အမေရိကန်အထူးတပ်ဖွဲ့ရဲ့ ညဉ့်သန်းခေါင် စစ်ဆင်ရေးမှာ IS အဖွဲ့ခေါင်းဆောင် သေဆုံး

4-2-2022-yyl01.jpg

အမေရိကန်အထူးတပ်ဖွဲ့ရဲ့ ညဉ့်သန်းခေါင်ယံအချိန် စီးနင်းတိုက်ခိုက်မှုမှာ IS အဖွဲ့ခေါင်းဆောင် သေဆုံးသွားပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ IS အဖွဲ့ခေါင်းဆောင် ကူရေရှီဟာ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အစ်ဒ်လစ်ပြည်နယ်၊ အက်မာမြို့စွန်က ၂ ထပ်တိုက်တစ်လုံးမှာ နေထိုင်ခဲ့တာပါ။ သူဟာ လုံးဝအပြင်ထွက်လေ့မရှိဘဲ ဆက်သားကနေတစ်ဆင့် ညွှန်ကြားချက်တွေ ပေးပို့ခဲ့ပါတယ်။ အဲဒီတိုက်မှာ ကူရေရှီရဲ့မိသားစုက အပေါ်ထပ်မှာ နေကြပြီး အောက်ထပ်မှာ တခြားမိသားစုတစ်စု နေထိုင်ပါတယ်။ အောက်ထပ်က မိသားစုဟာ IS အဖွဲ့နဲ့ ဆက်နွှယ်မှုမရှိသလို အပေါ်ထပ်မှာ ကူရေရှီ နေထိုင်တယ်ဆိုတာကိုလည်း မရိပ်မိကြပါဘူး။

ကူရေရှီ နေထိုင်တဲ့ဒေသဟာ IS အဖွဲ့ရဲ့ပြိုင်ဘက် ဂျီဟတ်အဖွဲ့တွေ၊ ဆီးရီးယားအစိုးရနဲ့ တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ ခြေကုပ်ယူရာနေရာဖြစ်ပြီး တူရကီနယ်စပ်နဲ့ နီးပါတယ်။ ကူရေရှီကို သုတ်သင်ဖို့ ကြိုးပမ်းရာမှာ အရပ်သားတွေ ထိခိုက်မှုနည်းစေဖို့ ဂျိုးဘိုင်ဒင်က လေကြောင်းတိုက်ခိုက်မှုမလုပ်ဖို့ တားမြစ်ခဲ့ပြီး အထူးတပ်ဖွဲ့ကို စစ်ဆင်ရေးဆောင်ရွက်ဖို့ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အတည်ပြုပေးခဲ့တာပါ။

ကြာသပတေးနေ့ ညဉ့်သန်းခေါင်ယံအချိန်မှာတော့ အထူးတပ်ဖွဲ့ရဲ့ ရဟတ်ယာဉ် အများအပြား အက်မာမြို့ကို ဆိုက်ရောက်လာခဲ့ပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ အထူးတပ်ဖွဲ့ဟာ မြေပြင်ကနေ တုံ့ပြန်ပစ်ခတ်မှုတွေ ကြုံခဲ့ရပြီး ယာဉ်တွေပေါ်မှာ တပ်ဆင်ထားတဲ့ လေယာဉ်ဖျက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။ ရဟတ်ယာဉ်တွေ ပြန်မထွက်ခွာခင် ၂ နာရီကြာတဲ့အထိ သေနတ်သံတွေ၊ လက်နက်ကြီး ကျသံတွေ ကြားခဲ့ရပါတယ်။

အထူးတပ်ဖွဲ့ဝင်တွေက ၂ ထပ်တိုက်ရဲ့ အောက်ထပ်မှာ နေတဲ့မိသားစုကို ရွှေ့ပြောင်းဖယ်ရှားပေးခဲ့ပြီး အပေါ်ထပ်ကို ဝိုင်းထားချိန်မှာ ကူရေရှီက သူ့ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ ဖောက်ခွဲရေးကိရိယာကို ဖောက်ခွဲပြီး မိသားစုတစ်စုလုံး အဆုံးစီရင်သွားခဲ့တာပါ။ အမေရိကန်တပ်ဖွဲ့ရဲ့ စီးနင်းမှုအပြီး ရုပ်အလောင်း ၁၃ လောင်း တွေ့ရတယ်လို့ ဆီးရီးယားနိုင်ငံရဲ့ လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေက ပြောပါတယ်။

ကူရေရှီ သေဆုံးသွားမှုဟာ ကမ္ဘာကြီးကို အဓိကခြိမ်းခြောက်နေတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုကြီးတစ်ခုကို ဖယ်ရှားနိုင်ခဲ့တာဖြစ်တယ်လို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။ ကူရေရှီမတိုင်မီ IS အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ အယ်ဘဂ္ဂဒီဟာလည်း ၂၀၁၉ ခုနှစ်တုန်းက အက်မာမြို့ကနေ ၁၀ မိုင်ဝေးတဲ့နေရာမှာ အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေ ဝိုင်းခံထားခံရချိန် ကလေးငယ် ၃ ယောက်နဲ့အတူ ဖောက်ခွဲရေးကိရိယာကို ဖောက်ခွဲပြီး အဆုံးစီရင်သွားခဲ့ဖူးပါတယ်။

Ref:BBC “Islamic State leader Abu Ibrahim al-Qurayshi killed in Syria, US says”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top