးသွားဖို့ရှိပါတယ်” ဟု ပြောပြခဲ့သည်။

မြန်မာစကားစွမ်းရည်ပြိုင်ပွဲတွင် အနိုင်ရရှိသွားသောအဖွဲ့မှအဖွဲ့ဝင်တစ်ဦးဖြစ်သူ မကြာညိုသင်းမှလည်း “အခုလို မြန်မာဘာသာစကားနဲ့ ရသစာပေတွေကို ချစ်ခင်လေးစားတန်ဖိုးထားတတ်လာဖို့ ပြိုင်ပွဲကျင်းပပေးတဲ့အတွက် သဘောကျမိပါတယ်။ ဒီလိုအစီအစဉ်ကို လူအများကြည့်ရှုလို့ရအောင်၊ နောက်ပြီး နိုင်ငံတစ်ဝန်းက ကျောင်းသား၊ ကျောင်းသူတွေအားလုံးကို ပါဝင်နိုင်စေဖို့ စီစဉ်ပံ့ပိုးပေးတဲ့ ပညာရေးဝန်ကြီးဌာန၊ Mytel နဲ့ Skynet ကို ကျေးဇူးတင်ပါတယ်” ဟု ပြောပြခဲ့သည်။

Mytelအနေဖြင့် နိုင်ငံတစ်နိုင်ငံအား ဒစ်ဂျစ်တယ်လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်ရန်ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍ၌ ရင်းနှီးမြုပ်နှံခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု လက်ခံယုံကြည်ထားသည်။ ထိုကြောင့် နောင်လာမည့်ကာလများတွင်လည်း ပညာရေးကဏ္ဍကို အထောက်အကူဖြစ်စေသောလုပ်ငန်းများ ဆောင်ရွက်သွားရန်ရှိပြီး မြန်မာနိုင်ငံရှိသုံးစွဲသူ ပရိတ်သတ်များ၏ နေထိုင်မှုဘဝများကို ကောင်းမွန်အဆင့်မြင့်လာစေရန် နောက်ဆုံးပေါ်တီထွင်ဆန်းသစ်မှုနှင့် နောက်ဆုံးပေါ်နည်းပညာဆိုင်ရာအစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top