ချစ်စရာကောင်းတာလေးတွေကိုမြင်ရင် လက်နဲ့ ဖျစ်ညှစ်ချင်လာရတဲ့ အကြောင်းရင်းကို လေ့လာတွေ့ရှိ

50422507_333062844210912_1120308056991727616_n.jpg

တစ်ခုခုကို ဖျစ်ညှစ်ချင်လာတယ်ဆိုတာမျိုးက အသည်းယားစရာ ချစ်ဖို့ကောင်းတဲ့အရာ တစ်ခုခုကို မြင်ရတဲ့အခါမျိုးမှာ စိတ်ထဲက အလိုလိုဖြစ်ပေါ်လာတဲ့ ခံစားချက်ပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ လေ့လာစမ်းသပ်ချက်ကိုတော့ ကယ်ရီဖိုးနီယား တက္ကသိုလ် (California University) က စိတ်ပညာရှင် ကတ်သရင်း စတာဗရိုပိုရိုစ် (Katherine Stavropoulos) ဆိုသူနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပူးပေါင်း စမ်းသပ်ခဲ့ကြတာပါ။

ဒီစမ်းသပ်ချက်မှာ အသုံးပြုခဲ့တဲ့နည်းလမ်းဟာ လျှပ်စစ်ကို အသုံးပြုပြီး စိတ်ကိုစမ်းသပ်တဲ့ (electrophysiological method) နည်းလမ်းပဲ ဖြစ်ပါတယ်။ အစမ်းသပ်ခံသူတွေဖြစ်ကြတဲ့ ချစ်စရာ တိရစ္ဆာန်ပုံတွေနဲ့ ကလေးငယ်ပုံတွေကို ကြည့်နေတဲ့ လူငယ် (၅၄) ဦးရဲ့  ဦးနှောက် အလုပ်လုပ်ပုံ မှတ်တမ်းတွေကို လျှပ်စစ်နည်းပညာ အသုံးပြုပြီး မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

ပါးဖောင်းဖောင်း၊ မျက်လုံးပြူးပြူးနဲ့ နှာတံသေးသေးလေးတွေပါတဲ့ ချစ်စရာ တိရစ္ဆာန်လေးတွေအပြင် ကလေးငယ်လေးတွေရဲ့ ရုပ်ပုံတွေကိုပါ ပြသပြီး စမ်းသပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလို အသည်းယားတတ်တဲ့ ခံစားချက်ဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်တဲ့အပြင် စိတ်ခံစားချက်နဲ့ပါ ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ကြပြီး ပိုပြီး အသည်းယားစရာကောင်းတယ်လို့ ခံစားရလေလေ ဦးနှောက်ကပိုပြီး အချက်ပြလေလေပဲလို့ ဆိုပါတယ်။

ဒါကြောင့်မို့ အိမ်မွေးတိရစ္ဆာန်လေးတွေကို မြင်တဲ့အခါမျိုးမှာ ဖြစ်ပေါ်လာတတ်တဲ့ ဆွဲညှစ်ချင်စိတ်က ဦးနှောက်နဲ့ စိတ်ရဲ့အတွင်းက စွမ်းအင်နှစ်ခုပေါင်းစပ်ပြီး ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသည်းယားစရာကောင်းတဲ့အရာတွေကို မြင်ရင် ပါးစပ်က “ချစ်ဖို့ကောင်းလိုက်တာ” ဆိုပြီး အာမေဋိတ်သံ ထွက်လောက်အောင် အသည်းယားတတ်သူတွေဟာ သာမန်လူတွေထက် ပိုစိတ်လှုပ်ရှားလွယ်တတ်ကြပြီး မင်္ဂလာဆောင်တဲ့အခါနဲ့ ကလေးမွေးတဲ့အခါမျိုးမှာ မျက်ရည်မခိုင်တတ်ကြသူတွေ ဖြစ်တဲ့အပြင် အရယ်သန်ကြသူတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: 9 gag “Study Explains Why You Want To Squish Cute Things So Hard”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top