နည်းပညာစွမ်းပကားကြောင့် သေမင်းခံတွင်းဝကနေ လွတ်မြောက်ခဲ့သူ

19-2-2022-yyl11.jpg

ရုတ်တရက် နှလုံးဖောက်ခဲ့တဲ့ ၇၁ နှစ်အရွယ် အမျိုးသားဟာ နည်းပညာအကူအညီကြောင့် အသက်ဘေးကနေ အံ့အားသင့်ဖွယ် လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဆွီဒင်နိုင်ငံ ထရိုဟတ်တန်မြို့မှာ နေထိုင်တဲ့ ၇၁ နှစ်အရွယ် အမျိုးသားဟာ ကားလမ်းပေါ်က ဆီးနှင်းတွေကို ရှင်းလင်းဖယ်ရှားနေတုန်း ရုတ်တရက် နှလုံးဖောက်ပြီး လဲကျသွားခဲ့တာပါ။

ပုံမှန်အားဖြင့် ဒီလိုအခြေအနေမှာ အကူအညီရဖို့ ၁၀ မိနစ်စောင့်ရလေ့ရှိပြီး အရေးပေါ်လူနာတင်ယာဉ် ရောက်ရှိချိန် နောက်ကျတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ အရေးပေါ်လူနာတင်ယာဉ် လွှတ်ပေးဖို့ ချက်ချင်းဖုန်းဆက်ပေးသူရှိခဲ့ပြီး သူ နေထိုင်တဲ့ဒေသကလည်း Everdrone ကုမ္ပဏီရဲ့ EMADE ( အရေးပေါ် ကျန်းမာရေးပစ္စည်းတွေကို ဝေဟင်ကနေ ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှု) ရရှိနိုင်တဲ့ နေရာ ဖြစ်နေပါတယ်။ ဒါကြောင့် EMADE ရဲ့ မောင်းသူမဲ့ယာဉ်တစ်စီးက အခင်းဖြစ်ပွားရာကို ၃ မိနစ်အကြာမှာပဲ နှလုံးစက် လာပို့ခဲ့ပါတယ်။ ဒီထက်ပိုပြီး အဆင်ပြေသွားတာကတော့ ၇၁ နှစ်အရွယ် အမျိုးသား နှလုံးဖောက်ချိန်မှာ ဆရာဝန်တစ်ယောက် ကားနဲ့ဖြတ်သွားချိန်နဲ့ တိုက်ဆိုင်နေတာပါပဲ။

” ဆေးရုံကို သွားနေတုန်း ကားပြတင်းပေါက်ကနေ ကြည့်လိုက်တော့ လူတစ်ယောက် လဲကျသွားတာ တွေ့လို့ ကျွန်တော်လည်း ပြေးလာခဲ့တာပါ။ သူက နှလုံးမခုန်တော့လို့ CPR လုပ်ပေးပြီး ဘေးကလူတွေကို အရေးပေါ်ဖုန်းနံပါတ် ခေါ်ပေးကြဖို့ အကူအညီတောင်းတယ်။ မိနစ်ပိုင်းကြာတော့ ကျွန်တော့်ခေါင်းပေါ်ကနေ တစ်ခုခု ဖြတ်ပျံလာတာ တွေ့လိုက်တယ်။ အဲဒါက နှလုံးစက်လာပို့တဲ့ မောင်းသူမဲ့ယာဉ်ပါပဲ” လို့ ဆရာဝန် မူစတာဖာအလီက ပြောပါတယ်။

အဲဒီနောက်မှာ အရေးပေါ်လူနာတင်ယာဉ် ရောက်လာပြီး လူနာကို ဆေးရုံတင်ပို့ခဲ့တာပါ။ ကမ္ဘာပေါ်မှာ ရုတ်တရက်နှလုံးဖောက်မှု ကြုံတွေ့ပြီး အသက်ရှင်ခဲ့သူက ၁၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အခုချိန်မှာတော့ လူနာက ပြန်သက်သာလာပြီး ဆေးရုံကနေ ပြန်ဆင်းလာပါပြီ။ မောင်းသူမဲ့ယာဉ်နဲ့သာ နှလုံးစက် လာမပို့ရင် သူ အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီအတွက် နည်းပညာအကူအညီကို ကျေးဇူးတင်ကြောင်းပြောဖို့ စကားလုံးရှာမရနိုင်တဲ့အထိ ဖြစ်မိတယ်လို့ ၇၁ နှစ်အရွယ် အမျိုးသားက ဆိုပါတယ်။

Ref: Good News ” Drone Helps Save the Life of a 71-Year-old Man Who Has Cardiac Arrest While Shoveling Snow ”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top