အဓမ္မကျင့်ခံရတဲ့ သမီးအတွက် အမှန်တရား ဖော်ထုတ်ပေးခဲ့တဲ့ မိခင်

13.2.2023-image-၃.jpg

အလေးစွန့်ဖို့ ကြံခင်းထဲသွားတဲ့ ၁၂ နှစ်အရွယ် ကျောင်းသူလေးကို ဆရာက အဓမ္မကျင့်တယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းက အိန္ဒိယနိုင်ငံမြောက်ပိုင်း ဘီဟာပြည်နယ်မှာ။ ဒီဖြစ်ရပ်အကြောင်း အိမ်ကို ပြန်ပြောရင် အွန်လိုင်းမှာ ဗီဒီယိုတင်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ တစ်ပတ်အကြာမှာ ကျောင်းသူလေးက ဒီအကြောင်းဖွင့်ပြောလို့ သူ့အမေက ရဲစခန်းမှာ တိုင်ချက်သွားဖွင့်တယ်။

ကျောင်းဆရာဟာ မုဒိန်းမှုနဲ့ စွဲချက်တင်ခံရပေမဲ့ ၂ လအကြာမှာ အာမခံနဲ့ ပြန်လွတ်လာခဲ့တယ်။ မုဒိန်းကျင့်ခဲ့တဲ့ ကျောင်းဆရာက အသက် ၃၉ နှစ်အရွယ် နီရက်မိုဒီ။ သူ့အဖေက ရာဇရာမမိုဒီ။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ နံနက်ခင်းတစ်ခုမှာ သူတို့သားအဖက ဂင်္ဂါမြစ်ကမ်းဘေးကိုသွားပြီး မီးသဂြိုဟ်တဲ့ပုံစံမျိုး ဖန်တီးခဲ့တယ်။ သူ့သားကို ထင်းပုံထဲနှစ်ပြီး ဓာတ်ပုံတွေရိုက်တယ်။ လက်မှတ်အတု၊ ထောက်ခံချက်အတုတွေလုပ်ပြီး ကျေးရွာကောင်စီ လူကြီးတွေဆီက သေစာရင်းထုတ်တယ်။ ပြီးတော့ တရားရုံးကို သေစာရင်းတင်ပြီး အမှုပိတ်သွားအောင် ကြံစည်ခဲ့တာပါ။

နီရက်မိုဒီနဲ့ အဓမ္မကျင့်ခံရတဲ့ ကောင်မလေးက တစ်ရွာတည်းမှာ နေကြတာပါ။ ကောင်မလေးရဲ့မိခင်ကတော့ နီရက်မိုဒီ သေသွားပြီဆိုတာကို လုံးဝမယုံဘူး။ နီရက်မိုဒီ သေသွားတဲ့သတင်း ကြားမိသေးလား၊ ဘာရောဂါနဲ့ သေသွားတာလဲလို့ အနီးပတ်ဝန်းကျင်က လူတွေကို သူ လိုက်မေးကြည့်တော့ သေချာရေရာတဲ့ အဖြေမရဘူး။ ဟိန္ဒူဘာသာဝင်တွေရဲ့ ဓလေ့ထုံးစံအရ မိသားစုဝင်တစ်ဦး ကွယ်လွန်တဲ့အခါ ကျန်ရစ်သူမိသားစုက ခေါင်းတုံးရိပ်လေ့ရှိပေမဲ့ နီရက်မိုဒီတို့ မိသားစုဝင်တွေက ခေါင်းမရိပ်ကြဘူး။ သံသယဖြစ်စရာတွေ အများကြီး တွေ့ရှိခဲ့တဲ့နောက်မှာတော့ ကောင်မလေးရဲ့မိခင်က နီရက်မိုဒီ သေဆုံးသွားပြီဆိုတာကို ပြန်စစ်ဆေးပေးဖို့ တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာပါ။

တရားရုံးက ကျေးရွာကောင်စီကို ပြန်စစ်ဆေးခိုင်းခဲ့ရာမှာ နီရက်မိုဒီတို့ သားအဖရဲ့ အကြံအစည်ပေါ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလမှာ တရားရုံးက နီရက်မိုဒီရဲ့ သေစာရင်းကို ပယ်ဖျက်ခဲ့ပြီး သူ့အဖေကို စာရွက်စာတမ်းအတုလုပ်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာတော့ နီရက်မိုဒီက ရဲစခန်းမှာ လာအဖမ်းခံခဲ့ပြီး မုဒိန်းမှု ကျူးလွန်ခဲ့လို့ ထောင်ဒဏ် ၁၄ နှစ်၊ နစ်နာကြေး ရူပီး ၃ သိန်း ပေးဆောင်ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ နီရက်မိုဒီတို့ သားအဖဟာ သေစာရင်းအတုလုပ်မှုနဲ့လည်း (အမြင့်ဆုံးပြစ်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်) စွဲချက်တင်ခံထားရပါတယ်။

Ref: Bihar: How an Indian woman tracked down her daughter’s ‘dead’ rapist

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top