ဘုရားဖူးမယ်၊ ရှုခင်းကြည့်မယ် အကောက်တောင် တခွင်ဝယ်

01.jpg

အကောက်တောင်ဆိုတာနဲ့ ဧရာဝတီမြစ်ကမ်းနားက ကျောက်တောင်တွေမှာ ဗုဒ္ဓရုပ်ပွားတော်တွေ အများကြီး ထွင်းထုထားတဲ့နေရာဆိုတာ သိပြီးသား ဖြစ်မှာပါနော်။

သွားမယ်ဆိုရင်တော့ ဆောင်းတွင်းအချိန်က အကောင်းဆုံးပါပဲ။ ပြည် – အကောက်တောင်လို့ အလွယ်ခေါ်ကြပေမယ့် အကောက်တောင်က တကယ်တော့ ပဲခူးတိုင်း၊ ထုံးဘိုမြို့အလွန်၊ ဧရာဝတီတိုင်း၊ ကြံခင်းမြို့ထဲမှာ ရှိတာပါ။

ရန်ကုန်ကနေ ည၉နာရီကတည်းက ထွက်လာခဲ့လိုက်တာ ထုံးဘိုမြို့က မြစ်ဆိပ်ကို မနက်၄နာရီသာသာမှာ ရောက်တယ်။ သိပ်စောလွန်းတော့ စက်လှေတွေလည်း မထွက်သေးဘူးလေ။

မြစ်ဆိပ်နားမှာ ထုံးဘိုဈေးဆိုတာရှိတယ်။ ဈေးတန်းရှေ့က စားသောက်ဆိုင်မှာ မုန့်ဟင်းခါး၊ ထမင်းကြော်၊ လက်ဖက်ရည် စတာတွေရတယ်။ အဲ့သည့်မှာပဲ မျက်နှာသစ်၊ မနက်စာစားပြီးတော့ အချိန်ရသေးတာနဲ့ ထုံးဘိုဈေးထဲ တစ်ပတ်ပတ်ကြည့်တယ် ဆိုပါတော့။ ဝေလီဝေလင်းအချိန်အခါဆိုပေမယ့် ဈေးထဲမှာ ဈေးသည်တွေ အများကြီး ခင်းကျင်းရောင်းချနေပြီ။ ကန်စွန်းဥ၊ ဆီးသီး၊ ဒန့်သလွန်သီးတွေ ဈေးချိုတယ်။ ကောင်းညှင်းရွှေကျည်၊ ဆနွင်းမကင်းတွေဆိုလည်း ဆေးသကြားမသုံးဘဲနဲ့ အရသာရှိတယ်ဆရာ။ ရန်ကုန်နဲ့ ကွာခြားချက်က မနက်၉နာရီလောက်ဆိုရင် ဈေးကွဲပြီ။ ၆နာရီခွဲမှပဲ လှေဆိပ်ဆင်းဖြစ်တော့တယ်။

လှေဆိပ်ရောက်တော့ ရုတ်တရတ် အံ့ဩမှင်သက် သွားလောက်အောင်ကို အာရုဏ်တက်ချိန်က ဖမ်းစားလွန်းတယ်။ ဧရာဝတီမြစ်ရေပြင်ပေါ်ကို ပုစွန်ဆီရောင် အလင်းမှုန်တွေက ဖြာကျနေတယ်လေ။ ပုစွန်ဆီရောင် အလင်းတွေက ရေနဲ့တွေ့ပြီး ပတ္တမြားကို မီးထိုးထားသလို အရောင်တွေ တဖြတ်ဖြတ်ခါနေတာပါဆို။ စက်လှေတစ်စီးကို လူ၂၅ယောက်ထက် ပိုမတင်ဘူး။ အသွားအပြန်အတွက် တစ်စီးလုံးစာကို ၁၅၀၀၀ ပေးရပါလိမ့်မယ်။ အဖွဲ့လိုက် လူစုသွားရင်တော့ တွက်ခြေကိုက်မှာပါ။ လှေတစ်စီးမှာ ပဲ့ကိုင်သူအပြင် နယ်ခံကလေးတစ်ယောက်လောက် အနည်းဆုံး ပါလာတတ်တယ်။ သူတို့က ဘုရားသမိုင်း အကျဉ်းလောက် ရှင်းပြပေးပါလိမ့်မယ်။ ပြီးတော့ လှေအတက်အဆင်း မချောကြအောင် ဝိုင်းကူထိန်းပေးသေးတယ်။ ပိုက်ဆံမတောင်းပေမယ့် စေတနာရှိရင်တော့ မုန့်ဖိုးနည်းနည်းပါးပါး ပေးခဲ့နိုင်ပါတယ်။

တောင်နှစ်လုံးကြား ရောက်တော့ သည်နေရာက ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း ကြားနယ်နိမိတ်ပါတဲ့။ ဟုတ်ပါတယ်… တစ်ဖက်ကတောင်မှာ ပဲခူးတိုင်းလို့ ရေးထားပြီး နောက်တစ်တောင်မှာတော့ ဧရာဝတီတိုင်းလို့ စာရေးထားတာ တွေ့လိုက်ရတယ်။

တိုင်းနှစ်တိုင်း အစပ်နားလောက်ကနေ စပြီးတော့ ကျောက်တောင်နံရံထွင်း ဗုဒ္ဓရုပ်ပွားတော်တွေကို မြစ်ကြောဘက်ကနေ ဖူးမြင်နိုင်ပါပြီ။ ဆင်းတုတော်ပေါင်း ၃၇၀ ရှိတယ်လို့ ဆိုထားပေမယ့် ကမ်းပါးတွေ ပြိုကျရာကနေ ဆင်းတုတော်အချို့ မြစ်ထဲ ထပ်ကျသွားသေးတယ်လို့ သိရတယ်။ ရုပ်ပွားတော်တွေမှာ ထိုင်တော်မူ၊ ရပ်တော်မူ၊ လျောင်းတော်မူ ပုံစံသုံးမျိုးတွေ့ခဲ့တယ်။

နောက်ထပ် ၁၅မိနစ်လောက် စက်လှေစီးပြီးရင်တော့ အကောက်တောင်ကို ရောက်ပါပြီ။ အကောက်တောင်နား မရောက်ခင် ရှုခင်းက အလှဆုံးပါပဲ။

တောင်နဘေးကနေ နေလုံးတဖြည်းဖြည်း ထွက်လာပုံက မျက်စိမလွှဲနိုင်လောက်အောင်ပဲလေ။ နေထွက်ချိန်တော့ အမှီသွားမှ သည်ရှုခင်းကို တွေ့နိုင်မှာပါ။ တောင်ခြေမှာ လှေဆိုက်ကပ်ပြီးရင် လှေကားထစ်တွေအတိုင်း တက်သွားရင် ရှုခင်းလေးတွေလည်း ကြည့်သွားစေချင်မိတယ်။

လမ်းပြေပြေလေးပဲ ဆိုပေမယ့် နည်းနည်းတော့ မောတာပေါ့။

တောင်တက်လမ်း နဘေးမှာ ဈေးသည်အချို့လည်း ဈေးလာရောင်းကြလေရဲ့။ တောင်ထိပ်ရောက်ရင်ဖြစ် တစ်ဖက်ကမ်းကို လှမ်းကြည့်လိုက်ပါ။

တမျှော်တခေါ် စပါးခင်းစိမ်းတွေနဲ့ လယ်ကွင်းတွေရယ်၊ လယ်ကွင်းနောက်ခံက မြူစိုင်းနေတဲ့ ကုန်းမြင့်တွေရယ်၊ ဧရာဝတီမြစ်ကြောတလျှောက် စုန်ဆန်သွားလာနေတဲ့ ရေယာဉ်အမျိုးမျိုးနဲ့ ပနံရလို့နေတယ်။

/* နောက်ကြောင်းပုံရိပ်များ */

အကောက်တောင်ကို ရှေးတုန်းက ရတနာ၇ပါး စုဝေးရာတောင် ဖြစ်လို့ ရတနာပုဥ္စတောင်လို့ ခေါ်ကြတယ်။ တောင်ရဲ့ မနီးမဝေးမှာ သီရိဘင်္ဂလွန်ဆိုတဲ့ မြို့တစ်မြို့ရှိတယ်။ သီရိဘင်္ဂလွန်မြို့ကို အုပ်စိုးတဲ့မင်းကိုလည်း သီရိဘင်္ဂလွန်မင်းလို့ပဲ ခေါ်ကြပြန်တယ်။ မင်းကြီးမှာ မဟာပုဥ္စန၊ စူဠပုဥ္စန၊ သံပုဥ္စန ဆိုပြီး သားတော်သုံးပါးရှိပါတယ်။ တစ်နေ့မှာ မင်းကြီးက သူရရှိထားတဲ့ ဓာတ်တော်မွေတော်တွေကို သားသုံးယောက်ကို တစ်ဆူစီပေးပြီး စေတီပုထိုး တည်စေခဲ့တယ်။ အိမ်ရှေ့မင်းသားဖြစ်တဲ့ သားတော်အကြီး မဟာဥ္စနမင်းသားဟာ စေတီမှာ ဌာပနာမယ့် ရတနာတွေကို သိန္ဓဝအမည်ရမြင်းပေါ်တင်ပြီး ရတနာပုဥ္စတောင်ပေါ်ကို တက်လာခဲ့တယ်။ အိမ်ရှေ့မင်းသားဟာ တောင်စွန်းမှာ ကျောက်ဖျာလေးချပ်ကို အကာပြုပြီး ဌာပနာထည့်သွင်းစေတယ်။ ဌာပနာ အပေါ်ကနေ ကျောက်ဖျာတစ်ချပ်နဲ့ ပြန်ဖုံးအုပ်စေတယ်။ ပြီးမှ အပေါ်ကနေ ငုံပြီး စေတီတည်လိုက်တယ်။ စေတီဘွဲ့တော်ကိုလည်း ရတနာပုဥ္စစေတီလို့ ပေးစေတယ်။ ရွှေတွေကို မြင်းနဲ့သယ်ခဲ့လို့ ရွှေမြင်းတင်စေတီလို့လည်း လူသိများလာခဲ့တယ်။

ညီအလတ် စူဠပုဥ္စနမင်းသားက သူရရှိတဲ့ ဓာတ်တော်ကို ရတနာပုဥ္စတောင်ရဲ့ တောင်ဘက် တစ်ဖာလုံမှာလည်းကောင်း၊ ညီအငယ် သံပုဥ္စနမင်းသားက ရတနာပုဥ္စတောင်ရဲ့ မြောက်ဘက် တစ်ဖာလုံမှာလည်းကောင်း အသီးသီး စေတီတည်ကြတယ်။ စေတီဘွဲ့တွေကတော့ ရထာပုဥ္စစေတီနဲ့ သကဋာပုဥ္စစေတီ ပါတဲ့။ ညီအလတ်နဲ့ ညီအငယ် တည်ထားတဲ့ စေတီနှစ်ဆူကတော့ သိုက်တူးသမားတွေ ဌာပနာဖောက် ခိုးယူသွားလို့ ပျက်စီးပြိုကျသွားပါပြီ။

/* ဘာတွေ့လေ့လာနိုင်သေးသလဲ */

တောင်ထိပ်မရောက်ခင် တစ်ဆင့်အလိုလောက်မှာ ကျောက်နံရံထွင်း ရှေးဟောင်းရုပ်ပွားတော်တွေကို လေ့လာနိုင်ပါတယ်။

တောင်စောင်းထိပ်မှာ ရွှေမြင်းတင်စေတီကို ဖူးမျှော်နိုင်ပါပြီ။

တောင်ထိပ်လှေကားထစ်တွေရဲ့ ညာဘက်ခြမ်းမှာ နဂါးတွင်းလို့ ခေါ်ကြတဲ့ သဘာဝအတိုင်း အပေါက်သုံးပေါက်ပါ ကျောက်စိုင်ကြီးတစ်ခုရှိတယ်။

အရှေ့ဆက်လျှောက်သွားမယ်ဆိုရင် သက်သတ်လွတ်စတုဒီသာကျွေးတဲ့ အဆောင်တစ်ခုရှိတယ်။

ပြီးတော့ တရားပေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းလဲရှိတယ်။

ဘုန်ကြီးကျောင်း အရှေ့ဘက်နံရံမှာ နတ်ရေကန်သို့ ဆိုပြီး လမ်းညွှန်စာရေးထားတယ်။ လမ်းညွှန်အတိုင်း တောင်ကမ်းပါးကို ကပ်ပြီးဆင်းသွားရတယ်။ လမ်းက တော်တော်မတ်စောက်တယ်။ လမ်းအနေနဲ့ တိတိပပ မဖောက်လုပ်ထားရသေးတော့ သစ်ပင်အမြစ်ကြီးတွေကို တွယ်ပြီး သတိထားဆင်းရတယ်။

ခြေတစ်ချက်ချော်တာနဲ့ ဧရာဝတီမြစ်ထဲ ပြုတ်ကျပြီးသားပဲ။ လမ်းပဲကြမ်းတာ ခရီးက ၅မိနစ်သာသာလောက် နီးနီးလေးရယ်။

နတ်ရေကန်ဆိုပေမယ့် ကျောက်ခွက်လေးထဲကို ရေတွေစိမ့်ဝင်နေတာမျိုးပါ။

ကျောက်ခွက်နားက တောင်နံရံကို ပိုက်တစ်ချောင်းထိုးထည့်ထားတာ တွေ့ခဲ့တယ်။ အဲ့သည့်ပိုက်ကနေ ရေချိုတွေက မြေပေါ်စီးကျနေတယ် ဆိုပါတော့။ နတ်ရေကန်ကြည့်ပြီးနောက် တောင်ပေါ်ပြန်တက်တာ အဆင်းလောက် ကြောက်ဖို့ မကောင်းတော့ဘူး။ သစ်ပင်တွေ၊ ကျောက်ခဲကြီးတွေကို လက်နဲ့ ကုပ်ကပ်အားပြုပြီး တက်ရတယ် ဆိုပါတော့။

တရားပေးတဲ့ ကျောင်းဘေးက လမ်းအတိုင်း ဆက်သွားလိုက်ပါ။ အနည်းငယ်ပြန့်ပြူးနေတဲ့ ညောင်၉ပင်ဌာနကို ရောက်ပါလိမ့်မယ်။ အကောက်တောင်ပေါ်မှာ စတင်သာသနာပြုခဲ့တဲ့ ဆရာတော်ဦးပညာ တရားအားထုတ်ခဲ့တဲ့နေရာဆိုတာ သည်နေရာပေါ့။

ရှေးကတည်းက ပေါက်ရောက်ရှင်သန်နေတဲ့ ညောင်ပင်ကြီးကိုးပင်၊ စေတီပုထိုးတွေ၊ အလေ့ကျအပင်တွေနဲ့ သာယာတဲ့နေရာလေး တစ်ခုပါပဲ။

အားလုံးလေ့လာပြီးလို့ရှိရင် ရွှေမြင်းတင်စေတီဆီ ပြန်လျှောက်လာပြီး တောင်ထိပ်လှေကားထစ်တွေရဲ့ ဘယ်ဘက်ခြမ်းအတိုင်း သွားကြည့်ရင် ဈေးတန်းလေးတစ်ခု တွေ့ပါလိမ့်မယ်။

အကောက်တောင်ပေါ်ထိ ကားလမ်းပေါက်နေပြီဖြစ်လို့ ရေလမ်းက မလာရဲသူတွေအတွက်လည်း အဆင်ပြေပါပြီ။ ကိုယ်ကတော့ အားလုံးကို ဧရာဝတီမြစ်ကြောအတိုင်းသာ လာစေချင်တယ်။ ဒါမှလဲ ကျောက်တောင်နံရံတွေမှာ ထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ကြည့်လို့ ရမှာလေ။

ပြည်အကောက်တောင် နေ့ချင်းပြန်ခရီးလက်မှတ်က ပုံမှန်ဆိုရင် စားရိတ်ငြိမ်း တစ်စောင်ကို ၃သုံးသောင်းခွဲပဲ ကျမှပါ။ လက်မှတ်ဝယ်တော့ တော်ဝင်နန်းထိပ်ထားကို ရွေးချယ်ဖြစ်တယ်။ ကိုယ် အဲ့ Tour နဲ့ သွားတာ ဆယ်ကြိမ်ကျော်နေပြီလေ။ သွားနေကျဆိုတော့ Discount ရသလို၊ ထိုင်ခုံနေရာဆိုလည်း ကိုယ်တောင်းတဲ့နေရာ စီစဉ်ပေးလေတော့ အဆင်ကိုချောနေတာပဲ… အချိန်ရရင် အကောက်တောင်တကြောကို တစ်ခါတစ်ခေါက်တော့ သွားလည်ကြပါလို့ တိုက်တွန်းရင်း တော်သေးပြီ။

Chan Myae Ei
#travellerchan

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top