အမေရိကန်သမိုင်းမှာ အသက်အငယ်ဆုံးလူမည်းမြို့တော်ဝန်ဖြစ်လာမယ့် ၁၈ နှစ်သား

9-12-2022-yyl01.jpg

မေလက ဂျေလန် စမစ်သ်ဟာ အထက်တန်းအောင်မြင်ခဲ့ပါတယ်။ အထက်တန်း ကျောင်းကနေ ဘွဲ့ရပြီး တစ်နှစ်မပြည့်ခင်မှာပဲ အာကင်ဆောပြည်နယ်က Earle မြို့ရဲ့မြို့တော်ဝန်အသစ်အဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။ ဒီမိုကရက်တစ်တစ်ဦးဖြစ်တဲ့ ဂျေလန်က လူဦးရေ ၁၈၃၁ ဦးရှိတဲ့ Earle မြို့ရဲ့မြို့တော်ဝန်အဖြစ် အင်္ဂါနေ့က ရွေးကောက်ခံခဲ့ရတာပါ။ သူဟာ ၁၃၉ မဲရရှိခဲ့တဲ့ သူ့ရဲ့ပြိုင်ဘက် နယ်မီ မက်သရူးစ် (မြို့ရဲ့လမ်းနဲ့မိလ္လာရေဆိုးစနစ်ကြီးကြပ်ရေးမှူး) ကို ၂၁၈ မဲနဲ့ အနိုင်ရရှိခဲ့တာပါ။”ကျွန်တော် နာမည်ရဖို့အတွက် အရွေးခံခဲ့ရတာမဟုတ်ပါဘူး။ ပြောင်းလဲဖို့လိုအပ်တဲ့ ကျွန်တော့်တို့လူ့အသိုင်းအဝို်ငးနဲ့ ရပ်ရွာကို ကူညီပေးချင်ခဲ့တာကြောင့် ဝင်ပြီးအရွေးခံခဲ့တာပါ”လို့ ဂျေလန်က ဆိုပါတယ်။

မြို့တော်ဝန်အဖြစ် အရွေးခံဖို့ ပြင်ဆင်ရမယ့်အရာတွေကို အကြံဉာဏ်ပေးခဲ့တဲ့ လစ်တယ်လ်ရော့်ခ်မြို့တော်ဝန် ဖရန့်ခ် စကော့တ်ဂျူနီယာက ဂျေလန်စမစ်သ်ဟာ အမေရိကန်မှာ ရွေးကောက်ခံရတဲ့ အသက်ငယ်ဆုံးလူမည်းမြို့တော်ဝန်ဖြစ်လာမှာဖြစ်တယ်လို့ ပြောပါတယ်။ “အမေရိကန်နိုင်ငံမှာ အရွေးခံရတဲ့ အသက်ငယ်ဆုံးလူမည်းမြို့တော်ဝန်ဖြစ်လာတဲ့အတွက် ဂျေလန်နဲ့ Earle မြို့က လူ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက် ကျွန်တော်စိတ်လှုပ်ရှားမိပါတယ်။ ဒီလိုအရွယ်မှာ ပြည်သူ့ဝန်ထမ်းတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်လိုစိတ်နဲ့ မြို့အပေါ်ထားတဲ့ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်တွေအတွက် ကျွန်တော်ဂုဏ်ယူမိတယ်”လို့ ဖရန့်ခ်က ပြောပါတယ်။

ဂျေလန်ဟာ ကျောင်းတတ်စဉ်က Student Government Association မှာ ပါဝင်ရင်း သူ့ရဲ့လူ့အသိုင်းအဝိုင်းအတွက် တာဝန်ထမ်းဆောင်ချင်စိတ်တွေဖြစ်လာခဲ့တာပါ။ သူက ငယ်ရွယ်ပေမဲ့ Earle မြို့အတွက် ပြတ်သားတဲ့ရည်မှန်းချက်ရှိပါတယ်။ အဲဒါကနေ့ချင်းညချင်းဖြစ်လာမှာမဟုတ်တာကိုလည်း သူသိပါတယ်။ သူက စွန့်ပစ်နေအိမ်တွေကို ဖယ်ရှားပြီး မြို့ကိုပြန်လည်တည်ဆောက်ချင်တယ်။ ရဲစခန်းကို ၂၄ နာရီလုံး လည်ပတ်စေချင်တယ်။ လူငယ်တွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးချင်တယ်။ ကုန်စုံဆိုင်တွေအတွက် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်ပေးချင်တာပါ။

ဂျေလန်က ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့အတွက် အာကင်ဆောပြည်နယ်တစ်ဝှမ်းက မြို့တော်ဝန်တွေနဲ့လည်းတိုင်ပင်ခဲ့ပါတယ်။ လာမယ့်ဇန်နဝါရီပထမပတ်အတွင်း ဂျေလန်ဟာ ကျမ်းသစ္စာကျိန်ဆိုရမှာပါ။ သူ့ရဲ့အန္တိမရည်မှန်းချက်က Earle မြို့နေထိုင်သူတွေကို ရလဒ်ကောင်းတွေပြဖို့ပါပဲ။

Ref: CNN “Arkansas city elects 18-year-old to be next mayor”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top