မြေပဲစားသုံးရမယ့် တစ်နေ့တာပမာဏနဲ့ အလွန်အကျွံစားသုံးခြင်းရဲ့ဘေးထွက်ဆိုးကျိုး

7-2-2022-yyl01.jpg

မြေပဲကို အဆာပြေမုန့်အနေနဲ့ စားရတာကြိုက်တဲ့သူတွေရှိကြလား။ တစ်ခါတလေ အဆာပြေမုန့်အနေနဲ့ အများကြီးစားမိရင် မအီမသာဖြစ်ရတတ်ပါတယ်။ မြေပဲက ကျန်းမာရေးနဲ့အညီညွှတ်ဆုံးအခွံမာသီးတွေထဲက တစ်ခုဖြစ်ပေမဲ့ တစ်ခါတည်းနဲ့ ပမာဏအများကြီးစားသုံးမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတချို့ရှိလာနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို မြေပဲ ဘယ်လောက်ပမာဏစားသုံးပေးနိုင်လဲ၊ မြေပဲရဲ့ဘေးထွက်ဆိုးကျိုးက ဘာတွေလဲဆိုတာကို ဗဟုသုတအနေနဲ့ တင်ဆက်ပေးမှာဖြစ်ပါတယ်။

တစ်နေ့ကို မြေပဲ ဘယ်လောက်ပမာဏစားသုံးပေးနိုင်လဲ

မြေပဲက ပရိုတိန်း၊ အဆီ၊ အမျှင်ဓာတ်နဲ့ အခြားအာဟာရဓာတ်တွေ ကြွယ်ဝပါတယ်။ ခန္ဓာကိုယ်က မကောင်းတဲ့ ကိုလက်စထရောပမာဏကိုလျှော့ချပေးနိုင်တဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဆီအနှစ်တွေပါဝင်ပါတယ်။ မဂ္ဂနီစီယမ်၊ ဖောလစ်၊ ကော်ပါးနဲ့ အာဂျင်နင်း (arginine) လို သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ပုံမှန်စားပေးရင် အကျိုးရှိပါတယ်။ မြေပဲကို ပုံစံအမျိုးမျိုးလုပ်စားပေးနိုင်ပါတယ်။ တစ်နေ့ကို လက်တစ်ဆုပ်စာ စားပေးရင် လုံလောက်ပါတယ်။ တစ်နေ့ကို ပေါင်မုန့်ချပ်တွေပေါ် မြေပဲထောပတ်တွေဖြူးစားမယ်ဆိုရင် စားပွဲတင်ဇွန်း (၂) ဇွန်းက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ပမာဏပါပဲ။ မြေပဲစားဖို့ အကောင်းဆုံးအချိန်က ညနေခင်းမှာ အဆာပြေမုန့်အနေနဲ့ပါ။

မြေပဲ စားသုံးရင် ဘာလို့ ဂရုစိုက်ပြီးစားသင့်တာလဲ

သတ္တုဓာတ်စုပ်ယူမှုကို ဟန့်တားနိုင်တယ်

မြေပဲက ဖိုက်တစ်အက်ဆစ် (Phytic acid) ပုံစံနဲ့ သိုလှောင်ထားတဲ့ ဖော့စဖရပ်စ်ရဲ့အကောင်းဆုံးအရင်းအမြစ်ဖြစ်ပါတယ်။ တစ်ခါတည်းနဲ့ ဖိုက်တစ်အက်ဆစ်ကို အများကြီးစားသုံးတာက သံဓာတ်၊ ဇင့်စ်၊ ကယ်စီယမ်နဲ့ မဂ္ဂနီစယမ်လို အခြားသတ္တုဓာတ်တွေ စုပ်ယူမှုကို ဟန့်တားနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အာဟာရချို့တဲ့မှုကို ဖြစ်စေနိုင်ပြီး အခြားကျန်းမာရေးပြဿနာတွေလည်း ဝင်ရောက်လာနိုင်ပါတယ်။

ကိုယ်အလေးချိန်တက်စေတယ်

မြေပဲက ဈေးချိုပြီး ကျန်းမာရေးနဲ့ညီညွှတ်ပေမဲ့ ကယ်လိုရီများတဲ့အတွက် ဝိတ်ချနေတဲ့သူတွေ အများကြီးစားသုံးဖို့ အဆင်မပြေပါဘူး။ ဝိတ်ချနေရင်းနဲ့ မြေပဲအများကြီးစားသုံးမယ်ဆိုရင် သင့်ရဲ့ဝိတ်ချနေတဲ့အစီအစဉ်ကို ပျက်ပြားစေပြီး ကိုယ်အလေးချိန်တက်လာစေနိုင်ပါတယ်။ သင်က ဝိတ်ချနေတဲ့အတွက် အစာရှောင်နေတယ်ဆိုရင် မြေပဲလက်တစ်ဆုပ်စာက လုံလောက်ပါတယ်။ အဲဒီပမာဏက သင့်ကို ကယ်လီရီ ၁၇၀ ပေးစွမ်းမှာဖြစ်ပြီး အချိန်အကြာကြီး ဗိုက်ပြည့်နေစေမှာဖြစ်ပါတယ်။

အစာအိမ်ပြဿနာတွေဖြစ်စေနိုင်ပါတယ်

မြေပဲကို တစ်ခါတည်းနဲ့ အများကြီးစားသုံးတာက အစာအိမ်ကိုမအီမသာဖြစ်စေနိုင်ပါတယ်။ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ လေအောင့်တာတွေက မြေပဲအများကြီးစားသုံးတာနဲ့ဆက်စပ်မှုရှိပါတယ်။ ဒါကြောင့် သင်က အစာအိမ်ပြဿနာရှိတဲ့သူဆိုရင် မြေပဲကို ချင့်ချိန်စားသုံးပေးသင့်ပါတယ်။

မြေပဲနဲ့ ဓာတ်မတည့်ဖြစ်တတ်တယ်

မြေပဲနဲ့ဓာတ်မတည့်တာက အထူးသဖြင့် ကလေးတွေမှာ အဖြစ်များပါတယ်။ မြေပဲပမာဏအနည်းငယ်ကတောင် တချို့လူတွေကို ဓာတ်မတည့်မှုဖြစ်စေနိုင်ပြီး နှာစေးတာ၊ လည်ချောင်းနဲ့ပါးစပ်မှာ ယားယံတာ၊ အရေပြားပြဿနာတွေ၊ အသက်ရှုမဝတာနဲ့ အစာခြေလမ်းကြောင်းဆိုင်ရာပြဿနာတွေအထိ ဖြစ်လာနိုင်ပါတဘ်။ မြေပဲစားတဲ့အခါ ဒီလက္ခဏာတွေဖြစ်တတ်လာဆိုတာကို သတိထားပြီး ဖြစ်လာတယ်ဆိုရင် ချက်ခြင်းကုသမှုခံယူပါ။ အဲလိုမှမဟုတ်ရင် အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်။

Ref: Peanuts: How Much Should You Eat In A Day, And Side-Effects Of Consuming Too Much Of It

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top