ချစ်သူမရှိဘဲနေနိုင်ပေမယ့် စမတ်ဖုန်းမရှိဘဲမနေနိုင်

teenage-girls-using-smartphones-on-a-bed-internet-FYQAHRD.jpg

စမတ်ဖုန်းဆိုတာ ဒီနေ့ခေတ်မှာ လူတိုင်းအတွက် အသက်တမျှ အရေးကြီးတဲ့ အရာတစ်ခု ဖြစ်လာပါပြီ။ အရင်ခေတ်က ဖုန်းဆိုတာ ဖုန်းပြောဖို့လောက်ပဲ အသုံးဝင်ပေမဲ့ အခုအခါမှာတော့ ဖုန်းနဲ့ပဲ အလုပ်လုပ်ကြရသလို ဖုန်းနဲ့ပဲ ချစ်ကြ၊ လွမ်းကြ၊ သတိရနေကြရတဲ့အထိ စမတ်ဖုန်း တစ်လုံးဟာ လူတွေရဲ့ ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် နေရာယူထားပြီ ဖြစ်ပါတယ်။

အလုပ်ကိစ္စနဲ့ ပတ်သတ်ရင်လည်း စမတ်ဖုန်းကိုအသုံးပြုပြီး ချိတ်ဆက်တာ၊ ချိန်းဆိုတာ၊ အရောင်းအဝယ်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတွေကို ဖုန်းဆက်ရင်း (သို့) စမတ်ဖုန်းထဲက Facebook၊ Viber၊ Email တွေက တစ်ဆင့်အသုံးပြု ဆက်သွယ်ကြလေ့ရှိကြပါတယ်။ Facebook၊ Google စတာတွေကို အရင်က ကွန်ပြူတာရှိမှ အသုံးပြုနိုင်ခဲ့ပေမယ့် အခုတော့ လွယ်လွယ်ကူကူ အချိန်တိုင်း ဖွင့်ကြည့်နိုင်နေပါပြီ။

စမတ်ဖုန်းတွေနဲ့ ဂိမ်းဆော့ပြီး အပန်းဖြေနိုင်သလို ဗီဒီယိုတွေ ရုပ်ရှင်တွေကြည့်ပြီး အနားယူနိုင်ကြပါတယ်။ ဂဏန်းပေါင်းစက်သီးသန့် ဝယ်ထားဖို့ မလိုအပ်တော့သလို မှတ်စုတိုမှတ်ဖို့ စာအုပ်၊ အရင်ခေတ်ကလို ဖုန်းနံပါတ်မှတ်ဖို့ ဖုန်းစာအုပ်၊ အဘိဓာန်စာအုပ်တွေကိုလဲ အလေးခံသယ်နေဖို့ မလိုအပ်တော့ပါဘူး။

Mp3၊ Mp4 တွေနဲ့ Mini Sound Box တွေခေတ်ကုန်ခဲ့ပြီး အကောင်းဆုံး အသံကို စမတ်ဖုန်းနဲ့တင် နားဆင်နိုင်ကြပါတယ်။ ဒီနေ့ခေတ် စမတ်ဖုန်း ကင်မရာ နည်းပညာကလည်း ကင်မရာ ဈေးကွက်ကို ပျက်စီးလုနီးပါး ရိုက်ခတ်မှု ကြီးမားခဲ့ပါတယ်။ အခုဆိုရင် ပရော်ဖက်ရှင်နယ် ကင်မရာသမားတစ်ယောက်လို ရိုက်နိုင်အောင်ကို စမတ်ဖုန်းကင်မရာတွေရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်ချက်တွေက အဆင့်အတန်းမြင့်နေပါပြီ။

ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဘဏ်အကောင့်ထဲက ပိုက်ဆံကို စမတ်ဖုန်းထဲကနေ စစ်ဆေးခြင်း၊ လွှဲပြောင်းခြင်း၊ ပစ္စည်းဝယ်ယူငွေပေးချေခြင်း နဲ့ ဖုန်းငွေဖြည့်ခြင်း စတာတွေကိုလဲ လုပ်ဆောင်နိုင်ပါတယ်။

လမ်းမသိလို့ မြေပုံကြည့်မလား၊ ဘယ်အချိန်ရှိပြီလဲ သိချင်တာလား၊ မနက်အိပ်ယာထဖို့ နှိုးစက်ပေးထားမလား၊ တက္ကစီပဲငှားစီးမလား၊ မီးပျက်လို့ ဓာတ်မီးလိုသုံးချင်လား၊ ဘောလုံးပွဲရလဒ်တွေ သိချင်တာလား၊ ဒီနေ့ ရွှေဈေး ဒေါ်လာဈေး ဘယ်လောက်ရှိလဲ၊ လတ်တလော ဘာအခွေတွေထွက်နေပြီ၊ ဒီနေ့ အပူချိန်ဘယ်လောက်ရှိလဲဆိုတာက အစ ကမ္ဘာကြီးမှာ လတ်တလော ဘာတွေဖြစ်နေသလဲဆိုတဲ့ ပူပူနွေးနွေး အကြောင်းအရာပေါင်းစုံကို သိနိုင်နေတာကြောင့် စမတ်ဖုန်းဟာ လူတိုင်းအတွက် မရှိမဖြစ် ဘဝရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာနေတာပါ။

အိမ်မှာထိုင်ပြီး စမတ်ဖုန်းထဲကနေပဲ အင်တာနက်ချိတ်ဆက်ပြီး စီးပွားရေးလုပ်ကိုင်နိုင်ကြသလို၊ စီးပွားရေး လုပ်ငန်းတွေအနေနဲ့လည်း ကြော်ငြာတွေ ပေါက်ဖို့ဆိုရင် လူတွေအများဆုံး စမတ်ဖုန်းနဲ့အသုံးပြုဖြစ်တဲ့ လူမှုကွန်ယက်တွေမှာ မကြော်ငြာဘဲ နေလို့မရတော့တဲ့ ခေတ်ရောက်နေပါပြီ။ ချစ်သူ၊ မိဘ၊ သူငယ်ချင်းတွေဆီ သတိရတယ်ဆိုရင်လဲ အသံတင်မဟုတ် ရုပ်ပါမြင်နိုင်ပြီး ဘေးနားမှာ အတူတူရှိသလို ခံစားမှုတွေကို ရရှိစေပါတယ်။ တိုးတက်ပြီး ကျယ်လွန်းလှတဲ့ မြို့ပြကြီးတွေမှာ တစ်ယောက်နဲ့ တစ်ယောက် စမတ်ဖုန်းမရှိဘဲ ချိန်းဆိုနေမယ်ဆိုရင် ဒုက္ခမသေးလှပါဘူး။

ကျွန်တော်တို့အားလုံးနီးပါးဟာ အိပ်ယာထလို့ မျက်စိနှစ်လုံး ပွင့်ချိန်ကနေ အိပ်ယာထဲ ပြန်ရောက်လို့ မျက်စိနှစ်လုံးပိတ် ပြန်အိပ်တဲ့ အချိန်အထိအပြင် အိမ်သာသွားတဲ့ အချိန်တောင် ယူသွားရလောက်အောင် စမတ်ဖုန်းကို စွဲလန်းနေကြပါပြီ။

ဒီလို အရေးပါလာတဲ့ စမတ်ဖုန်းကို အသုံးပြုရင်း ကိုယ့်အတွက် အကျိုးများစေမယ့် ပညာတွေကို လေ့လာနိုင်ပါတယ်။ တချို့ကတော့ စမတ်ဖုန်းကို အကျိုးမဲ့တဲ့နေရာတွေမှာ အလွန်အကျွံ သုံးစွဲမိပြီး ဘဝပျက်တဲ့အထိ ဖြစ်ကြရတာတွေလည်း ရှိတာကြောင့် နမူနာယူ ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် စမတ်ဖုန်းကို အသုံးပြုပြီး လူတွေကို လိမ်လည်ဖို့ နည်းပညာကို အသုံးချတတ်တဲ့ ဒုစရိုက်သမားတွေကလည်း ပိုများပြားလာနေလို့ပဲ ဖြစ်ပါကြောင်း…

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top