ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက အမေဇုံကုမ္ပဏီ စီအီးအိုဂျက်ဖ် ဘီဇို့စ်ရဲ့ကြွယ်ဝချမ်းသာမှုဟာ (၁၅၀) ဘီလျံထိ ဖြစ်လာ

9-6-2020-yyl-014.jpg

အမေဇုံကုမ္ပဏီစီအီးအို ဂျက်ဖ်ဘီဇို့စ်ရဲ့ ကြွယ်ဝချမ်းသာမှုက ကန်ဒေါ်လာ (၁၅၀) ဘီလျံရှိလာပြီလို့ သိရပါတယ်။ အခုနှစ် ကပ်ရောဂါဖြစ်ပွားကတည်းက အသားတင်ဝင်ငွေဟာ ကန်ဒေါ်လာ (၃၅) ဘီလျံနီးပါး များလာခဲ့တာဖြစ်ပါတယ်။ မတ်လတုန်းကလည်း E-commerce နဲ့ Cloud Computing ကုမ္ပဏီဖြစ်တဲ့ အမေဇုံက ဝယ်လိုအားများနေတဲ့အတွက် အလုပ်တွေ နိုင်နိုင်နင်းနင်းလုပ်နိုင်ဖို့ ဝန်ထမ်းအသစ် (၁၇၅,၀၀၀) ကို ခန့်အပ်နေတယ်လို့ ကြေညာခဲ့ဖူးပါတယ်။

ကုမ္ပဏီရဲ့ရှယ်ယာတွေကလည်း ဒေါ်လာ (၂,၄၈၃) ထိ များလာခဲ့ပါတယ်။ ကုမ္ပဏီရဲ့ရှယ်ယာ အများဆုံးကိုင်ထားသူက ရှယ်ယာ (၅၅) သန်းကျော်ပိုင်ဆိုင်ထားတဲ့ ဂျက်ဖ် ဘီဇို့စ်ပါပဲ။ သူဟာ ၂၀၁၈ခုနှစ်ဇူလိုင်လတုန်းကလည်း သူ့ရဲ့ကြွယ်ဝချမ်းသာမှုက ဒေါ်လာ (၁၅၀) ဘီလျံထိရောက်ရှိခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့ရုံသာမက သမိုင်းတွင်အောင်လည်း လုပ်နိုင်ခဲ့ပါတယ်။ ဂျက်ဖ်ဘီဇို့စ်ကို ၂၀၂၆ခုနှစ်မှာ ကမ္ဘာ့ပထမဆုံးထရီလျံနာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ စီးပွားရေးဆော့ဝဲ နှိုင်းယှဉ်ရေးဆိုဒ်တွေက ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတွေရဲ့ နှစ်စဉ်ကြွယ်ဝချမ်းသာမှုနှုန်းကို တွက်ချက်ဖို့အတွက် လွန်ခဲ့တဲ့ (၅) နှစ်က Forbes Rich List က ဒေတာတွေကို စုဆောင်းခဲ့တာဖြစ်ပါတယ်။

နှစ်စဉ်ကြွယ်ဝချမ်းသာမှုနှုန်းတွေကို အကဲဖြတ်ပြီး အသားတင်ဝင်ငွေ ကန်ဒေါ်လာ (၁၄၀) ဘီလျံရှိတဲ့ ဘီဇို့စ်ဟာ ၂၀၂၆ခုနှစ်မှာ ကမ္ဘာ့ပထမဆုံး ထရီလျံနာဖြစ်လာနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အဲဒီအချိန်ကျရင် ဘီဇို့စ်က အသက် (၆၂) နှစ်ရှိနေမှာပါ။ ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ် ဇက်ကာဘာ့ဂ်ကလည်း ၂၀၃၆ခုနှစ် အသက် (၅၁) နှစ်မှာ ကမ္ဘာ့အသက်အငယ်ဆုံးထရီလျံနာဖြစ်လာနိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားကြပါတယ်။

COVID-19 ကာလမှာ လူကိုယ်တိုင်ပစ္စည်းထွက်ဝယ်ဖို့ မဖြစ်နိုင်တဲ့အတွက် အွန်လိုင်းပေါ်ကနေ မှာယူရတာကြောင့် အမေဇုံက ဝယ်လိုအားတွေများလာပြီး ဘီဇို့စ်ရဲ့ကြွယ်ဝချမ်းသာမှုတွေ တိုးလာတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ COVID-19 မဖြစ်ပွားခင်ကတည်းက ဘီဇို့စ်က ဒေါ်လာ (၃.၄) ဘီလျံထိ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ အခု အသက် (၅၆) နှစ်ရှိပြီးဖြစ်တဲ့ ဂျက်ဖ် ဘီဇို့စ်က ကပ်ရောဂါအတွင်း လိုအပ်နေတဲ့သူတွေကို ကူညီဖို့အတွက် သူ့ရဲ့ ကြွယ်ဝချမ်းသာမှုတွေထဲကနေ လှူဒါန်းမှုတွေပြုလုပ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ အမေရိကန်နိုင်ငံသားတွေကို ကျွေးမွေးဖို့ လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေကို ဒေါ်လာ သန်း (၁၀၀) လှူဒါန်းခဲ့ပါတယ်။

Ref: Amazon Boss Jeff Bezos’ Wealth Has Risen To $150 Billion Since Beginning Of Pandemic

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top