အချက်(၃)ချက်ကြောင့် ကူးစက်မှုလှိုင်းတွေထပ်ရှိလာနိုင် ဆောင်ရန်၊ ရှောင်ရန်တွေကို ဆက်လက်လိုက်နာဖို့လိုအပ်တယ်လို့ ဆို

23-9-2020-yyl-023.jpg

ရန်ကုန် စက်တင်ဘာ ၂၃

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုဟာ အခုလက်ရှိဖြစ်ပွားနေတဲ့ ဒုတိယလှိုင်းနောက်မှာ လည်း ကူးစက်မှု လှိုင်းများထပ်မံရှိလာနိုင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၃ ရက်၊ နံနက်ပိုင်းက Video Conferencing စနစ်နဲ့ပြုလုပ်ခဲ့တဲ့ COVID-19 ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာအကြံပေးအဖွဲ့တွေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ရဲ့ ညှိနှိုင်းဆွေးနွေးပွဲမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 ရောဂါဟာ အသက်ရှုလမ်းကြောင်းက ကူးစက်ဖြစ်ပွားတာ၊ ဗိုင်းရပ်စ်ပိုးဟာ မျိုးဗီဇပြောင်းလဲမှုတွေ ရှိတာ၊ ရောဂါကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာမရှိတာ စတဲ့အချက်တွေကြောင့် နောက်ထပ်ကူးစက်မှု လှိုင်းတွေရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။

အဲဒီအတွက်ကြောင့် ဒုတိယလှိုင်းပြီးဆုံးပြီးနောက်လည်း ပြည်သူတွေအနေနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ဆက်လက်လိုက်နာဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ ထိရောက်အစွမ်းထက်တဲ့ ကာကွယ်ဆေးတွေ ပေါ်ထွက်လာပြီးတော့ ပြည်သူအများစုကို ထိုးနှံပြီးမှသာ COVID-19 ရောဂါကူးစက်မှုလှိုင်းတွေဟာ ထပ်မံမဖြစ်ပွားတော့မှာဖြစ်တယ်လို့လည်း ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

Photo – MOHS
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top