မသန်စွမ်းကောင်လေးအတွက် ဝှီးချဲဝင်လို့ရတဲ့ကားတစ်စီးဝယ်ပေးခဲ့တဲ့ဂျပ်စတင် တင်ဘာလိတ်ခ်

1-12-2020-yyl-002.jpg

တင်နက်ဆီပြည်နယ်က ဂျာကီ စတစ်တ် (Jake Stitt) လို့အမည်ရတဲ့ဆယ်ကျော်သက်ကောင်လေးကို ပျော်ရွှင်စရာတွေကို ဖြန့်ဝေပေးသူအဖြစ် လူသိများကြပါတယ်။ တကယ်တော့ ဂျာကီဟာ ဝှီးချဲနဲ့ မကြာခဏ အပြင်မှာ ထိုင်လေ့ရှိတဲ့ ဦးနှောက်အကြောသေရောဂါသည်ကောင်လေးပါ။ အခုအပတ်မှာတော့ အသက် ၁၇ နှစ်အရွယ် အဲဒီကောင်လေးက သူလိုအပ်နေတဲ့၊ ဝှီးချဲလည်းဝင်လို့ရတဲ့ ကားတစ်စီးကို ရရှိသွားခဲ့တဲ့အတွက် အပျော်ကြီးပျော်နေရှာပါတယ်။

ဂျာကီဟာ သူ့ရဲ့မြို့မှာ ဆယ်လီဖြစ်ပြီး ပျော်ရွှင်မှုတွေဖန်တီးပေးတဲ့အတွက် သူ့မြို့က လူတွေက ကျေးဇူးတင်နေကြရတာပါ။ ဂျာကီရဲ့အဖေ တင်မ် စတစ်တ်ကတော့ စစ်မှုထမ်းဟောင်းဖြစ်ပြီး သူ့ကို ဂရုစိုက်ပေးနေရသူဖြစ်ပါတယ်။ ဒါပေမဲ့ တင်မ်ဟာ ကားစီးတဲ့အခါ သူ့သားကို မ,ပြီး နှစ်တော်တော်ကြာသယ်ပေးရတာကြောင့် သူ့ရဲ့လက်တွေက သိပ်လှုပ်ရှားလို့မရဖြစ်ခဲ့ပါတယ်။ သူဟာ အဲဒီလိုဖြစ်လာတဲ့အတွက် သူ့သားကို ကားပေါ်ကနေ အတင်အချလုပ်ပေးဖို့အတွက် စိုးရိမ်ပူပန်ခဲ့ရတယ်။ ဒါကြောင့် လက်တွေပုံမှန်ပြန်ဖြစ်ဖို့အတွက် ခွဲစိပ်ကုသမှုခံယူတော့မယ်လို့ တင်မ်က ဆိုပါတယ်။

အဲဒီလိုဖြစ်နေတဲ့သူတို့မိသားစုအတွက် မြို့နေပြည်သူတွေကလည်း ဝှီးချဲဝင်ရောက်လို့ရတဲ့ ကားအသစ်အတွက် ရန်ပုံငွေစုဆောင်းပေးခဲ့ကြပါတယ်။ ဝှီးချဲဝင်ရောက်လို့ရတဲ့ကားဟာ ဂျာကီကို ကားပေါ်အတင်အချလုပ်တဲ့အခါ တင်မ်ရဲ့အားစိုက်မှုမလိုဘဲ ပိုပြီးလွယ်ကူစေပါတယ်။ ဂျာကီတို့နဲ့တစ်မြို့တည်းနေထိုင်ပြီး လက်ရှိ နယူးယောက်ခ်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မင်းသား မိုက်ကယ် အက်ဘော့တ် ဂျူနီယာ (Micheal Abbott Jr.) က ရက်အနည်းငယ်အတွင်းမှာ ဒေါ်လာထောင်ချီရစေခဲ့တဲ့ ရန်ပုံငွေကို စတင်တည်ထောင်ပေးခဲ့တာပါ။ ဒါပေမဲ့ စူပါစတားတစ်ယောက်ရဲ့လှူဒါန်းမှုမပေါ်လာခင်ထိ ရန်ပုံငွေက စုဆောင်းဖို့ လိုအပ်နေပါသေးတယ်။

ဂျာကီအတွက် ဝှီးချဲတပ်လို့ရတဲ့ ကားကို ဝယ်ပေးခဲ့တဲ့စူပါစတားကတော့ ဂျပ်စတင် တင်ဘာလိတ်ခ်ပါပဲ။ ဂျပ်စတင် တင်ဘာလိတ်ခ်က ဂျာကီအတွက် ဒေါ်လာ ၃၅၀၀၀ တန် ကားတစ်စီးဝယ်ပေးခဲ့တာပါ။ ဂျပ်စတင်က ဂျာကီရဲ့အကြောင်းသိသွားခဲ့ကာ အရမ်းစိတ်မကောင်းဖြစ်မိတာကြောင့် ဂျာကီတို့မိသားစုလိုအပ်နေတဲ့ ကားတစ်စီးကို ဝယ်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ တင်မ်က ပြောပါတယ်။ ဂျပ်စတင် တင်ဘာလိတ်ခ်နဲ့ တင်မ်တို့သားအဖဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Zoom ကနေ စကားပြောခွင့်ရခဲ့ကြပါတယ်။

ဂျပ်စတင် တင်ဘာလိတ်ခ်နဲ့စကားပြောပြီး နာရီအနည်းငယ်အကြာမှာ သူ့တို့အိမ်ကို ကားအသစ်တစ်စီးရောက်ချလာခဲ့ပါတယ်။ ဂျာကီက the Crimson Tideရဲ့ ပရိသတ်တစ်ယောက်ဖြစ်တဲ့အတွက် ကားကို Alabama တံဆိပ်နဲ့ အလှဆင်ပေးထားပါတယ်။ ဂျာကီကို ကားထဲ အတင်အချလုပ်ပေးနိုင်မယ့် လူတွေမရှိတဲ့အတွက် ဂျပ်စတင် လှူဒါန်းပေးခဲ့တဲ့ကားက တင်မ်ရဲ့ဘဝကို ပိုပြီးလွယ်ကူအောင်လုပ်ပေးတော့မှာပါ။

အခုဆိုရင် ဂျပ်စတင် တင်ဘာလိတ်ခ်က ဂျာကီတို့သားအဖ လိုအပ်နေတဲ့ ကားကို ဝယ်ပေးခဲ့တဲ့အတွက် အဖွဲ့အစည်းက ရှာပေးထားတဲ့ ရန်ပုံငွေတွေကတော့ ဂျာကီနဲ့တင်မ်တို့ကိုပဲ ပေးသွားမှာဖြစ်ပါတယ်။ “ဘုရားသခင်က ကျွန်တော်တို့ကို အမြဲထောက်ပံ့ပေးနေပြီး ကျွန်တော်တို့ကလည်း သစ္စာတရားကို အမြဲလက်ကိုင်ထားပြီး နေ့တိုင်း ကျေးဇူးတင်နေမိပါတယ်။ ဒါက ကျေးဇူးတော်နေ့အတွက် တကယ်အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော်တို့ စိတ်အေးချမ်းဖို့၊ စိုးရိမ်ပူပန်မှုတွေမရှိဖို့ကျွန်တော်တို့မိသားစုအတွက် ဆုတောင်းတစ်ခုပါပဲ”လို့ တင်မ်က ပြောပါတယ်။

Ref: CBSNews “Justin Timberlake buys $35,000 wheelchair-accessible van for teen with cerebral palsy”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top