စွမ်းအားဖြည့်အချိုရည် (Energy Drinks) တွေ မသောက်ရမနေနိုင် ဖြစ်နေသလား

man-drinking-energy.jpg

စွမ်းအားဖြည့်အချိုရည်များအား စွမ်းအင်ကို မြှင့်တင်ပေးနိုင်ခြင်း၊ နိုးကြားစေခြင်း၊ အာရုံစူးစိုက်နိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ဖြစ်စေတယ်ဆိုပြီး နာမည်ကျော်ပါတယ်။ ကဖိန်း၊ သကြားဓာတ်၊ ဗီတာမင် B၊ ဆေးဘက်ဝင်အပင်များမှ ပစ္စည်းများ၊ အမိုင်နိုအက်ဆစ် စတာတွေပါဝင်တတ်ပြီး စိတ်ပိုင်းရော ရုပ်ပိုင်းပါ စွမ်းအားဖြည့်ပေးမယ့် ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

စွမ်းအားဖြည့်အချိုရည်များဟာ စွမ်းအင်မြှင့်တင်ပေးပြီး လူကိုလန်းဆန်းစေပေမယ့် ကဖိန်းနဲ့ သကြားဓာတ် အများအပြားပါဝင်တာကြောင့် ကျန်းမာရေး ဆိုင်ရာ ပြဿနာအချို့ ဖြစ်စေနိုင်ပါတယ်။ အဓိကကတော့ စွမ်းအားဖြည့်အချိုရည်ကို စွဲလမ်းလာခြင်း ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ စွမ်းအားဖြည့်အချိုရည်တွေ စွဲလမ်းလာရင် ကြုံလာမယ့်ပြဿနာတွေနဲ့ ဘယ်လိုကာကွယ်သင့်သလဲ ဆိုတာပါပဲ။

စွမ်းအားဖြည့်အချိုရည် စွဲလမ်းခြင်းဆိုတာ ဘယ်လိုမျိုးလဲ

အရာဝတ္တုတခုခုကို သုံးစွဲပြီးရင် နောက်ဆက်တွဲဆိုးကျိုူးကြုံတွေ့သည့်တိုင် မသုံးရရင် မနေနိုင်တဲ့ ပြဿနာမျိုး ဖြစ်ပါတယ်။ အချိုရည်ကိုလည်း မသောက်ရင် မနေနိုင်ခြင်းမျိုး ဖြစ်လာပါတယ်။ မသောက်ဘဲ နေလိုက်ရင် မလန်းဆန်းတာမျိုး၊ စိတ်မကြည်တာမျိုး၊ သောက်သုံးလိုက်တဲ့အခါမှ အင်အားပြည့်ဝသွားသလိုမျိုး ခံစားရတတ်ပါတယ်။ ဒီနည်းနဲ့ စွမ်းအားဖြည့်အချိုရည်များကို အများအပြား သောက်သုံးမိလာပါတယ်။

စွဲလမ်းခြင်း လက္ခဏာများ

စွဲလမ်းခြင်းဟာ စိတ်ပိုင်းဆိုင်ရာပေါ် မူတည်ပေမယ့် လက္ခဏာများကတော့ ဦးနှောက်နဲ့ အာရုံကြောနဲ့ပါ ဆက်နွယ်နေပါတယ်။ ဥပမာ

– အလွန်အကျွံတောင့်တခြင်း၊ မသောက်ရ မနေနိုင်တော့ခြင်း

– သောက်သုံးပြီးလျှင် စိတ်အပြောင်းအလဲဖြစ်သွားခြင်း

– သောက်သုံးမှုကို မထိန်းချုပ်နိုင်ခြင်း

– မသောက်ဘဲနေကြည့်လျှင် ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ကျခြင်း၊ သည်းမခံနိုင်ဖြစ်ခြင်း စတာတွေ ကြုံလာရတတ်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

စွမ်းအားဖြည့်အချိုရည်များဟာ အက်ဆစ်ဓာတ်ကဲတဲ့ အရည်မျိုးဖြစ်ပါတယ်။ ဒါကြောင့် သွားများကို အရောင်ပျက်စေတဲ့အပြင် အချိန်ကြာလာတာနဲ့အမျှ သွားရဲ့အပေါ်ယံကြွေလွှာတွေကို ပါးလာစေပါတယ်။ သွားပိုးစားခြင်း၊ အခေါင်းပေါက်ဖြစ်ခြင်း စတာတွေ ကြုံလာနိုင်ပါတယ်။ အချိုရည်မှပါဝင်တဲ့ သကြားဓာတ်များဟာ သွားကြိုသွားကြားအတွင်း ဘက်တီးရီးယား ပေါက်ပွားမှုကိုလည်း အားပေးတာကြောင့် သွားကျောက်တွေဖြစ်ပေါ်ပြီး သွားများကိုလျင်မြန်စွာ ပျက်စီးစေပါတယ်။

စွမ်းအားဖြည့်အချိုရည်များ သောက်သုံးခြင်းဟာ ကိုယ်အလေးချိန်လည်း တက်လာစေပါတယ်။ ၂၅၀ မီလီလီတာလောက်ပါတဲ့ စွမ်းအားဖြည့်အချိုရည်တစ်ဘူးမှာ ကယ်လိုရီ ၁၁၀ လောက် ပါဝင်ပါတယ်။ အဓိကလက်သည်ကတော့ သကြားဓာတ် ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေ များစေပါတယ်။

စွမ်းအားဖြည့်အချိုရည် စွဲတာကို ဘယ်လိုရင်ဆိုင်မလဲ

စွမ်းအားဖြည့်အချိုရည်တွေကို မသောက်ရမနေနိုင်ဖြစ်သွားရင် ချက်ချင်းဖြတ်ဖို့တော့ ခက်ပါတယ်။ လုံးဝမသောက်ဘဲ ဖြတ်ပစ်ခြင်းမျိုး လုပ်နိုင်သလို ဖြည်းဖြည်းချင်းစီ လျှော့ချသွားပြီးမှ ဖြတ်လိုက်တာမျိုးလည်း ရှိပါတယ်။ နည်းလမ်းနှစ်ခုစလုံးမှာ အားနည်းချက် အားသာချက် ရှိပါတယ်။ မိမိရဲ့ နေထိုင်စားသောက်မှုပုံစံအရ လိုက်လျောညီထွေဖြစ်အောင် ရွေးချယ်ရပါမယ်။

ရုတ်တရက် တိကနဲ့ ဖြတ်တဲ့အခါမှာတော့ စွဲလမ်းတာကြောင့်ဖြစ်တတ်တဲ့ လက္ခဏာတွေ ပိုမို ကြုံနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း စတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဆိုပါအခြေအနေမျိုးမှာ စွမ်းအားဖြည့်အချိုရည်ကို အစားထိုးတဲ့ အဖျော်ယမကာတွေ အစားထိုး သုံးစွဲသင့်ပါတယ်။ အဓိကကတော့ စွဲလမ်းနေတဲ့ စွမ်းအားဖြည့်အချိုရည်တွေလောက် သကြားဓာတ်နဲ့ ကဖိန်း မများတဲ့ အဖျော်တွေ ဖြစ်ပါတယ်။ ဥပမာ ကဖိန်းထုတ်ထားတဲ့ decaf ကော်ဖီ၊ အသီးဖျော်ရည်၊ သကြားဓာတ် သိပ်မပါတဲ့ အချိုရည်၊ ဆေးဘက်ဝင်အပင်တွေကို လက်ဖက်ခြောက်လုပ်သောက်တဲ့ ရေနွေး စတာမျိုးတွေ ဖြစ်ပါတယ်။

မိမိရဲ့ပတ်ဝန်းကျင်မှာ စွမ်းအားဖြည့်အချိုရည်တွေ အလွယ်တကူ ယူမသောက်နိုင်အောင် ဖန်တီးထားရပါမယ်။ တခြား အာသာပြေ အစားထိုးသောက်စရာ အရည်တစ်မျိုးမျိုးကိုလည်း လက်လှမ်းမီရာမှာ ထားသင့်ပါတယ်။

အာရုံပြောင်းလဲအောင် နေထိုင်မှုပုံစံကိုလည်း အလိုက်သင့် ပြောင်းပေးရပါမယ်။ စိတ်တည်ငြိမ်အောင် တရားထိုင်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ယောဂကျင့်ခြင်း စတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

အထက်ပါနည်းလမ်းတွေနဲ့ မိမိဖာသာလုပ်ဆောင်ရင်း အဆင်မပြေရင် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်သင့်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top