လူသားတွေ ဒီဘက်ခေတ်အထိ အယူသီးနေကြဆဲ အစွဲအလန်းများ

35682209_250650752358339_154195755492442112_n.jpg

အစွဲအလန်းဆိုတာက လူတိုင်းမှာ အနည်းနဲ့ အများ ရှိတတ်တဲ့အရာပါ။ တချို့ အစွဲအလန်းတွေက ရူးနှမ်းပြီး အံ့အားသင့်စရာကောင်းပါတယ်။ ဒီနေ့အထိ အများစု စွဲလန်းနေသေးတဲ့အယူအဆတွေကို ဖတ်ကြည့်လိုက်ပါဦး….

ကြောင်နက်

ကြောင်နက်တွေက အနောက်တိုင်းမှာတော့ ကံကြမ္မာဆိုးကို ဆောင်တယ်လို့ အယူရှိပါတယ်။ အလယ်ခေတ်ကတည်းက အောက်လမ်းစုန်းနဲ့ ဆက်စပ်တယ်လို့ ယူဆခဲ့ကြပုံပါပဲ။ ကိုယ်ရှေ့က ကြောင်နက်တစ်ကောင်ဖြတ်သွားရင် မရဏနိမိတ်လို့ကို ယူဆတတ်ကြတယ်။ လောင်းကစားသမားတွေဆို လောင်းကစားဝိုင်းကိုသွားနေတုန်း လမ်းမှာကြောင်နက်ကိုတွေ့တာနဲ့ အဲဒီနေ့အတွက် ဘာမှမလောင်းတော့ဘဲ အိမ်ကိုလှည့်ပြန်တဲ့ အထိအောင်ပါ။

မှန်ကွဲ

မှန်တစ်ခါကွဲရင် ကံဆိုးမှုက ၇နှစ်တန်တယ်တဲ့။ ကြေးမုံမှန်မှာ ကိုယ့်ဝိဥာဉ်ကို ဖော်ကျူးတယ်ဆိုတဲ့ အယူသီးမှုပါပဲ။ မှန်ကွဲတာက ကိုယ့်စိတ်ဝိဥာဉ်ကို ကွဲရှစေသလိုပါလို့ ဆိုတယ်။ တချို့ယဉ်ကျေးမှုတွေမှာ အိမ်မှာ လူတစ်ယောက်ကွယ်လွန်ပြီးရင် ရှိသမျှ မှန်ချပေ်တွကို ဖုံးကာထားကြတယ်။ ဝိဥာဉ်လိပ်ပြာဟာ မှန်ထဲမှာ ပိတ်မိပြီး မကျွတ်မလွတ်မွာ စိုးတာကြောင့်ပါ။

ဆားဖိတ်ကျခြင်း

မူရင်းကတော့ ခရစ်ယာန်တွေရဲ့အယူအဆပါ။ သစ္စာဖောက် ယုဒဟာ သခင်ယေရှူကို သစ္စာမဖောက်ခင် နောက်ဆုံးညစာစားပွဲမှာ မတော်တဆ ဆားဖိတ်ကျခဲ့တာကို အမှတ်သညာယူထားတာပါ။

၆၆၆


မကောင်းဆိုးဝါး နံပါတ်လို့ခေါ်ပါတယ်။ ခရစ်ယာန်တွေရဲ့အယူအဆပါပဲ။ သမ္မာကျမ်းစာထဲပါတဲ့ စေတန်နတ်ဆိုးကို ကိုယ်စားပြုတဲ့၊ ရည်ညွှန်းတဲ့ ၆၆၆ ပါ။ “The Omen” ရုပ်ရှင်ကားထဲမှာ ဒီအယူအဆကို အသေအချာရိုက်ပြထားခဲ့တာကြောင့် လူကြိုက်များခဲ့ပါတယ်။ သမ္မတဟောင်း ရီဂန်ဟာ သမ္မတသက်တမ်းပြီးလို့ အိမ်ပြောင်းရချိန်မှာ သူ့အိမ်ရဲ့ လမ်းနံပါတ်က ၆၆၆ ဖြစ်နေတာကြောင့် ၆၆၈ လို့ ပြောင်းလဲခဲ့ရဖူးတယ်။

လှေကားအောက်ဖြတ်လျှောက်ခြင်း

လှေကားအောက်ဖြတ်လျှောက်တာက ကံဇာတာဆိုးစေပါတယ်တဲ့။ လှေကားရဲ့ လျှောစောက်နဲ့ နံရံနဲ့အကြား တြိဂံပုံဖြစ်နေတာက ခရစ်ယာန်အယူအရ မသင့်တော်ပါဘူး။ သူ့ထက်ပိုကြောက်ရတာကတော့ လှေကားကြီးပြုတ်ကျလာမှာကိုပဲ။

နံပါတ် ၁၃

လူအတော်များများ အယူသီးကြတဲ့ နံပါတ် ၁၃ပါ။ သစ္စာဖောက်ယုဒဟာ ညခင်းစားပွဲမှာ ၁၃ယောက်မြောက်နေရာမှာ ထိုင်နေခဲ့တာကြောင့်လို့လည်း အဆိုရှိပါတယ်။ Friday 13 ဆိုတဲ့ သောကြာနဲ့ ၁၃ရက်နေ့နဲ့ တစ်ထပ်တည်းကျနေတာကိုလည်း ကံဆိုးနိမိတ်ဆိုးလို့ သတ်မှတ်တယ်။ လူနေအဆောက်အအုံကြီးတွေမှာ ၁၂ထပ်ပြီးရင် ၁၄ထပ်ပါ။ ၁၃ထပ်ဆိုတာကို ထားလေ့မရှိပါဘူး။

ဖွင့်ထားတဲ့ထီး

အိမ်ထဲမှာ မဆောင်းဘဲ ဖွင့်ထားတဲ့ထီးဟာ နိမိတ်ဆိုးဖြစ်စေပါတယ်။ ရှေးအီဂျစ်ခေတ်က အယူသီးမှုပါပဲ။ နေရောင်ကနေ ကာကွယ်ဖို့ သုံးရတဲ့ထီးကို အိမ်ထဲမှာဖွင့်ထားရင် နေဘုရားရဲ့ အမျက်တော်ရှခြင်းကိုခံရမှာပါတဲ့။

သစ်သားကို လက်နဲ့ခေါက်ခြင်း

သစ်သားတွေကို လက်နဲ့ခေါက်ပြီး ကံဆိုးမှုကို ခဝါချပစ်တယ်လို့ ဆိုပါတယ်။ မကောင်းဆိုးဝါးကို နှင်ပြီးသားလည်းဖြစ်ပါတယ်။ ပါဂန် (Pagan) ခေတ်က ဆဲလ်တစ်လူမျိုးတွေဟာ သစ်ပင်တွေကို ခေါက်ပြီး နတ်ဘုရား၊ ဝိဥာဉ်တွေကို ပူဇော်ပင့်ဆောင်ပါတယ်။ စောင့်ရှောက်ပေးဖို့၊ အကာအကွယ်ပေးဖို့ ဆုတောင်းကြတာပါ။

အကြွေစေ့ပစ်ခြင်း

ရှေးခေတ်က ရေကန်တွေ၊ ရေတံခွန်တွေကို ရေနတ်ဘုရားရဲ့အိမ်တော်လို့ မှတ်ယူကြတယ်။ လူတွေက ရေကန်ထဲကို အကြွေစေ့ပစ်ပြီး နတ်ဘုရားရဲ့စောင့်ရှောက်မှုအတွက် ကျေးဇူးတော်ချီးမွမ်းကြတယ်။ ဒီဘက်ခေတ်မှာတော့ အစစအရာရာအောင်မြင်ဖို့ နဲ့ ကံကောင်းစေဖို့ ရေကန်ထဲ အကြွေစေ့ပစ်ထည့်ကြပါတယ်။

Ref : msn.com “superstitions and their origins”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top