ကမ္ဘာ့အထူးဆန်းဆုံးအလုပ်များ

30530858_1029104167241329_2180093938814156800_n.jpg

ကလေးတွေကြီးလာတဲ့အခါ ဘာဖြစ်ချင်လဲ မေးရင် ငယ်ငယ်တည်းက ပုံသွင်းခံထားရတဲ့ အဖြေကိုပဲ တညီတည်း ဖြေကြမှာပါ။ ဆရာဝန်ကြီးဖြစ်မှ၊ အင်ဂျင်နီယာကြီး ဖြစ်မှ ဆိုတဲ့ မိဘတွေရဲ့ဆန္ဒတွေနဲ့ ရှင်သန်နေကြတဲ့ ကျွန်တော်တို့ နိုင်ငံက ကလေးတွေမှာ အာကာသယာဉ်မှူးဖြစ်ချင်ပါတယ်ဆိုတဲ့ ကလေးမျိုးတော့ ရှားလှပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်သိတဲ့ အလုပ်အမျိုးအစားကလည်း အရမ်းနယ်ပယ် ကျဉ်းနေပါသေးတယ်။ ကမ္ဘာမှာ ကျွန်တော်တို့ ခင်ဗျားတို့ တွေတွေးတောင်မတွေးထားဘူးတဲ့ အထူးခြားဆုံးအလုပ်တွေ ရှိနေပေါသးတယ်ဗျ။ ဒါတွေကို အခု ဖော်ပြပေးလိုက်ပါမယ်။

၁။ ကံကြမ္မာ ကွတ်ကီး ရေးဆရာ

ကံကြမ္မာကွတ်ကီးဆိုတာက ကျွန်တော်တို့ မြန်မာပြည်မှာ နေကြာစေ့စားရင် အထုပ်ထဲမှာ မင်းသား ၊ မင်းသမီးပုံနဲ့ စာသားလေးတစ်ခု ရေးထားတာပါလာသလိုပေါ့။ သူကကျတော့ နေ့လည်စာစားပြီး အချိုတည်းတဲ့ ကွတ်ကီးထဲမှာ ရှေ့ဖြစ်ကို ပြောသလိုမျိုး ဥာဏ်ပညာရတဲ့ စာသားလေးတစ်ခုထည့်ထားတာပါ။ ဒီစာကိုရေးတဲ့လူတွေက ရုံးမှာထိုင်ပြီး ရေးနေကြတာပါ။ အချိန်ပြည့် ဝန်ထမ်းတွေရှိသလို အချိန်ပိုင်း ကျောင်းသားတွေလည်း ဒီအလုပ်ကိုလုပ်ကြပါတယ်။ နယူးယော့ခ်တိုင်းမ်သတင်းစာကဖော်ပြချက်ကတော့ နှစ်စဉ် ကံကြမ္မာကွတ်ကီး ၃ ဘီလီယံ ပြုလုပ်ရောင်းချနိုင်တယ်ဆိုတာပါပဲ။

၂။ ပရော်ဖက်ရှင်နယ် သတို့သမီးအရံ

သတို့သမီးအရံလုပ်ပေးမယ့်သူ ကိုယ့်အပေါင်းအသင်းရောင်းရင်းထဲမှာ မရှိလည်းအေးဆေးပါ။ မင်္ဂလာအခမ်းအနားကို စီစဉ်ထားတဲ့ အတိုင်းအတိအကျဖြစ်ဖို့ သတို့သမီးတွေကို အစစအရာရာကူညီပေးမယ့် သတို့သမီးအရံလုပ်ငန်းရှိပါတယ်။ မင်္ဂလာဆောင်ကိုသွားရတာ အလုပ်တစ်လုပ်လို ဖြစ်နေတဲ့ ခေတ်ကြီး မှာ သတို့သမီးအရံ အလုပ်လုပ်ပြီး ငွေရှာလို့လည်းရတာပဲနော်။

၃။ ရေလွှာလျှောစီး စစ်ဆေးသူ

ကျွန်တော်တို့ တွေက ရေလွှာလျှောစီးဖို့ ပိုက်ဆံပေးပြီး Water Boom တို့လိုနေရာသွားကြပေမယ့် ဒီလိုမျိုး ရေလွှာလျှောကို ပိုက်ဆံပေးပြီး စီးခိုင်းရတဲ့ လူတွေလည်းရှိပါတယ်။ ရေလွှာလျှောစီးစစ်ဆေးတဲ့ သူတွေရဲ့ အလုပ်က တည်ဆောက်ကာစ ရေလွှာလျှောတွေ စိတ်ချရဖို့နဲ့ ပျော်ရွှင်မှုတွေရှိစေရဲ့လားဆိုတာ သေချာစေဖို့ပါ။ ဟိုတယ်ကအစ ဖျော်ဖြေရေးပန်းခြံအဆုံး ရေလွှာလျှောတွေရှိနေတော့ ဒီအလုပ်က အနားယူဖို့တော့ ခက်ခဲပါတယ်။

၄။ ပရော်ဖက်ရှင်နယ် တန်းစီပေးသူ

အချိန်ကို စိတ်ရှည်လက်ရှည်ဖြုန်းနိုင်သူတွေအတွက်ကတော့ ဒီအလုပ်က အသင့်တော်ဆုံးပါ။ ဒီလူတွေက ကုန်ပစ္စည်းမိတ်ဆက်ပွဲတို့လို ဂီတပွဲလက်မှတ် တို့လို အချိန်အကြာကြီး စောင့်ဆိုင်းရတဲ့ အလုပ်တွေအတွက် တန်းစီစောင့်ပေးသူတွေပါ။ စောင့်ရတာ မမောပါဘူးဆိုတဲ့ လူတွေအတွက်ကတော့ ငွေရမြဲရမယ့် အလုပ်ပါ။

၅။ အဝတ်ဗလာကျင်းသရုပ်ပြမော်ဒယ်

နိုင်ငံခြားက အနုပညာကျောင်းသားတွေအတွက်ကတော့ ဒီလိုမျိုး အဝတ်ဗလာကျင်းကိုယ်ဟန်ပြပေးသူကို ကြည့်ပြီး ပန်းချီဆွဲဖို့ လေ့လာသင်ယူရတာဖြစ်လို့ သူတို့အတွက် ဒါကမဆန်းပါဘူး။ စာသင်ခန်းရှေ့မှာ မရှက်မကြောက်ဘဲ နာရီပေါင်းများစွာ ကိုယ်ဟန် အနေအထားအမျိုးမျိုး ပြသနိုင်တယ်ဆိုရင်တော့ ဒါကလစာကောင်းကောင်းရမယ့် အလုပ်ပါ။

၆။ တီကောင်ကောက်သူ

ငါးဖမ်းဖူးတဲ့လူတွေဆို ငါးမျှားချိတ်မှာ ငါးစာအနေနဲ့တပ်ဖို့ တီကောင်ကို ဖမ်းဖူးကြမှာပေါ့။ ဒီလိုမျိုး ငါးဖမ်းသမားတွေနဲ့ ငါးစာရောင်းတဲ့ ဆိုင်တွေဆီ တီကောင်တွေလိုက်ကောက်ပြီး ပို့ပေးရတဲ့ အလုပ်ကို လုပ်ကိုင်ကြသူတွေလည်း ရှိပါတယ်။

၇။ ချော့သိပ်ပေးသူ

ဒီလိုမျိုး ချော့သိပ်ပေးတဲ့ အလုပ်ကို ပရော်ဖက်ရှင်နယ် ကျကျလုပ်နေသူတွေ တကယ် ရှိတယ်ဗျ။ နာရီနှုန်းထားနဲ့တွက်ပြီး ပိုက်ဆံရတာဖြစ်တဲ့ အပြင် ဒါက ကုထုံးတစ်ခုလိုလည်း အစွမ်းထက်ပါတယ်။

၈။ အသုဘအငှားပို့သူ

မြန်မာနိုင်ငံမှာဆို ဘုန်းကြီး ပျံတွေမှာ ဧရင်ကျူး သူဆိုတာရှိပါတယ် ။ တစ်နည်းအားဖြင့် အငှား ငိုပေးတဲ့လူတွေပေါ့ဗျာ။ နိုင်ငံခြားမှာဆိုလည်း ဈာပနကို လာတဲ့လူအရေအတွက်များတယ်ထင်ရအောင် အငှားလိုက်ပေးတဲ့ ဝန်ဆောင်မှုမှာ လုပ်ကိုင်နေကြသူတွေရှိပါတယ်။

၉။ မြွေဆိပ်ထုတ်သူ

မြွေဆိပ်ဆိုတာကို ကျွန်တော်တို့က ကြောက်လို့ ရှောင်ရှားကြပေမယ့် မြွေဆိပ်ဖြေဆေး ထုတ်ဖို့ ဆေးဝါးသုတေသနပြုတဲ့နေရာမှာ ဒီမြွေဆိပ်ကအရေးပါပါတယ်။ မြွေဆိပ်ထုတ်ပေးတဲ့သူတွေက အဆိပ်ပြင်းမြွေတွေရဲ့ ခံတွင်းထဲက မြွေဆိပ်ကို ခဲရာခဲဆစ်ထုတ်ပြီး ပိုက်ဆံရှာကြရပါတယ်။

၁၀။ ကြက်အထီး၊အမခွဲသူ

ဒီအလုပ်ကတော့ ကြက်အကောင်ပေါက်လေးတွေကို အထီး၊ အမခွဲပေးရတဲ့ အလုပ်ပါ။ ကြက်ရဲ့ အမွှေးတွေကနေ ကြည့်ပြီး ခွဲလို့ရသလို ကြက်ရဲ့မစင်ကိုညှစ်ထုတ်ပြီး အူကိုစမ်းသပ်စစ်ဆေးပေးရတဲ့ အလုပ်ဖြစ်ပါတယ်။

Ref: The Most Unusual Jobs
May Moe(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top