သင်္ချာကို ဂီတနဲ့ ပေါင်းစပ်သင်ကြားမှုက ကလေးငယ်တွေအတွက် ပိုအကျိုးရှိစေတယ်လို့ လေ့လာတွေ့ရှိ

10.7.23-yyl-4.jpg

သင်္ချာသင်ခန်းစာတွေကို ဂီတနဲ့ ပေါင်းစပ်သင်ကြားမှုဟာ ကလေးငယ်တွေအတွက် ပိုအကျိုးရှိစေတယ်လို့ လေ့လာမှုသစ်တစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။ မူကြိုအရွယ်ကနေ တက္ကသိုလ်အရွယ်အထိ ကျောင်းသား ၇၈၀၀၀ နီးပါး ပါဝင်ခဲ့တဲ့ ကမ္ဘာတစ်ဝန်းက သုတေသနပြုလုပ်မှု ၅၅ ကြိမ်ကို Educational Studies ပညာရေးစာစောင်မှာ ခွဲခြမ်းစိတ်ဖြာ ဖော်ပြခဲ့တာပါ။

သီချင်းသံစဉ်တွေကြောင့် ကျောင်းသားတွေဟာ သင်္ချာဘာသာရပ်ကို သင်ယူချင်စိတ် ပိုတိုးလာပြီး အပိုင်းကိန်းလို ကဏ္ဍမျိုးတွေကို မကြောက်ကြတော့ဘူးလို့ သုတေသီတွေက ဆိုပါတယ်။ ကလေးငယ်တွေအတွက် သင်္ချာ – ဂီတ ပေါင်းစပ်သင်ကြားမှုမှာ သံစဉ်တွေကို စည်းချက်အမျိုးမျိုးနဲ့ လက်ခုပ်တီးစေပြီး ကိန်းဂဏန်းတွေ သင်ကြားစေတာ၊ ဂီတနုတ်တွေ သုံးပြီး အပိုင်းကိန်းတွေ ညှိစေတာမျိုး သင်ကြားလေ့ရှိပါတယ်။

သင်္ချာကို ဂီတနဲ့ ပေါင်းစပ်ရာမှာ နည်းလမ်း(၁)အရ ကလေးငယ်တွေကို သီချင်းဆိုစေတာ၊ နားထောင်စေတာ၊ သီချင်းရေးဖွဲ့စေတာ၊ နည်းလမ်း(၂)အရ တီးဝိုင်းရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် (သို့) တူရိယာပစ္စည်းတွေ တီးခတ်စေတာ၊ နည်းလမ်း (၃)အရ သင်္ချာသင်ခန်းစာတွေထဲမှာ ဂီတသံစဉ်တွေကို ပေါင်းစပ်ထည့်သွင်းထားတာ အစရှိတဲ့ နည်းလမ်း(၃)မျိုးနဲ့ ပေါင်းစပ်သင်ကြားပေးခဲ့ပါတယ်။

သင်္ချာ- ဂီတ ပေါင်းစပ်မှု သုတေသနမှာ ပါဝင်ခဲ့သူတွေကို လေ့လာမှုမလုပ်ခင် တစ်ကြိမ်၊ လေ့လာမှုလုပ်ပြီး တစ်ကြိမ် သင်္ချာစာမေးပွဲတွေ စစ်ဆေးခဲ့ပါတယ်။ သူတို့ရဲ့ရလဒ်တွေကို သာမန်သင်္ချာသင်ခန်းစာပဲ သင်ယူသူတွေရဲ့ ရလဒ်တွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ သင်္ချာ-ဂီတ ပေါင်းစပ်သင်ကြားခြင်း ခံယူသူတွေက သိသိသာသာ ရလဒ်ကောင်းမွန်နေတာ တွေ့ရပါတယ်။

သင်္ချာနဲ့ ဂီတဟာ အမှတ်အသားတွေ အသုံးပြုမှု၊ ခေါက်ချိုးညီသဘောတရားရှိမှု အစရှိတဲ့ ဘုံသဘောတရားခြင်း တူညီကြသလို ရုပ်ဝတ္တုအရ သက်သေမပြနိုင်တဲ့ ဒြပ်မဲ့သဘောတရားတွေကို တွေးတောမှု၊ ကျိုးကြောင်းဆီလျှော်စွာ တွေးခေါ်မှုအစရှိတဲ့ လိုအပ်ချက်ခြင်းလည်း တူညီကြပါတယ်။

Ref: Children Do Much Better in Math When Music is Added to the Lesson: New Study

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top