ပထမဆုံး လက်ဝှေ့ပွဲပြီးကတည်းက မြန်မာပရိသတ် တွေဆီကရတဲ့ ခံစားမှုကို အရမ်း သဘောကျသွားတယ်ဆိုတဲ့ ဆိုရိစ်မန်ဖရက်ဒီ

youtube-2.jpg

လက်အိတ်မပါဘဲထိုးရတဲ့ လက်ဝှေ့က ပိုလွတ်လပ်မှုရှိပြီး ခေါင်းတိုက်ခွင့်ရှိတယ်ဆိုတာ ဖိုက်တာတစ်ယောက်အတွက် စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ဆိုလာသူကတော့ WLC မှာ ၂ ပွဲထိုး၊ ၂ ပွဲနိုင် မှတ်တမ်းပိုင်ဆိုင်ထားတဲ့ အမျိုးသမီးလက်ဝှေ့မယ် ဆိုရစ်မန်ဖရက်ဒီပါပဲ။ အသက် ၃၁ နှစ်အရွယ်ရှိနေပေမဲ့ အသက်အရွယ်က သူ့အတွက် အတားအဆီးတစ်ခုမဟုတ်သလို WLC ရဲ့ ပထမဆုံး အမျိုးသမီးချန်ပီယံဖြစ်လာဖို့ ယုံကြည်ထားတယ်လို့ ဆိုလာတဲ့ ပြင်သစ်နိုင်ငံသူ ဆိုရိစ်မန်ဖရက်ဒီနဲ့ စကားစမည် ပြောဖြစ်တာကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။

မေး- လက်ဝှေ့ကို စပြီးစိတ်ဝင်စားဖြစ်တဲ့အကြောင်း သိပါရစေ။

ဖြေ- ထိုင်းကို စ‌ရောက်တော့ Kard Chuek (ဗလာလက်သီးပွဲ)ကို တွေ့တယ်။ ကျွန်မ စမ်းထိုးကြည့်ချင်တယ်လို့ နည်းပြကို ပြောတယ်။ ဒါပေမဲ့ လက်ဝှေ့ကိုတော့ အရင်တည်းက သိတာပါ။ Kard Chuek ထိုးပြီးတော့ လက်ဝှေ့ထိုးကြည့်ချင်တယ်လို့ ကျွန်မနည်းပြကို ပြောတယ်။ WLC နဲ့ကျမှ ကျွန်မအိပ်မက် အကောင်အထည်ပေါ်လာတာပါ။

မေး – လက်ဝှေ့လောကထဲ ရောက်လာတဲ့ အဓိကရည်ရွယ်ချက်က ဘာများလဲ။

ဖြေ- လက်အိတ်မပါတော့ ပိုလွတ်လပ်တယ်လို့ ခံစားရတယ်။ ပြိုင်ဘက်ကို အလဲထိုးဖို့ ကန့်သတ်ချက်တွေမရှိဘူး။ ဖိုက်တာတစ်ယောက်အတွက်တော့ ခေါင်းတိုက်ခွင့်ရှိတယ်ဆိုတာ စိတ်ဝင်စားစရာ တိုက်ကွက်တစ်ခုပါ။ ကျွန်မရဲ့ ပထမဆုံး လက်ဝှေ့ပွဲထိုးပြီးတော့ မြန်မာနိုင်ငံနဲ့ မြန်မာပရိသတ်တွေဆီကနေ ရရှိခဲ့တဲ့ ခံစားမှုကို အရမ်းသဘောကျသွားတယ်။ အားကစားက နိုင်ငံတစ်နိုင်ငံအကြောင်း ပိုလေ့လာနိုင်မယ့် နည်းလမ်းကောင်းတစ်ရပ်လို့ ကျွန်မ ယုံကြည်ပါတယ်။

မေး – အသက် ၂၄ နှစ်ကျမှ သိုင်းပေါင်းစုံ စကစားခဲ့တာနော်။ လက်ဝှေ့စထိုးချိန်မှာ မင်းအတွက် အကြီးကျယ်ဆုံး စိန်ခေါ်မှုက ဘာလဲ။

ဖြေ – အဲဒီအရွယ်လောက်ကျမှ သိုင်းပေါင်းစုံနဲ့ တိုက်ခိုက်ရေးအားကစားကို စလေ့ကျင့်ဖြစ်ခဲ့တာပါ။ စတင်လေ့ကျင့်ပြီး ၂ နှစ်အကြာမှာ ပြိုင်ပွဲဝင်ခဲ့တယ်။ လက်ဝှေ့စထိုးတော့ ကျွန်မအတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ ပထမဆုံးပွဲ ပွဲဦးထွက် အနိုင်ရရေးနဲ့ ခေါင်းတိုက်ကွက်သုံးဖို့ အာရုံစိုက်ရတာပါပဲ။ ခေါင်းတိုက်ကွက်က လက်ဝှေ့ရဲ့ လက်နက်တစ်ခုပဲလေ။ ကျွန်မအတွက်တော့ လက်ဝှေ့ထိုးတယ်ဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်း လက်နက်အားလုံးကို ထုတ်သုံးဖို့ပါပဲ။ မြန်မာနိုင်ငံမှာတော့ မွေထိုင်းမှာ ထိုးသလို ထိုးနေမှာမဟုတ်ပါဘူး။

မေး – WLC မှာ အမျိုးသမီးချန်ပီယံမထွက်ပေါ်သေးဘူးနော်။ မင်းက WLC ရဲ့ ပထမဆုံး အမျိုးသမီးချန်ပီယံ ဖြစ်လာမယ်လို့ ယုံကြည်ထားလား။

ဖြေ – ဟုတ်ကဲ့ ယုံကြည်ထားပါတယ်။ အဲဒီရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနေဖို့ မနေမနား ကြိုးစားလေ့ကျင့်နေတယ်ဆိုတာကိုလည်း ယုံကြည်ထားပေးပါ။

မေး – မင်းက ၃၁ နှစ်ရှိပြီနော်။ WLC ရဲ့ ပထမဆုံး အမျိုးသမီးချန်ပီယံဖြစ်လာရေး ရည်မှန်းချက်အတွက် မင်းရဲ့အသက်အရွယ်က အတားအဆီးတစ်ရပ် ဖြစ်နေတယ်လို့ ထင်မိလား

ဖြေ – လုံးဝမထင်ပါဘူး။ ကျွန်မက ရင့်ကျက်နေပါပြီ။ အတိတ်မှာ တွေ့ကြုံခဲ့ရတာတွေများတော့ တော်ရုံကိစ္စတွေကို မဖြုံတော့ပါဘူး။ ကျွန်မရဲ့ လက်ရှိပုံစံနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ယုံကြည်ပါတယ်။ ကျွန်မအမြင်တော့ ကျွန်မအသက်အရွယ်က ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ပြီးပြည့်စုံတဲ့ အပိုင်းအခြားပါ။

မေး – ကပ်ရောဂါကြုံနေရတဲ့ ဒီကာလအတွင်း ဘာတွေ လုပ်ဖြစ်လဲ။

ဖြေ – အရင်အတိုင်း နေ့တိုင်းလေ့ကျင့်လို့ရအောင် နည်းပြဆရာနဲ့ အားကစားခန်းမမှာ နေတယ်။

မေး – လက်ဝှေ့ကြိုးဝိုင်းထဲ ဘယ်တော့လောက် ပြန်လာဖို့ရှိလဲ။

ဖြေ – ထိုင်းမှာတော့ ဒီလကုန်ကျမှ အားကစားကွင်းတွေ ပြန်ဖွင့်လောက်တယ်။ အဲဒီတော့ ဒီလကုန် ဒါမှမဟုတ် ဇူလိုင်လထဲရောက်မှ ပွဲထိုးဖြစ်လောက်တယ်။

မေး – မင်း အကြိုက်ဆုံးလက်ဝှေ့သမားကို သိပါရစေ။ ဘာကြောင့် ကြိုက်တာလဲဆိုတာရောပေါ့။

ဖြေ – ဝင်းထွန်းရဲ့ ထိုးဟန်ကို သဘောကျတယ်။ သူက အရမ်းပြီးပြည့်စုံတဲ့ လက်ဝှေ့သမားပါ။ လက်သီးထိုးတာရော၊ ဒူးတိုက်ရော၊ ခြေကန်ရော၊ ခေါင်းတိုက်ရော ကောင်းတယ်။ သူ့ရဲ့ နောက်ပြန်ကန်ချက်တွေကလည်း အံ့စရာပဲ။ သူက အဲဒီလက်နက်တွေကို ထောင့်စေ့အောင် အသုံးပြုနိုင်တယ်။

မေး – တိုက်ခိုက်ရေးအားကစားမယ်ဖြစ်လာချင်တဲ့ အမျိုးသမီးငယ်တွေကို ဘယ်လို အကြံပေးချင်လဲ။

ဖြေ – ဘောက်ဆင်ထိုးတယ်ဆိုတာ အမျိုးသားတွေရဲ့အားကစားပါ။ ဒီအားကစားလောကထဲမှာ အောင်မြင်မှုရချင်တယ်ဆိုရင်တော့ အမျိုးသားတွေထက် ပိုအားထုတ်ဖို့လိုတယ်။ အရာတိုင်းကို သက်သေပြနိုင်ဖို့ အသင့်ဖြစ်နေရမယ်။

မေး – မင်းရဲ့ပရိသတ်တွေကို ဘယ်လိုစကားလက်ဆောင်ပါးချင်လဲ

ဖြေ – ကျွန်မကို အားပေးတဲ့ ပရိသတ်အားလုံး၊ ပွဲထိုးနေချိန်အတွင်း စိတ်အားတက်လာအောင် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မက တစ်ကမ္ဘာလုံးကို အံ့အားသင့်အောင်လုပ်ဖို့ တိုက်ခိုက်ရေးအားကစားလောကထဲ ဝင်ရောက်လာတာပါ။ ကျွန်မထိုးတဲ့ပွဲစဉ်တွေမှာ နည်းစနစ်ပိုင်းနဲ့ ခပ်ကြမ်းကြမ်း တိုက်ကွက်တွေ မျှော်လင့်နေကြတဲ့ ပရိသတ်အားလုံးအတွက် သူတို့မျှော်လင့်သလို စွမ်းဆောင်ပေးမှာပါ။ ဒီအင်တာဗျူးအတွက် ရှင့်ကိုလည်း ကျေးဇူးတင်ပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top