တရုတ်အစိုးရကို ဝေဖန်ခဲ့တဲ့ ပါမောက္ခ ၆ ရက်ကြာ ထိန်းသိမ်းခံရပြီး ပြန်လွတ်လာ

13-7-2020-yyl-011.jpg

တရုတ်အစိုးရကို ဝေဖန်ခဲ့တဲ့ ပါမောက္ခ ရူကျန်းရန်ဟာ ၆ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးချိန်မှာ ပြန်လွတ်မြောက်လာခဲ့တယ်လို့ သူ့ရဲ့မိတ်ဆွေတွေက ပြောပါတယ်။ ဘေဂျင်းမြို့ အခြေခံဥပဒေဆိုင်ရာ ပါမောက္ခဖြစ်တဲ့ ရူကျန်းရန်ဟာ ဇူလိုင်လ ၆ ရက်ကတည်းက နေအိမ်အကျယ်ချုပ်ဖမ်းဆီးခံခဲ့ရသူပါ။ သူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ တုံ့ပြန်မှုကို ဝေဖန်ခဲ့သူပါ။ သမ္မတရှီကျင့်ဖျင်လက်အောက်မှာ ခေါင်းဆောင်ကြီး မော်စီတုံးစတိုင် ဝါဒဖြန့်မှုတွေလုပ်နေတယ်လို့ သူက ဆိုပါတယ်။ ရူကျန်းရန် လွတ်မြောက်လာတဲ့သတင်းကို တရုတ်အာဏာပိုင်တွေက အတည်ပြုခြင်းမရှိသေးပါဘူး။

ဒါပေမဲ့ ရူကျန်းရန်ရဲ့မိတ်ဆွေတွေက သူ ပြန်လွတ်လာပြီဆိုတဲ့သတင်းကို နိုင်ငံတကာသတင်းဌာနတွေထံ ပြောကြားခဲ့တာပါ။ ရူကျန်းရန်ကို ဘာလို့ ဖမ်းဆီးခဲ့တာလဲဆိုတာတော့ မသိရသေးပါဘူး။ ရူကျန်းရန် ဖမ်းဆီးခံရပြီးချိန်မှာ သူ့ဇနီးဆီ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့ပြီး ရူကျန်းရန်က ချန်ဒူးမြို့မှာရှိနေတုန်း ပြည့်တန်ဆာနဲ့ပျော်ပါးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရူကျန်းရန်ရဲ့သူငယ်ချင်းက အဲဒီစွဲချက်ကို ငြင်းဆန်ခဲ့ပါတယ်။ တရုတ်အစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန်သူတွေဟာ ဖမ်းဆီးမှု၊ ထောင်ဒဏ်ချမှတ်မှုတွေ ရင်ဆိုင်ရလေ့ရှိပါတယ်။ တင်းဟွာတက္ကသိုလ်မှာ ထိပ်တန်းပါမောက္ခအဖြစ် ဆယ်စုနှစ် ၂ ခုကြာ တာဝန်ယူခဲ့တဲ့ ရူကျန်းရန်ဟာ သမ္မတရှီကျင့်ဖျင်ကို သမ္မတရာထူးမှ ရာသက်ပန်ရှိနေနိုင်စေမယ့် သမ္မတသက်တမ်းကန့်သတ်ချက် ဖယ်ရှားမှုကို ဆန့်ကျင်ခဲ့လို့ စုံစမ်းစစ်ဆေးခံခဲ့ရသူပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top