ဒေါင်းဆင်ဒရုန်း ရှိနေပေမဲ့ ကွတ်ကီးမုန့်ကုမ္ပဏီကို အောင်မြင်စွာ ဦးစီးနေသူ

16-2-2022-yyl3.jpg

အထက်တန်းကျောင်းမှာ ​ဒေါင်းဆင်ဒရုန်းရောဂါနဲ့ ကော်လက်တီ ဒီဗစ်တို (Collette Divitto) တစ်ယောက် အနိုင်ကျင့်ခံခဲ့ရတယ်။ ကော်လိပ်ပြီးတော့လည်း အလုပ်တစ်ခုရဖို့ ခက်ခဲခဲ့တယ်။ ဒါပေမဲ့ ခက်ခဲတဲ့အချိန်တွေဖြတ်ကျော်ရင်း ကော်လက်တီဟာ သူ့ကို ပျော်ရွင်စေတဲ့အရာတစ်ခုရှာတွေ့ခဲ့တယ်။ အဲဒါက မုန့်ဖုတ်တာပါပဲ။ ကော်လက်တီက သူ့ကို ပျော်ရွှင်စေတဲ့၊ သူ စိတ်ဝင်စားတဲ့အရာကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ မုန့်ဖုတ်ဝါသနာနဲ့ သူ့ရဲ့ကိုယ်ပိုင်ကွတ်ကီးမုန့်ကုမ္ပဏီကို ဖွင့်ဖို့ စီစဥ်ခဲ့တယ်။

တကယ်တော့ ကော်လက်တီက အသက် ၄ နှစ်ကတည်းက မုန့်ဖုတ်ရတာကို အမြဲသဘောကျခဲ့တာ။ အထက်တန်းကျောင်းကတည်းက မုန့်ဖုတ်သင်တန်းတွေ တက်နေခဲ့တယ်။ အဲဒီတုန်းက သူ့အတွက် ခက်ခဲတဲ့အချိန်ပါပဲ။ သူငယ်ချင်းမရှိ၊ လူငယ်ဘဝပျော်စရာတွေလည်းမရှိခဲ့။ အနိုင်ကျင့်ခံရ။ အဲဒါကြောင့်ပဲ သူ့အတွက်ပျော်စရာဖြစ်ခဲ့တဲ့ မုန့်ဖုတ်သင်တန်းကို တက်နေခဲ့တာပါ။ အထက်တန်းကျောင်းပြီးတော့ ကော်လက်တီဟာ တောင်ကယ်ရိုလိုင်းနားပြည်နယ်က Clemson University မှာ ကျောင်းတက်ခဲ့တယ်။ ဒါပေမဲ့ ဘွဲ့ရပြီးတဲ့နောက် အလုပ်တွေရှာဖို့ သူ့အတွက် ခက်ခဲခဲ့တယ်။ ဒါကြောင့် သူ့မိခင်ရဲ့အကူအညီနဲ့ Collettey’s Cookies ကုမ္ပဏီကို တည်ထောင်ဖြစ်ခဲ့တယ်။

Collettey’s Cookies ကုမ္ပဏီကို ကော်လက်တီက ၂၀၁၆ မှာ တည်ထောင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၅ နှစ်ကျော်အတွင်း ကုမ္ပဏီရဲ့ဝင်ငွေ ဒေါ်လာ ၁ သန်းကျော် ရှိခဲ့ပါတယ်။ ကော်လက်တီက အသက် ၂၀ မှာ ကိုယ်ပိုင်လုပ်ငန်းကို စတင်ခဲ့ရုံသာမက မသန်စွမ်းတဲ့ စွန့်ဦးတီထွင်သူတွေအကြောင်း ပါဝင်တဲ့ Born for Business ကလေးစာအုပ် ၂ အုပ်ရဲ့ စာရေးဆရာလည်း ဖြစ်တယ်။ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Collettey’s Leadership Orgကိုလည်း ဖွဲ့စည်းထားတယ်။

ကော်လက်တီအတွက် သူ့ရဲ့စီးပွားရေးလုပ်ငန်းလည်ပတ်တာနဲ့ပတ်သက်ပြီး နှစ်သက်သဘောကျတဲ့အပိုင်းက မသန်စွမ်းတဲ့လူတွေကို အလုပ်ဖန်တီးပေးရနေတာကိုပါ။ Collettey’s Leadership Orgက မသန်စွန်းသူတွေကို အလုပ်ရုံဆွေးနွေးပွဲနဲ့ လမ်းညွှန်မှုတွေပေးခြင်းဖြင့်သူတို့ရဲ့အသက်မွေးဝမ်းကျောင်းအတွက် ကူညီပေးပါတယ်။ နိုင်ငံတစ်ဝှမ်းနဲ့ ကနေ​ဒါနိုင်ငံသို့ တင်ပို့တဲ့ Collettey’s Cookies ကနေ ရရှိတဲ့ အမြတ်အစွန်းရဲ့ရာခိုင်နှုန်းတစ်ခုက အဖွဲ့အစည်းဆီ သွားပါတယ်။

၂၀၂၀ခုနှစ်က မသန်စွမ်းသူ ၁၇.၉ ရာခိုင်နှုန်းလောက်သာ အလုပ်ခန့်အပ်ခံရတာပါ။ ကော်လက်တီက မသန်စွမ်းတွေ အလုပ်လုပ်ချင်တဲ့အခါ ကုမ္ပဏီတွေက သူတို့နဲ့ ထိုက်တန်တဲ့ လုပ်ခလစာကို ပေးရမယ်ဆိုတဲ့ ဥပဒေဖြစ်လာဖို့ လုပ်ဆောင်နေတာပါ။ မသန်စွမ်းလူတွေအတွက် အလုပ်တွေ ပိုများလာအောင် ကူညီပေးဖို့ အတွက် ကွန်ဂရက်လွှတ်တော်ရဲ့အာရုံစိုက်မှုကို ရရှိဖို့ မျှော်လင့်ရင်းနဲ့ အသနားခံစာတစ်ခု ဖန်တီးပေးခဲ့ပါတယ်။ ကော်လက်တီက သူ့ရဲ့အဖွဲ့အစည်းကနေတဆင့် မသန်စွမ်းသူတွေကို ထောက်ခံအားပေးရုံသာမက သူ့ရဲ့ကုမ္ပဏီမှာ အလုပ်လုပ်ဖို့လည်း သူတို့ကို ငှားရမ်းခဲ့ပါတယ်။

ကော်လက်တီရဲ့မစ်ရှင်တစ်ခုလုံးက မသန်စွမ်းလူတွေအတွက် အလုပ်တွေ ဖန်တီးပေးဖို့ပါပဲ။ အခုဆိုရင် Collettey’s Cookies ကုမ္ပဏီမှာ ဝန်ထမ်း ၁၅ ယောက်ရှိပြီး အဲဒီထဲက တစ်ဝက်လောက်က မသန်စွမ်းသူတွေပါ။ စီးအီးအို ကော်လက်တီက ” မင်းက ဘယ်သူပဲ ဖြစ်နေပါစေ ဒီကမ္ဘာကြီးမှာ ကြီးမားတဲ့ကွဲပြားမှုတစ်ခုကို မင်းလုပ်နိုင်ပါတယ်။ လူတွေက မင်းကို နှိမ့်ချမသွားစေနဲ့။ မင်း မသန်စွမ်းတာကို အာရုံမထားနဲ့။ မင်းရဲ့ အရည်အချင်း၊ စွမ်းဆောင်ရည်ကိုပဲ အာရုံစိုက်ထားဖို့လိုပါတယ်” လို့ ဆိုထားပါတယ်။

Ref: CBSNews “CEO with Down syndrome runs successful cookie company that helps others with disabilities get jobs”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top