ပြင်သစ်ဘုရားကျောင်းမှာ လူ ၃ ယောက်ကို သတ်ခဲ့သူဟာ မကြာခင်ကမှ တူနီးရှားကနေ ရောက်လာသူဖြစ်

28-10-2020-yyl-016.jpg

ပြင်သစ်နိုင်ငံ ခရစ်ယာန်ဘုရားကျောင်းမှာ လူ ၃ ယောက်ကို သတ်ခဲ့တဲ့ တူနီးရှားအမျိုးသားဟာ မကြာသေးခင်ကမှ ဥရောပကို ရောက်ရှိလာခဲ့သူဖြစ်တယ်လို့ ပြင်သစ်နိုင်ငံ အရာရှိတွေက ပြောပါတယ်။ သံသယရှိသူဟာ အသက် ၂၁ နှစ်ရှိပြီး ဘရာဟင်လို့ အမည်ရပါတယ်။ သူဟာ ပြီးခဲ့တဲ့လက ရွှေ့ပြောင်းနေထိုင်သူတွေ လိုက်ပါလာတဲ့ လှေနဲ့အတူ အီတလီနိုင်ငံ လမ်ပီဒူဆာကျွန်းကို ရောက်ရှိခဲ့ပြီး အီတလီကြက်ခြေနီအဖွဲ့ရဲ့ စာရွက်စာတမ်းတွေ ရရှိထားသူပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က နိစ်မြို့မှာရှိတဲ့ Notre Dame ဘုရားကျောင်းထဲမှာ ဝတ်ပြုဆုတောင်းပွဲမတိုင်ခင် အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသားတစ်ယောက် အသတ်ခံခဲ့ရတာပါ။ အသက် ၆၀ အရွယ် အမျိုးသမီးကြီးကတော့ ခေါင်းပြတ်လုနီးပါးဖြစ်နေပြီး ဘုရားကျောင်းကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ၅၅ နှစ်အရွယ် အမျိုးသားလည်း လည်လှီးသတ်ခံထားရပါတယ်။ နောက်ထပ်အမျိုးသမီးတစ်ယောက်ကတော့ ဓားနဲ့အချက်ပေါင်းများစွာ အထိုးခံခဲ့ရပြီး ဘုရားကျောင်းဘေးက ကဖေးဆိုင်ကို ထွက်ပြေးလာနိုင်ခဲ့ပေမဲ့ နောက်ပိုင်း သေဆုံးသွားခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုဟာ အစ္စလာမ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ပြောပါတယ်။ ခရစ္စယာန်ဘုရားကျောင်းတွေနဲ့ စာသင်ကျောင်း အစရှိတဲ့ အများပြည်သူဆိုင်ရာနေရာတွေကို ကာကွယ်ပေးဖို့ အဲဒီနေရာတွေကို စေလွှတ်ထားတဲ့ စစ်သည်အရေအတွက်ကို ၃၀၀၀ ကနေ ၇၀၀၀ အထိ တိုးမြှင့်ထားပါတယ်။ အဲဒီတိုက်ခိုက်မှုကို အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေး အစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးနေပြီး အမျိုးသားလုံခြုံရေးသတိပေးချက်ကို အမြင့်ဆုံးအဆင့် တိုးမြှင့်ထားပါတယ်။

ဘုရားကျောင်းမှာ ဓားကိုင်တိုက်ခိုက်ခဲ့သူ ဘရာဟင်ဟာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖမ်းဆီးခြင်း မခံရခင် ဘုရားသာ အကြီးမြတ်ဆုံး( အလ္လာဟူအက်ဘာ)ဆိုတဲ့ အာရေဗီစကားကို ထပ်ဖန်တလဲလဲ အော်ဟစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ ဆေးရုံတွင် ကုသမှုခံယူနေပြီး စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။ ဘရာဟင်ရဲ့ အိတ်ထဲကနေ ကိုရမ်ကျန်းစာအုပ်၊ ဖုန်း ၂ လုံးနဲ့ အလျား ၁၂ လက်မရှိတဲ့ ဓားတစ်လက် တွေ့ရှိခဲ့ပါတယ်။

အခုလအစောပိုင်းကလည်း တပည့်တွေကို တမန်တော် မိုဟာမက်ရဲ့ကာတွန်း ပြသခဲ့တဲ့ ပြင်သစ်ကျောင်းဆရာတစ်ယောက် စာသင်ကျောင်းအနီးမှာ ခေါင်းဖြတ်အသတ်ခံခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုက အစ္စလာမ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပြီး အစ္စလာမ်အစွန်းရောက်တွေကို နှိမ်နင်းမယ်၊ ကာတွန်းတွေကို ကာကွယ်ပေးမယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ပြောခဲ့ပြီးနောက် တူရကီနိုင်ငံ အပါအဝင် မွတ်စလင်နိုင်ငံတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး မွတ်စလင်နိုင်ငံတွေက ပြင်သစ်ပစ္စည်းတွေကို မသုံးဘဲ သပိတ်မှောက်ကြဖို့ လှုပ်ရှားခဲ့ကြပါတယ်။

Ref: BBC ” France attack: Attacker arrived in Europe from Tunisia days ago”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top