ကပ်ရောဂါကြောင့် ဝန်ထမ်း ၁၀၀၀ နီးပါးကို အလုပ်ဖြုတ်ပစ်နေတဲ့ LinkedIn

22-7-2020-yyl-002.jpg

ကပ်ရောဂါဖြစ်ပွားမှုက ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို အနှောင့်အယှက်ဖြစ်စေခဲ့တဲ့အတွက် ဝန်ထမ်းအရေအတွက်တော်တော်များများက ကပ်ရောဂါအခြေအနေပြန်ကောင်းလာဖို့ စောင့်ဆိုင်းရင်း လစာမဲ့ခွင့်ယူထားကြရတဲ့အပြင် စီးပွားရေးလုပ်ငန်းထောင်ပေါင်းများစွာလည်း ပိတ်သိမ်းထားရပါတယ်။ ဝန်ထမ်းခန့်အပ်ခြင်းကလည်း လျော့နည်းလာပါတယ်။ အလုပ်လက်မဲ့ဦးရေကလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ သိသိသာသာမြင့်တက်နေတဲ့အတွက် စီးပွားရေးလုပ်ငန်းတော်တော်များများက ဝန်ထမ်းဦးရေလျှော့ချနေပုံပါပဲ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပ၊ အာရှနဲ့အမေရိကန်နိုင်ငံအထိ စီးပွားရေးအခြေအနေထိခိုက်လာတဲ့အတွက် အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ဖြစ်သူ (၁၃) ရာခိုင်နှုန်းအထက်ရှိပါတယ်။ လူမှုကွန်ယက်ဝန်ဆောင်မှုဖြစ်တဲ့ LinkedIn က ဝန်ထမ်း (၁၀၀၀) နီးပါးကို အလုပ်ဖြုတ်ပစ်ခဲ့ပြီး အဲဒီပမာဏဟာ LinkedIn ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဝန်ထမ်းအရေအတွက်ရဲ့ (၆) ရာခိုင်နှုန်းရှိပါတယ်။

LinkedIn ရဲ့စီအီးအို ရိုင်ယန်ရိုလန်စကိုင်း (Ryan Roslansky) က အလုပ်အရေအတွက်လျှော့ချလိုက်တာက ကမ္ဘာလုံးဆိုင်ရာရောင်းအားနဲ့ ပါရမီရှိတဲ့ ဝန်ထမ်းစုဆောင်းရေးကို ထိခိုက်စေမှာဖြစ်တယ်လို့ ပြောပါတယ်။ နောက်ထပ်ဝန်ထမ်းလျှော့ချဖို့ အစီအစဉ်မရှိသေးဘူးလို့လည်း ပြောပါတယ်။ “LinkedIn က ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါရဲ့အကျိုးဆက်ကို ခံနိုင်ရည်မရှိပါဘူး။ ကျွန်တော်တို့ရဲ့ Talent Solutions စီးပွားရေးက အခြားကုမ္ပဏီတွေလိုပဲ ဆက်လက်ထိခိုက်နေပါတယ်”လို့ ရိုင်ယန်ရိုလန်စကိုင်းက ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ LinkedIn ဝန်ထမ်းတွေက ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းမပြည့်မီ အလုပ်ရှင်က အလုပ်ရပ်ဆိုင်းလိုက်ရတဲ့အတွက် လုပ်ခလျော်ကြေးအနေနဲ့ အနည်းဆုံး လစာ (၁၀) ပတ်စာနဲ့ တစ်နှစ်တာ ကျန်းမာရေးအာမခံရရှိသွားမှာဖြစ်ပါတယ်။ အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်းတွေက သြဂုတ်လ ၂၁ ရက်နေ့ထိ ဆက်ပြီးအလုပ်လုပ်ပေးနေရမှာဖြစ်ပါတယ်။။

Ref: CBSNews “LinkedIn laying off nearly 1,000 employees as coronavirus takes toll”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top