ဓာတ်ပုံရိုက်ခွင့်မပြုတဲ့ Sistine Chapel ဘုရားရှိခိုးကျောင်းမှာ ဓာတ်ပုံရိုက်ခဲ့တဲ့အတွက် တောင်းပန်စကားဆိုခဲ့တဲ့ မင်းသားဂျေဆင် မိုမိုအာ

16-5-2022-yyl-01.jpg

“Aquaman” ဇာတ်ကားနဲ့ ရေဘုရင်ကြီးလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသား ဂျေဆင် မိုမိုအာဟာ “Fast & Furious” ရဲ့ ၁၀ ကားမြောက် ‘Fast X” ကို လက်ရှိရိုက်ကူးနေပါတယ်။ မေလ ၉ ရက်နေ့မှာ မိုမိုအာက ဗာတီကန်စီးတီးမှာ တည်ရှိတဲ့ ဘုရားရှိခိုးကျောင်း Sistine Chapel ရဲ့ မျက်နှာကြက်နဲ့ နံရံတွေမှာ အလှဆင်ထားတဲ့ နာမည်ကြီး Michelangelo ပန်းချီကားတွေအောက်မှာ ဓာတ်ပုံရိုက်ခဲ့ပြီး အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ ဓာတ်ပုံတွေနဲ့အတူ “ချစ်တယ်…အီတလီ ရောမမှာ ပျော်ရွှင်စွာနဲ့ စတင်လိုက်တဲ့ ကျွန်တော်တို့ရဲ့လှပတဲ့နားရက်လေးပါပဲ”လို့ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီပို့စ်မှာ ပရိသတ်တွေက ခရီးသွားဧည့်သည်တွေကို ဘုရားရှိခိုးကျောင်းမှာ ဓာတ်ပုံ (သို့) ဗီဒီယိုရိုက်ကူးတာ တားမြစ်ထားတယ်ဆိုတဲ့ ကွန်မန့်တွေနဲ့ မြန်မြန်ဆန်ဆန်ထောက်ပြခဲ့ကြပါတယ်။ စနေနေ့မှာတော့ မိုမိုအာက ဒီအငြင်းပွားမှုတွေကို ဖြေရှင်းပေးတဲ့ နောက်ထပ်ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ သူက Work out လုပ်နေတာပါ။ “ရောမမှာ ကျွန်တော်ရဲ့နောက်ဆုံးနေ့ပါပဲ။ ပရိသတ်တွေနဲ့ အီတလီကို ကျွန်တော် ချစ်ပါတယ်။ မင်းတို့ရဲ့ယဉ်ကျေးမှုကို ကျွန်တော်က မလေးစားဘူးလို့ ထင်ခဲ့တယ်ဆိုရင် အဲဒါက ကျွန်တော် ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး”လို့ မိုမိုအာက ပြောပါတယ်။

အသက် ၁၉ နှစ် (သို့) အသက် ၂၀ တုန်းက ဗာတီကန်နဲ့ Sistine Chapel ကို အလည်လာခဲ့ဖူးတယ်၊ လက်ရှိခရီးစဉ်ကတော့ “Fast X” ရိုက်ကူးရေးနားရက်မှာ ရုပ်ရှင်အဖွဲ့သား၊ သူငယ်ချင်းတွေနဲ့အတူ အလှူလာလုပ်ခဲ့တာဖြစ်တယ်လို့ မိုမိုအာက ထုတ်ပြောခဲ့ပါတယ်။ ဒါ့အပြင် ဘုရားရှိခိုးကျောင်းမှာ ဓာတ်ပုံရိုက်ခဲ့မိတဲ့အတွက်လည်း ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ပါတယ်။

“ကျွန်တော့်နဲ့ဓာတ်ပုံတွေရိုက်ချင်တဲ့လူတွေကို တွေ့ခဲ့တယ်။ ကျွန်တော် အရမ်းလေးစားပြီး အဆင်ပြေမယ်လို့ ထင်တဲ့အတွက် ဓာတ်ပုံရိုက်ဖို့ ခွင့်ပြုချက်တောင်းခဲ့ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ယဉ်ကျေးမှုကို မရိုမသေလုပ်ဖို့အတွက် ဘာတစ်ခုကိုမျှ လုပ်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော် လုပ်ခဲ့မိရင် တောင်းပန်ပါတယ်။ ကျွန်တော် ကိုယ်ပိုင်အခိုက်အတန့်လေးယူပြီး ဘုရားကျောင်းမှာ အလှူကောင်းကောင်းပြုခဲ့ပါတယ်”လို့မိုမိုအာက ပြောပါတယ်။

ဂျေဆင် မိုမိုအာရဲ့တောင်းပန်တဲ့ဗီဒီယိုဟာ တနင်္ဂနွေနေ့ကအထိ ကြည့်ရှုသူ ၃ သန်းရှိခဲ့ပါတယ်။

Ref: CNN “Jason Momoa apologizes after taking photos in the Sistine Chapel”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top