သခင်နဲ့အပြင်ထွက်တဲ့အခါတိုင်း Mask တပ်လေ့ရှိတဲ့ ခွေးလေး

dog-image.jpg

မလေးရှားနိုင်ငံက ခွေးလေးတစ်ကောင်ကတော့ လူတိုင်းကို အပြင်ထွက်တဲ့အခါတိုင်း Mask တပ်ဖို့ သူကိုယ်တိုင်တပ်ပြကာ တိုက်တွန်းနေပါတယ်နော်။ ကမ္ဘာတစ်ဝှမ်းမှာ ကိုဗစ်ရောဂါဖြစ်ပွားမှုက မပြီးသေးတဲ့အတွက် အပြင်ထွက်တဲ့အခါတိုင်း Mask ဝတ်ဆင်ဖို့ကတော့ ဘယ်တော့မှ မေ့မထားသင့်တဲ့အရာပါပဲ။ ကိုဗစ်ကူးစက်ခံရသူအရေအတွက်၊ သေဆုံးသူအရေအတွက်တွေများလာနေပေမဲ့ အပြင်ထွက်ရင် Mask မတပ်တဲ့ လူတချို့ကိုလည်း တွေ့နေရတုန်းပါပဲ။ အဲဒီလိုလူတွေကို Fatty Ong ဆိုတဲ့ခွေးလေးက အပြင်ထွက်တဲ့အခါတိုင်း Mask တပ်ဖို့ သတိပေးနေပါတယ်။

မကြာသေးခင်ကမှ မလေးရှားနိုင်ငံ၊ Bahau မြို့လေးက Zhang Shihua ဆိုတဲ့ သစ်သီးခြံအလုပ်သမားနဲ့ သူ့ရဲ့ခွေးလေး Fatty Ong တို့ဟာ လူတွေရဲ့အာရုံစိုက်မှုကို ရရှိနေပါတယ်။ ဆိုင်ကယ်စီးပြီး သူတို့အပြင်ထွက်တဲ့အခါတိုင်း လူတွေက သတိထားမိနေတာဖြစ်ပါတယ်။ ဘာလို့အခုလိုလူတွေ သတိထားမိနေလဲဆိုရင် Zhang Shihua ရဲ့ခွေးလေးက သူ့သခင်လိုဘဲ အပြင်ထွက်တဲ့အခါတိုင်း Mask တပ်ထားလို့ပါပဲ။ Fatty Ong က သခင်ရဲ့စကားကို အရမ်းနာခံတတ်ပြီး ဆိုင်ကယ်ပေါ်မှာ သူ့သခင်ကို စောင့်ဆိုင်းနေရင်းတောင် Mask ကို မဖြုတ်ဘူးလို့သိရပါတယ်။ သူ့သခင်က လက်ဖက်ရည်ဆိုင်သွားတဲ့အခါတိုင်း သူ့ကို ခေါ်သွားလေ့ရှိပါတယ်။ လက်ဖက်ရည်ဆိုင်ရောက်တဲ့အခါ Fatty Ong က မော်တော်ဆိုင်ကယ်ပေါ်မှာပဲ သူ့သခင်ကို စောင့်ဆိုင်းပေးရပါတယ်။

Mask တပ်ပြီး သူ့သခင်ကို ဆိုင်ကယ်ပေါ်ကနေ စောင့်ဆိုင်းနေတဲ့သူ့ရဲ့စတိုင်က လူတိုင်းကို သူ့ဓာတ်ပုံကို ရိုက်ယူချင်စိတ်ပေါက်အောင် ဆွဲဆောင်နေခဲ့ပါတယ်။ Fatty Ong ကို Bahau မြို့လေးမှာ နာမည်ကြီးနေတဲ့ခွေးလေးလို့တောင် ပြောလို့ရနေပါပြီ။ တစ်ခါတလေ Fatty Ong က သူ့ရဲ့Mask ကို လက်သည်းတွေနဲ့ကုတ်ခြစ်ကာ ဖယ်တတ်ပေမဲ့ သူ့သခင်က မြင်တဲ့အခါ လက်ဖက်ရည်ဆိုင်ကနေ ချက်ချင်းထွက်လာပြီး သူ့ကို Mask ပြန်တပ်ပေးတတ်တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် Zhang က သူ့ခွေးလေးကို ဇွန်လကတည်းက Mask ဝတ်တတ်အောင် လေ့ကျင့်ပေးခဲ့တာပါ။ ဒါပေမဲ့ အစက လေ့ကျင့်ပေးဖို့ တော်တော်လေးအဆင်မပြေခဲ့ပါဘူး။ Fatty Ong ကို Mask တပ်ပေးဖို့ ကြိုးစားလိုက်တိုင်း ပြန်ရန်ပြုခဲ့တဲ့အပြင် ကိုက်လည်းကိုယ်တယ်လို့ ဆိုပါတယ်။ သူ့ကို ပြန်ကိုက်တဲ့အတွက် ခွေးလေးကို အပြစ်ပေးတဲ့အနေနဲ့ လက်ဖက်ရည်ဆိုင်သွားတဲ့အခါ ခေါ်မသွားခဲ့ပါဘူး။ Fatty Ong က သူ့သခင်နဲ့အတူ အပြင်ကို ဆိုင်ကယ်နဲ့ လိုက်ချင်တဲ့အတွက်ကြောင့် သူ့ကို Mask တပ်ပေးတာကို ငြိမ်ပြီး လက်ခံပေးခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင် သူ့သခင်က Mask တပ်ပေးတဲ့အခါတိုင်း အပြင်သွားရမယ်ဆိုတာ သိပြီး ဆိုင်ကယ်ပေါ်ခုန်တက်ကာ ဆိုက်ကယ်လိုက်စီးနေပါတယ်။

Ref: WorldofBuzz “Cute Doggo Never Forgets To Put On His Mask Whenever He Leaves The House”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top