ဘဏ်ဓားပြလို့ အထင်မှားခံရပြီး Black Panther ဒါရိုက်တာ အဖမ်းခံရ

10-3-2022-yyl06.jpg

Black Panther ဇာတ်ကား ဒါရိုက်တာ ရိုင်ယန်ကူဂလာဟာ သူ့ဘဏ်အကောင့်ထဲကနေ ပိုက်ဆံထုတ်မလို့ လုပ်နေတုန်း ဘဏ်ဓားပြလို့ အထင်မှားခံရပြီး ဖမ်းဆီးခံခဲ့ရပါတယ်။ ကူဂလာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အမေရိကန်နိုင်ငံ အတ္တလန္တာမြို့က ဘဏ်မှာ အမေရိကန်ဒေါ်လာ ၁၂၀၀၀ ထုတ်ယူဖို့ လုပ်နေတုန်း ဖမ်းဆီးခံခဲ့ရတာပါ။

နှာခေါင်းစည်းတပ်ဆင်ထားပြီး နေကာမျက်မှန်တပ်၊ ဦးထုပ်ဆောင်းထားတဲ့ ကူဂလာက သူ့ရဲ့ချက်အကောင့်ထဲကနေ အမေရိကန်ဒေါ်လာ ၁၂၀၀၀ ထုတ်ချင်တယ်လို့ ဘဏ်စာရေးကို ငွေထုတ်ဖြတ်ပိုင်းပြခဲ့တာပါ။ ငွေထုတ်ဖြတ်ပိုင်းနဲ့အတူ စာရွက်တစ်ရွက် ပါဝင်ပြီး ” ငွေကို တခြားနေရာတစ်ခုမှာ ရေချင်တယ်၊ ဒီကိစ္စကို လျှို့ဝှက်ထားချင်လို့ပါ” လို့ ရေးသားထားပါတယ်။ ကူဂလာဟာ သူ့မိသားစုကို စောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ယောက်အတွက် ငွေထုတ်ခဲ့တာဖြစ်ပြီး ငွေပမာဏများလို့ လုံခြုံရေးအတွက် ဒီအကြောင်းကို လျှို့ဝှက်ထားချင်ခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကိုယ်ဝန်ဆောင်ထားရတဲ့ ဘဏ်စာရေးအမျိုးသမီးက ကူဂလာပေးတဲ့ စာရွက်ကိုကြည့်ပြီး သူ့ရဲ့လုံခြုံရေးအတွက် စိုးရိမ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ အခြေအနေကို အကဲခတ်မှားယွင်းခဲ့တဲ့ ဘဏ်စာရေးက ဘဏ်ဓားပြတိုက်ဖို့ ကြိုးစားနေတာလို့ထင်ပြီး ဘဏ်မန်နေဂျာကို အကြောင်းကြားခဲ့တာပါ။ ၃၅ နှစ်အရွယ် လူမည်းအမျိုးသား ကူဂလာဟာ လက်ထိပ်ခတ်ခံရပြီး အခိုက်အတန့်ကြာ ထိန်းသိမ်းခံခဲ့ရပေမဲ့ သူ့ရဲ့သက်သေခံကတ်ပြားကို ထုတ်ပြခဲ့ပြီးနောက်မှာ ပြန်လွတ်ခဲ့ပါတယ်။ ဒီလိုအဖြစ်မျိုးက လုံးဝမဖြစ်သင့်ဘူးလို့ ကူဂလာက ဆိုခဲ့ပေမဲ့ Bank of America က ဒီကိစ္စနဲ့ပတ်သက်ပြီး သူ စိတ်ကျေနပ်အောင် ဖြေရှင်းပေးခဲ့တယ်လို့ ကူဂလာက ပြောပါတယ်။ Bank of America ကလည်း ဒီဖြစ်ရပ်အတွက် အလွန်အမင်း စိတ်မကောင်းဖြစ်မိပြီး ကူဂလာကို အနူးအညွတ်တောင်းပန်တယ်လို့ ဆိုပါတယ်။

Ref: BBC “Black Panther Ryan Coogler director mistaken for bank robber”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top