ဆေးရုံပြတင်းပေါက်ကနေ ငေးမောကြည့်ခဲ့ရတဲ့ ဟိုတယ်မှာ ဝေဒနာသည်မိန်းကလေးငယ်ရဲ့ တစ်မိသားစုလုံး အခမဲ့ တည်းခိုခွင့်ရ

3-6-2022-yyl02.jpg

ဆေးရုံပြတင်းပေါက်ကနေ လန်ဒန်မြို့ရဲ့ အထင်ကရ The Shard တာဝါကြီးကို ငေးကြည့်ရင်း သွားချင်စိတ် တဖွားဖွား ဖြစ်ပေါ်နေခဲ့တဲ့ မိန်းကလေးငယ်ဟာ အခုအချိန်မှာတော့ ရည်မှန်းချက်ပြည့်ဝသွားခဲ့ပါပြီ။ အသက် ၁၄ နှစ်အရွယ်ရှိတဲ့ အန်ဂျယ်ဂရောင်းဟာ မွေးရာပါရောဂါကြောင့် ကျောရိုးအောက်ပိုင်း ကောင်းစွာ ဖွံ့ဖြိုးခြင်းမရှိသလို ညာဘက်ပေါင်ရိုးလည်း ပါဝင်လာခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် သူ့ဘဝ အချိန်တော်တော်များများ ဆေးရုံမှာပဲ အချိန်ကုန်ခဲ့ရသူပါ။

၂၀၁၈ ခုနှစ်မှာတော့ Great Ormond Street ဆေးရုံမှာ ခြေထောက်အောက်ပိုင်းဖြတ်ဖို့ ခွဲစိတ်မှုလုပ်ရင်း သေလုဆဲဆဲ ဖြစ်ခဲ့ပါသေးတယ်။ ခွဲစိတ်မှုအောင်မြင်ခဲ့ပေမဲ့ ရောဂါပိုး ကူးစက်ခံရပြီး သွေးအဆိပ်သင့်ခဲ့တာပါ။ အဲဒီအချိန်ကတည်းက အန်ဂျယ်ဟာ ဆေးရုံပြတင်းပေါက်ကနေ The Shard တာဝါဆီ ငေးမောကြည့်ပြီး သူသိချင်တာအားလုံး သူနာပြုဆရာမကို မေးမြန်းလေ့ရှိပါတယ်။ ” The Shard တာဝါမှာ ရှန်ဂရီလာဟိုတယ်ရှိတယ်လို့ သူ သိလိုက်တော့ သူ အရမ်းသွားချင်နေခဲ့တာပါ” လို့ အန်ဂျယ်ရဲ့အမေ ဟိုလီက ပြောပါတယ်။

အဲဒီနောက်မှာတော့ Make-A-Wish UK ကလေးသူငယ် ပရဟိတအဖွဲ့က အန်ဂျယ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ ပေါင် ၂၀၀၀၀ အကုန်အကျခံပြီး ရှန်ဂရီလာဟိုတယ်မှာ တည်းခိုခွင့်ရအောင် စီစဉ်ပေးခဲ့တာပါ။ သူ့ရဲ့အခန်းထဲမှာလည်း ပူဖောင်းတွေ၊ ပန်းတွေ၊ စားစရာတွေနဲ့ အလှဆင်ပေးထားပြီး ဟိုတယ်စားဖိုမှူးကလည်း အန်ဂျယ် အကြိုက်ဆုံး စားစရာတွေကို သီးသန့်ပြင်ဆင် ချက်ပြုတ်ပေးခဲ့ပါတယ်။

” ဘယ်လောက်အံ့အားသင့်ရလဲဆိုရင် ပြောစရာစကားလုံးတောင် မရှိပါဘူး။ တကယ့်ကို အထူးပုဂ္ဂိုလ်တွေလို ခံစားရပါတယ်။ အန်ဂျယ်က ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခအများကြီးခံခဲ့ရတယ်။ အခုချိန်အထိလည်း ခံစားနေရတုန်းပဲ။ ဒါပေမဲ့ သူ့မျက်နှာမှာတော့ ရဲရင့်မှုအပြည့်ရှိတယ်။ ရှန်ဂရီလာဟိုတယ်မှာ တည်းခိုခွင့်ရတာကတော့ တစ်သက်မှာ တစ်ကြိမ်ရတဲ့ အခွင့်အရေးဖြစ်ပြီး သူ့မှတ်ဉာဏ်ထဲမှာ ထာဝရစွဲမြဲနေမယ့်အရာပါပဲ။ ကျွန်မတို့မိသားစုအားလုံးလည်း ထာဝရအမှတ်ရနေမှာပါ” လို့ ဟိုလီက ပြောပါတယ်။

Ref: Goodnews ” After Dreaming of Luxury Hotel From Hospital Window, They Invited Her Family to Live it Up in $13K/Night Suite”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top