Air Quality Yangon သည် Save the Children မှ SHIFT အစီအစဉ်၏ ပံ့ပိုးမှုဖြင့် မမြင်နိုင်သော လေထုညစ်ညမ်းမှု၏ အန္တရာယ်ကို သတိပြုမိလာစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်၊ ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၀ ။ ။ အသက် ၁၇ နှစ်မှ ၂၃ နှစ်အရွယ် လူငယ်များ ဦးဆောင်ပါဝင်သည့် Air Quality Yangon (AQY) သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင် ဒေါက်တာ Air Bear ၏ အကူအညီဖြင့် လေထု ညစ်ညမ်းမှုနှင့် ၎င်း၏ အန္တရာယ်များသော အဆင့်များအကြောင်း အသိပညာမြှင့်တင်ပြီး အကြောင်းအရာ အရင်းအမြစ်များကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ပထမဦးဆုံး ဆိုရှယ်ကမ်ပိန်းတစ်ခုကို စတင်ခဲ့ပါသည်။ ထို့အပြင် အဆိုပါ လူငယ်များ ဦးဆောင်သည့် ကမ်ပိန်းသည် ရန်ကုန်မြို့တော် လေထုသန့်ရှင်းစေရေးအတွက် ထိ‌ရောက်သော နည်းလမ်းများ ဖော်ဆောင်ကာ ပံ့ပိုးပေးခြင်းဖြင့် အများပြည်သူနှင့် သက်ဆိုင်သော လုပ်ဆောင်မှုများကို အားပေးရန် ရည်ရွယ်ပါသည်။

Air Quality Yangon သည် ရန်ကုန်တစ်မြို့လုံးရှိ လေထုအရည်အသွေးဆိုင်ရာအချက်အလက်‌များအား စုဆောင်း
ရယူနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် ဝက်ဝံရုပ်တစ်ရုပ်ကို ဖန်တီးခဲ့ပါသည်။ အဆိုပါ ဝက်ဝံရုပ်အား အဖြူရောင်ဝါဂွမ်းစဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ ရန်ကုန်မြို့ရှိ နေရာအများအပြားသို့ လှည့်လည်သွား လာနေမည်ဖြစ်ပါသည်။ ထိုသို့ ရန်ကုန်မြို့ရှိ လမ်းများတွင် လျှောက်သွားရင်း လေထုထဲရှိ ဖုန်မှုန့်များသည် ဝက်ဝံ၏ အဖြူရောင် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ကာ နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ တဖြည်းဖြည်း ညစ်ပတ်လာကာ အညိုရောင်အဖြစ်သို့ ပြောင်းလဲလာမည် ဖြစ်ပါသည်။ ဤအချက်သည် မိမိတို့ ရှူရှိုက်နေသော ရန်ကုန်မြို့ရှိ လေထုသည် ညစ်ညမ်းနေကြောင်း မြင်သာအောင် ကိုယ်စားပြု ပြသခြင်းဖြစ်ပါသည်။

ဒေါက်တာ Air Bear ၏ လှုပ်ရှားမှုများကို လမ်းသွားလမ်းလာ ပြည်သူလူထုက သတိထားမိကာ စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီး Air Quality Yangon အဖွဲ့အနေဖြင့် ၎င်းတို့၏ လေထုညစ်ညမ်းမှုနှင့် ပတ်သက်သော ဗဟုသုတများကို မျှဝေပေးခြင်းဖြင့် ပြည်သူလူထုနှင့် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် Air Quality အဖွဲ့သည် ၎င်းတို့၏ သိပ္ပံနည်းဖြင့် စနစ်တကျ ဖြည့်စွက်ထားသော လေထုညစ်ညမ်းမှုဆိုင်ရာ အကြောင်းအရာအချက်အလက်များ ပါဝင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လူအများက မိမိတို့ ရှူရှိုက်နေသော လေထုကို ဂရုပြုလာစေရန်အတွက်လည်း အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။

Air Quality Yangon ၏ ရည်ရွယ်ချက်သည် ရန်ကုန်မြို့လေထုအရည်အသွေးကို အချိန်နှင့်တစ်ပြေးညီ အချက်အလက်များ စုဆောင်းတင်ပြပေးခြင်းဖြင့် လူအများအား သတင်းအချက်အလက်မျှဝေရန်၊ မြန်မာနိုင်ငံသားများအတွက် လေထု ညစ်ညမ်းမှု အန္တရာယ်များကို ပိုမိုသိရှိလာစေရန်နှင့် ရိုးရှင်းသော လူနေမှုပုံစံအပြောင်းအလဲများ ပြုလုပ်ခြင်းသည် လေထု ညစ်ညမ်းမှုကို လျှော့ချပေးနိုင်သည့် ဥပမာများကို ပြသပေးရန် ဖြစ်ပါသည်။

“ဒေါက်တာ Air Bear နဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က မမြင်နိုင်တဲ့ ခြိမ်းခြောက်မှုကို လူအများ စိတ်ဝင်တစား ပါဝင် လာနိုင်တဲ့ နည်းလမ်းနဲ့ မြင်နိုင်အောင် လုပ်ဖို့ ဖြစ်ပါတယ်” ဟု Air Quality Yangon အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တက္ကသိုလ် ကျောင်းသားတစ်ယောက်ဖြစ်သူ ကိုဇော်ဝင်းထက်က ဆိုပါသည်။ “လေထုညစ်ညမ်းမှုက ဒီမှာကြီးထွားနေတဲ့ ပြဿနာကြီး ပါပဲ။ ဒါပေမယ့် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာကို လူအများစုက နားမလည်ကြဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ လေထုညစ်ညမ်းမှုအကြောင်း ပိုစိတ်ဝင်စားအောင် Idea တစ်ခု စဉ်းစားပြီး လုပ်လိုက်တယ်။ အဲ့ဒါကတော့ ဒေါက်တာ Air Bear ရဲ့ အမေက ရန်ကုန်လေထုအရည်အသွေး အရမ်းကို ဆိုးရွားတဲ့အတွက် သက္ကရာဇ် ၂၀၄၉ ခုနှစ်မှာ ဆုံးပါးသွားခဲ့တယ်။ ဒေါက်တာ Air Bear အနေနဲ့ သက္ကရာဇ် ၂၀၅၀ ပြည့်နှစ်ကနေ ရန်ကုန်လေထုညစ်ညမ်းမှုဟာ အန္တရာယ်များတဲ့ အဆင့်ကို မရောက်ရှိသေးတဲ့ အခုလိုအချိန်ကို ပြန်လာပြီးတော့ သူ့ အမေကို ပြန်လည် ကယ်တင်ချင်လို့ ရန်ကုန်လေထုရဲ့ အခြေအနေ အနာဂတ်ကို ပြောင်းလဲဖို့ ကြိုးစားပြသတဲ့ ပုံစံမျိုးပါပဲ။ ဒေါက်တာ Air Bear ကနေ တစ်ဆင့် လူအများရဲ့ အာရုံစိုက်မှုတွေကို ရယူပြီးတော့ လေထုညစ်ညမ်းမှုကို အရေးယူဆောင်ရွက်ဖို့ လှုံ့ဆော် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါများအပါအဝင် နှစ်စဉ်နှစ်တိုင်း သေဆုံးမှုပေါင်း ၂၂၀၀၀ ခန့် ဖြစ်ပေါ်လျက်ရှိသည်။ အဓိကအားဖြင့်
၂၀၁၁ ခုနှစ်တွင် ကားတင်သွင်းမှုများကို ဖြေလျှော့ပေးခဲ့သောကြောင့် ယာဉ်အစီးရေ သိသိသာသာ တိုးပွားလာမှုနှင့် လမ်းပိတ်ခြင်းပြဿနာကို ဖြေရှင်းရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သစ်ပင်များကို ဖယ်ရှားခြင်းတို့ကြောင့်လည်း ရန်ကုန်မြို့၏ လေထုအရည်အသွေးသည် ပိုမိုဆိုးရွားလာသည်။ ထို့အပြင် စက်ရုံမှ ဓာတ်ငွေ့များထွက်ရှိခြင်း၊ ကျောက်မီးသွေး အသုံးပြု ချက်ပြုတ်ခြင်းနှင့် အမှိုက်များကို မီးရှို့ဖျက်ဆီးခြင်း အစရှိသည့် အချက်များသည်လည်း လေထု ညစ်ညမ်းမှု၏ အဓိက အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေပါသည်။

Air Quality Yangon ၏ ဒေါက်တာ Air Bear သည် ရန်ကုန်မြို့အနှံ့ သွားနေသည့် အချိန်အတွင်း အများပြည်သူသယ်ယူ ပို့ဆောင်ရေးယာဉ်ကို အသုံးပြုခြင်း၊ စုပေါင်း၍ ကားစုစီးခြင်း၊ စက်ဘီးစီးခြင်းနှင့် လမ်းလျှောက်ခြင်းများ ပြုလုပ်ကာ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချရေးအတွက် စံနမူနာဖြစ်စေရန်အတွက် ကြိုးစားခဲ့ပါသည်။ ၎င်းတို့ သွားရောက် လေ့လာ ခဲ့မှုများကိုလည်း ဓာတ်ပုံနှင့် ဗွီဒီယိုများဖြင့် မှတ်တမ်းတင်ရိုက်ကူးကာ ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ www.facebook.com/airqualityyangon/ ပေါ်တွင် လေထုညစ်ညမ်းမှုတိုင်းတာချက်များနှင့်အတူ စဉ်ဆက်မပြတ် ဖော်ပြပေးလျက်ရှိပါသည်။

“တို့ရှူတဲ့လေ သတိပြုကြစေ” ဟု အမည်ရသည့် အဆိုပါ ကမ်ပိန်းသည် အစိုးရ မဟုတ်သော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် Save The Children ၏ SHIFT ပလက်ဖောင်းမှ တစ်ဆင့် Air Quality Yangon အဖွဲ့အား ထောက်ပံ့ ပေးထားသောကမ်ပိန်း ဖြစ်သည်။ ထို SHIFT ပလက်ဖောင်းမှ တစ်ဆင့် Air Quality Yangon အဖွဲ့သည် ၃ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို တတ်ရောက်ဆွေးနွေးခဲ့ပြီး ၎င်းတို့ စိတ်အား အထက်သန်ဆုံး အကြောင်းအရာဖြစ်သည့် လေထုညစ်ညမ်းမှုကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲအတွင်းတွင် Air Quality Yangon အဖွဲ့သည် လေထုညစ်ညမ်းမှုနှင့် ပတ်သက်ပြီး အသိပညာပေးရန် နည်းဗျူဟာရေးဆွဲရာတွင် Creative Partner ဖြစ်သည့် Bridge အဖွဲ့အစည်းထံမှ အကူအညီရခဲ့ပြီး “တို့ရှူတဲ့လေ သတိပြုကြစေ” ကမ်ပိန်းကို ပူးတွဲဖန်တီးခဲ့သည်။

Save The Children ၏ Director of Advocacy, Communications, Campaigns and Media ဖြစ်သူ Andy Nilsen သည် SHIFT ကို အပြုသဘောဆောင်သည့် ပြောင်းလဲမှုများဖြစ်လာစေမည့် လူငယ်များဦးဆောင်သည့် လှုပ်ရှားမှုများကို ကမ်ပိန်း အထောက်အပံ့ ပရိုဂရမ်အနေဖြင့် ထောက်ခံအားပေးရန်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံရဲ့ လက်ရှိ မျိုးဆက်တွေအနေနဲ့ လေထုအရည်သွေးဟာ သူတို့ရဲ့ ကျန်ရှိတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိနိုင်တဲ့အထိ သိသိသာသာကျဆင်းနေတာကို တွေ့ရှိခဲ့ရပြီးပါပြီ” ဟု Nilsen က ပြောကြားခဲ့သည်။ “ကျွန်တော့အနေနဲ့ ရန်ကုန်မှာရော တစ်နိုင်ငံလုံးမှာ‌ပါ လေထုညစ်ညမ်းမှုအကြောင်းတွေကို အသိပေးမြှင့်တင်ပြီး လေထု အရည်အသွေးတိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်နေကြတဲ့ ဒီလူငယ်လေးတွေကို အားပေးကူညီပေးရတာ အရမ်းပဲ ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံသားတွေရော အစိုးရကပါ သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို အာရုံစိုက်မိပြီး တကယ့်အပြောင်းအလဲတွေ လုပ်လာကြမယ်လို့လည်း မျှော်လင့်မိပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ်ပိန်းပြီးဆုံးချိန်၌ Air Quality Yangon အဖွဲ့သည် ရန်ကုန်၏ လေထုကို သန့်ရှင်းအောင်ပြုလုပ်ရာတွင် အများပြည်သူတို့ ပါဝင်လာစေရန် တတ်နိုင်သမျှ လမ်းလျှောက်ခြင်း၊ လမ်းလျှောက်ရန် ဝေးသောနေရာများသို့ စက်ဘီး သို့မဟုတ် ဆိုက်ကား စီးသွားခြင်းနှင့် ခရီးဝေးလျှင် အများပြည်သူသုံးယာဉ်များ စီးနှင်းခြင်းတို့ကို လုပ်ဆောင်ရန်အတွက် အွန်လိုင်းမှ တစ်ဆင့် ဆက်လက်လှုံ့ဆော်သွားမည်ဖြစ်ပါသည်။

“ပြောင်းလဲမှုတစ်ခု ဖြစ်လာဖို့အတွက် ပြည်သူတွေကို ပြောင်းလဲချင်စိတ်ဖြစ်ပြီး ပါဝင်လာအောင် ဖိအားတစ်ခု လိုအပ်ပါ တယ်။ ဒါကလည်း ပြည်သူတွေကို အသိပညာပေးတာတွေ မြှင့်တင်ပေးမှ ရမှာပါ။ အသိပညာမြှင့်တင်တယ်ဆိုတဲ့နေရာမှာ လူတွေ အများကြီးသိရှိသွားအောင် ပြုလုပ်ဖို့ကလည်း လိုအပ်ချက်တွေများစွာ ရှိနေပါသေးတယ်” ဟု ကိုဇော်ဝင်းထက်က ဆိုသည်။ “ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံလေထု အရည်အသွေးရဲ့ ဆိုးရွားနေတဲ့အခြေအနေတွေကို သိရှိသွားတဲ့အခါမှာ သူတို့ရဲ့ အပြုအမူတွေကို ပြောင်းလဲပြီး အစိုးရကို ပိုမိုလုပ်ဆောင်ပေးဖို့ တောင်းဆိုလာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်။ အဲဒါကြောင့်မို့လို့လည်း လေထုအရည်အသွေး တိုင်းတာစစ်ဆေးမှုတွေကို ဆက်လက်အားစိုက်ပြီး ပိုမိုချဲ့ထွင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒီအချိန်ကနေစပြီးတော့ Action ယူပြီး သန့်ရှင်းတဲ့လေကို ပြန်လည်ရယူဖို့အတွက်ဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။