သီချင်းသီဆိုဖျော်ဖြေတာကို ခဏရပ်ပြီး ပရိသတ်တွေထဲက တစ်စုံတစ်ယောက်ကို ရှာခဲ့တဲ့ ဟယ်ရီစတိုင်

17-6-2022-yyl14.jpg

One Direction အဖွဲ့ဝင်ဟောင်း ဟယ်ရီစတိုင်ဟာကြာသပတေးနေ့ညက မန်ချက်စတာမြို့မှာ ဖျော်ဖြေပွဲကျင်းပခဲ့ပါတယ်။ ဖျော်ဖြေပွဲအတွင်း သူက သီချင်းသီဆိုဖျော်ဖြေတာကို ခဏရပ်ပြီး “ပရိသတ်တွေထဲက တစ်စုံတစ်ယောက်ကို ရှာချင်တဲ့အတွက် မင်းတို့ဆီက တစ်ခုလောက် မေတ္တာရပ်ခံချင်ပါတယ်”လို့ ပြောရင်းနဲ့ ပရိသတ်တွေကို ခဏလောက် ငြိမ်သက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပရိသတ်ထဲက တစ်စုံတစ်ယောက်ဆိုတာ အန် ဗာနွန် ဆိုတဲ့ သူ့ရဲ့ပထမဆုံးသောကျောင်းဆရာမပါပဲ။ လူအုပ်ထဲမှာ သူ့ရဲ့ဆရာမ ရှိနေမယ်လို့ ယုံကြည်ခဲ့တဲ့အတွက် သူ့ကို ကူညီဖို့ ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ်။ ဟယ်ရီက လူ ၂၆၀၀၀ ရှိတဲ့ Emirates Old Trafford ဘောလုံးကွင်းမှာ ဖျော်ဖြေတင်ဆက်နေခဲ့တာပါ။ ဒါပေမဲ့ စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူ့ဆရာမကို ရှာတွေ့ခဲ့ပါတယ်။

“ဟိုမှာ…သူပါပဲ။ ဆရာမ ဗာနွန်”လို့ ဟယ်ရီက ပြောရင်း ဒူးထောက်ချလိုက်ပါတယ်။ “နေကောင်းရဲ့လား ဆရာမ… ဆရာမ အငြိမ်းစားယူသွားပြီဆိုတာ ကျွန်တော် ကြားခဲ့တယ်။ ကျောင်းတက်ခဲ့တဲ့နှစ်တွေတုန်းက အရာအားလုံးအတွက် ကျေးဇူးတင်ချင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီည…ဆရာမ ဒီနေရာမှာရှိနေတာ ကျွန်တော့်အတွက် အများကြီးအဓိပ္ပါယ်ရှိတယ်” လို့ ဟယ်ရီက ပြောပါတယ်။

“ကျွန်တော့်အသက် ၄ နှစ်တုန်းက ဆရာမ ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့တာကို တွေးမိရဲ့လား” လို့ ဟယ်ရီက ပြောရင်း ဆရာမ ဗီနွန်အတွက် ရည်ညွှန်းပြီး နောက်ထပ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Canyon Moon” ကို သီဆိုခဲ့ပါတယ်။

“ဟယ်ရီ..အသက် ၄ နှစ်နဲ့ ၅ နှစ်တုန်းက ကျွန်မ သူ့ကို စာသင်ပေးခဲ့တာပါ။ သူက ချစ်ဖို့ကောင်းတယ်။ မျောက်ကလေးတစ်ကောင်လိုပဲ။ အငြိမ်မနေဘူး။ သူ့ရဲ့ပင်ကိုယ်အရည်အသွေးကြောင့် သူငယ်ချင်းတွေအများကြီးရှိခဲ့တယ်” လို့ ဆရာမဗီနွန်ကလည်း ဖျော်ဖြေပွဲအပြီး “The Zoe Ball Breakfast Show” မှာ ပြောခဲ့ပါတယ်။

ဟယ်ရီက ဖျော်ဖြေတင်ဆက်မှုတော်တော်များများနဲ့ ကြီးပြင်းလာခဲ့ပြီး အရမ်းထူးချွန်တယ်လို့ ဆရာမဗီနွန်က ပြောပါတယ်။ “ဟယ်ရီက အရာအားလုံးမှာ တော်တယ်။ ဒီမှာရှိနေတဲ့ ဆရာ၊ဆရာမအားလုံးက သူ အောင်မြင်ခဲ့တဲ့အရာအားလုံးအတွက် အရမ်းဂုဏ်ယူပြီး စိတ်လှုပ်ရှားရပါတယ်။ ဟယ်ရီ..မင်း ခုဏကပြောခဲ့တဲ့စကားတွေအတွက် ကျေးဇူးတင်ပါတယ်။ ဆရာမ တကယ်ကို ရင်ထဲထိပါတယ်”လို့ ဆရာမက ဆိုပါတယ်။

ဟယ်ရီဟာ မြောက်အမေရိကဖျော်ဖြေပွဲအတွက် အမြတ်အစွန်းမယူတဲ့ “Everytown for Gun Satefy”အဖွဲ့အစည်းနဲ့ လက်တွဲလုပ်ကိုင်​​နေပါတယ်။ ယူဗယ်ဒီမြို့က မူလတန်းကျောင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာ အဲဒီဖျော်ဖြေပွဲကရတဲ့ အမြတ်အစွန်းကို အဖွဲ့အစည်းဆီ လှူဒါန်းမယ်လို့ ကတိကဝတ်ပြုထားခဲ့တာပါ။

Ref: CBSNews “Harry Styles halts concert to find someone in the crowd – his former school teacher”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top