၃၃ ရက်အကြာမှာ သမုဒ္ဒရာကြမ်းပြင်အောက်က ပြန်တွေ့ရတဲ့ iPhone အကောင်းအတိုင်း အလုပ်လုပ်ဆဲ

4.5.2023-yyl-1.jpg

မင်နီဆိုတာပြည်နယ်က အမျိုးသားတစ်ယောက်ဟာ ဟာဝိုင်အီကျွန်းမှာ ကယက်လှေ လှော်ရင်း လှိုင်းကြီးလို့ လှေမှောက်ပြီး iPhone 14 ပျောက်သွားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိတဲ့ ဇက်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက သူ့အမေ၊ သူ့အစ်မတို့နဲ့အတူ ဟာဝိုင်အီကျွန်းပေါ်က ဝေကီကီကျွန်းကို အလည်အပတ်ခရီး ထွက်ခဲ့တာပါ။ အဲဒီခရီးစဉ်မှာ ဇက်က ကယက်လှေ လှော်ခဲ့ပြီး လှေလှော်နေရင်း ကောင်းကင်ပေါ် ပျံသန်းသွားတဲ့ လေယာဉ်တွေကို ဓာတ်ပုံရိုက်ဖို့ အကြံရခဲ့တာပါ။

ဒါပေမဲ့ လှေလှော်နေတုန်း လှိုင်းကြမ်းလို့ လှေမှောက်ခဲ့ပြီး သူ့ရဲ့ iPhone 14 နဲ့ နေကာမျက်မှန် ပျောက်သွားခဲ့ပါတယ်။ သူဟာ ဒီအကြောင်းကို မေ့မေ့ပျောက်ပျောက် ထားခဲ့ပြီး တစ်လကျော်အကြာမှာတော့ အီးမေးလ်တစ်စောင် ရခဲ့ပါတယ်။ သမုဒ္ဒရာကြမ်းပြင်အောက်က သူ့ဖုန်းကို ပြန်ရှာတွေ့တယ်ဆိုတဲ့စာပါပဲ။

ဝေကီကီကမ်းခြေတစ်ဝိုက် ရေငုပ်ရတာ ဝါသနာထုံတဲ့ ငါးသိပ္ပံပညာရှင်(ငြိမ်း) ဒေါက်တာ ခါးဘရွန်ကင်က သူ့ဖုန်းကို တွေ့ခဲ့တာပါ။ ” ဖုန်းက ဆားပွင့်တွေတက်ပြီး ပျက်စီးနေပြီဆိုတော့ ဖွင့်လို့ရမှာ မဟုတ်တော့ဘူးလို့ ထင်ခဲ့တာပါ” လို့ ခါးဘရွန်ကင်က ဆိုပါတယ်။

သူက ဖုန်းကို ခြောက်သွေ့သွားအောင် ဆန်ထုပ်ထဲ တစ်ပတ်လောက်ထားပြီး အားသွင်းခဲ့ပါတယ်။ ဖုန်းကို ဖွင့်ကြည့်တဲ့အခါမှာတော့ ရက်စွဲက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်( ဖုန်း ရေထဲကျသွားတဲ့နေ့) ဖြစ်နေတာကလွဲရင် ကျန်တာအားလုံး ပုံမှန်အတိုင်း အလုပ်လုပ်တာ တွေ့ခဲ့ပါတယ်။ ဒေါက်တာ ခါးဘရွန်ကင်က ဖုန်းက Lock ဖြည်ပြီး ဖုန်းပိုင်ရှင်ရဲ့ အီးမေးလ်ကို ရှာဖွေကာ ဇက်ထံ ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။

” တကယ့်ကို အံ့အားသင့်စရာပါပဲဗျာ။ ပထမတစ်ချက်က ဒီဖုန်းကို သူ ရှာတွေ့ခဲ့တာပေါ့။ နောက်တစ်ချက်က ဖုန်းကို Lock ဖြည်ပြီး ကျွန်တော့်အီးမေးလ်နဲ့ ဗီဒီယိုကို ရှာခဲ့တာကိုပဲ” လို့ ဇက်က ဆိုပါတယ်။ လုံခြုံရေးစနစ် မြင့်မားလွန်းတဲ့ iPhone ကို Lock ဖြည်နိုင်တယ်ဆိုတာ အံ့အားသင့်စရာကောင်းပေမဲ့ ဇက်ရဲ့ လျှို့ဝှက်ကုဒ်က ၁ ဂဏန်းစီးရီးသာ ဖြစ်လို့ ခက်ခဲလွန်းတဲ့ Password မဟုတ်ပါဘူး။

iPhone 14 ဟာ ရေအောက်အနက် ၆ မီတာမှာ မိနစ် ၃၀ ကြာအထိ ခံနိုင်ရည်ရှိတယ်လို့ Apple က ကြေညာထားပေမဲ့ ဒီဖုန်းကတော့ သမုဒ္ဒရာအောက်မှာ ၃၃ ရက်ကြာ နစ်နေခဲ့ပြီးမှ အကောင်းအတိုင်း အလုပ်လုပ်နေဆဲဖြစ်တာ အံ့အားသင့်စရာပါပဲ။

Ref: iPhone Still Works Perfectly After Spending 33 Days on Bottom of the Ocean

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top