စမတ်ဖုန်းနဲ့ အလန်းစားဓာတ်ပုံတွေ ရိုက်ယူနိုင်ဖို့

cam_thumb.jpg

စမတ်ဖုန်းတွေ အသုံးပြုမှုများလာတဲ့နောက်ပိုင်း လူတိုင်းနီးပါး ကိုယ့်ဖုန်းနဲ့ကိုယ် ဓာတ်ပုံတွေ ရိုက်လာကြပါတယ်။ ဒီလို ဓာတ်ပုံရိုက်ကူးရာမှာ တချို့ကတော့ မှတ်တမ်းသဘောမျိုး ရိုက်ပါတယ်။ တချို့ကတော့ အလှဓာတ်ပုံအနေနဲ့ ရိုက်ကူးကြပါတယ်။ တချို့ကတော့ ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတာကို ဝါသနာ ပါလွန်းတဲ့အတွက် ရောက်လေရာမှာ ပုံကောင်းလေးတွေ ရအောင်လို့ ကြိုးစားကြပါတယ်။ ဒါကြောင့် ဒီလိုမျိုး ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့ သူတွေထဲမှာ ပညာရှင်တွေ မဟုတ်တဲ့ ဝါသနာရှင်တွေအတွက် အခြေခံအားဖြင့် သိထားသင့်တဲ့ အချက်လေးတွေကို Vivo က မျှဝေပေးထားတာကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

ကိုယ့်ဖုန်းကင်မရာရဲ့ Setting တွေကို သေချာနားလည်အောင် လုပ်ထားပါ။

Auto နဲ့ပဲ ရိုက်ကူးမယ်ဆိုရင်တော့ setting တွေ အကြောင်း အများကြီးသိထားဖို့ မလိုအပ်ဘူး ပြောနိုင်ပါတယ်။ ဒါပေမယ့် အနုပညာမြောက်တဲ့ ဓာတ်ပုံကို ဖန်တီးချင်တယ်ဆိုရင်တော့ Auto mode ကိုပဲ အားကိုးနေလို့ မရပါဘူး။ Manual mode ကို သုံးတတ်ဖို့ လိုပါတယ်။ ဒါကြောင့် ဖုန်းကင်မရာရဲ့ ISO, exposure, white balance, shutter speed စတာတွေကို သိထားဖို့ လိုပါတယ်။ ဒါမှလည်း မတူညီတဲ့ အရသာနဲ့ ခံစားမှုတွေကို ပုံဖော်နိုင်မှာပါ။

Resolution ကို မြင့်မြင့်ထားဖို့လည်း မမေ့ပါနဲ့

ဓာတ်ပုံရိုက်ကူးတဲ့အချိန်မှာ ကင်မရာ resolution ကောင်းတယ် ဘယ်လောက်ပဲပြောပြော သိမ်းဆည်းတဲ့ ဖိုင်ရဲ့ resolution ကိုလည်း အမြင့်ဆုံးမှာ ထားဖို့ လိုအပ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင်တော့ ဖိုင်ဆိုက်ကို large မှာထားဖို့လည်း လိုအပ်ပါတယ်။ တချို့တွေက ဖုန်းရဲ့ space ကို အများကြီး မသုံးချင်ဘူးဆိုတဲ့စိတ်နဲ့ ရိုက်ပြီးသား ဓာတ်ပုံတွေကို ဖိုင်ဆိုက် သေးသေးနဲ့ပဲ သိမ်းကြပါတယ်။ သိမ်းဆည်းတဲ့ ဖိုင်ဆိုက်က သေးနေပြန်ရင်လည်း ဓာတ်ပုံ အရည်အသွေးက လိုအပ်သလောက် အပြည့်အဝ ကောင်းမွန်မှာ မဟုတ်ပါဘူး။ ဖြစ်နိုင်ရင်တော့ ဖိုင်ဆိုက်ကို large နဲ့ပဲထားဖို့ အကြံပေးချင်ပါတယ်။

Composition စည်းမျဉ်းတွေကို လိုက်နာဖို့ မမေ့ပါနဲ့

အပျော်တမ်းပဲ ရိုက်တယ်ဆိုပေမယ့် ဓာတ်ပုံတစ်ပုံမှာ ရှိနေရမယ့် အဓိက စည်းမျဉ်းတွေကိုတော့ သိထားသင့်ပါတယ်။ ဥပမာအားဖြင့် အနီးကပ်အလှပုံပဲ ရိုက်ရိုက်၊ ရှုခင်းပုံပဲရိုက်ရိုက်၊ သက်မဲ့ပစ္စည်းတွေကိုပဲ ရိုက်ရိုက် အဓိက အကြောင်းအရာရဲ့ ရှိသင့်တဲ့နေရာ အထားအသိုတွေကို လိုက်နာသင့်ပါတယ်။ ဥပမာအားဖြင့် rules of third, the golden ratio စတဲ့ အခြေခံ စည်းမျဉ်းတွေအတိုင်း လိုက်နာမယ်ဆိုရင် professional မဟုတ်ပေမယ့်လည်း စွဲဆောင်မှုရှိတဲ့ ဓာတ်ပုံတစ်ပုံကို ရယူနိုင်မှာပါ။

အနီးကပ်ရိုက်ပါ

ကိုယ်ရိုက်ချင်တဲ့ Subject ကို အနီးကပ်ရိုက်နိုင်ရင် တတ်နိုင်သမျှ အနီးကပ်ရိုက်နိုင်ဖို့ ကြိုးစားပါ။ မလိုအပ်ဘဲ digital zoom ကို အသုံးမပြုပါနဲ့။ digital zoom ကို အသုံးပြုခြင်းကြောင့် မလိုအပ်တဲ့ noise တွေ၊ distortion တွေကို ရရှိသွားတတ်ပါတယ်။ အချက် ၂ မှာပြောခဲ့သလို ဖိုင်ကိုလည်း resolution မြင့်တဲ့နေရာမှာ ထားမယ်ဆိုရင် လိုအပ်လို့ cropping လုပ်ရင်လည်း ကောင်းမွန်တဲ့ ပုံတစ်ပုံအဖြစ် ကျန်ရှိနေဦးမှာပါ။ ဒါကြောင့် တတ်နိုင်သမျှ Subject နားကပ်ပြီး တည်ငြိမ်တဲ့ focus ရအောင် ဖြတ်ပြီး ရိုက်ယူပါ။

သဘာဝအလင်းရောင်ကို အားကိုးပါ

ဓာတ်ပုံတစ်ပုံမှာ အရောင်တွေ၊ အနေအထားတွေအပြင် နောက်ထပ်အရေးကြီးတဲ့ အချက်ကလည်း အလင်း၊ အမှောင် ချိန်ညှိယူခြင်း ဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ subject ကို အလင်းရောင် ပြေပြေလေးရှိတဲ့နေရာမှာ ထားပြီး ရိုက်ဖို့ ကြိုးစားရပါမယ်။ Outdoor ပဲဖြစ်ဖြစ်၊ Indoor ပဲဖြစ်ဖြစ် တတ်နိုင်သမျှ သဘာဝ အလင်းရောင်နဲ့ပဲ ရိုက်ဖို့ ကြိုးစားသင့်ပါတယ်။ Auto mode နဲ့ ရိုက်ထားတဲ့ ပုံပေမယ့်လည်း အလင်းအမှောင် ကျရောက်မှု မှန်ကန်နေရင် အင်မတန် လှပတဲ့ ပုံကောင်းတစ်ပုံ ဖြစ်လာပါလိမ့်မယ်။

တတ်နိုင်သမျှ flash ကို ရှောင်ပါ

အလင်းရောင် အားကောင်းတဲ့နေရာမှာပဲဖြစ်ဖြစ်၊ အလင်းရောင် အားနည်းတဲ့ နေရာမှာပဲဖြစ်ဖြစ် တတ်နိုင်သမျှ flash ကို ရှောင်ပါ။ ဘာကြောင့်လဲဆိုတော့ များသောအားဖြင့် ဖုန်းကင်မရာမှာပါတဲ့ flash တွေက ပုံကို အနည်းနဲ့အများ ထိခိုက်စေလေ့ရှိလို့ပါပဲ။ အထူးသဖြင့် low light photography တွေမှာဆိုရင် သိထားသင့်ပါတယ်။ flash ဖွင့်မယ့်အစား ကိုယ့်ကင်မရာရဲ့ exposure, ISO တွေကိုပဲ ကြိုးစားပြီး ချိန်ညှိသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း night photography app တွေရဲ့ အကူအညီကို ယူသင့်ပါတယ်။

Edit လုပ်ကြည့်ပါ

Edit လုပ်တယ်ဆိုတာ သေသပ်လှပသွားအောင် လုပ်တာပါပဲ။ တနည်းပြောရရင်တော့ သပ်သပ်ရပ်ရပ် ဝတ်စားပြီး နှုတ်ခမ်းနီဆိုး၊ ပါးနီဆိုး လုပ်တာပါ။ ကိုယ်က အင်မတန်မှကို ကျွမ်းကျင်နေလို့ ပုံကောင်းတစ်ပုံ ရိုက်ယူမိပြီးပြီ ဆိုရင်တောင်မှ Edit လုပ်လိုက်မယ်ဆိုရင် ပိုပြီး ကောင်းမွန်တဲ့ ပုံတစ်ပုံ ဖြစ်လာနိုင်ပါတယ်။ ပုံကို cropping လုပ်စရာမလိုဘူး ဆိုရင်တောင် အလင်းအမှောင်ချိန်ညှိတာ၊ color ညှိတာမျိုးလုပ်လိုက်လို့ ပိုပြီး အရသာကောင်းသွားတာ၊ ဆန်းသစ်သွားတာမျိုး ဖြစ်လာနိုင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top