ခြင်္သေ့ပေါက်လေးကို ဘန်တလေကားပေါ်တင်ပြီး လျှောက်သွားခဲ့လို့ တရားမဝင်လက်ဝယ်ထားမှုနဲ့ ထိုင်းအမျိုးသမီး တရားစွဲခံရ

1.2.24-yyl-3.jpg

ဇန်နဝါရီ ၂၆ ရက်နေ့က ထိုင်းအမျိုးသမီးတစ်ဦးဟာ ခြင်္သေ့ပေါက်လေးတစ်ကောင်ကို တရားမဝင်လက်ဝယ်ထားမှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ရဲ့လမ်းမထက် ဘန်တလေအမိုးပွင့်ကားတစ်စီးပေါ်မှာ ခြင်္သေ့ပေါက်လေးတစ်ကောင်ရှိနေတဲ့ ဗီဒီယိုတွေဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တာပါ။ ကားကို မောင်းနှင်တဲ့သူက ခေါင်းပေါ်နေကာမျက်မှန်ပင့်တင်ထားတဲ့အမျိုးသားတစ်ဦးဖြစ်ပြီး ခြင်္သေ့ပေါက်လေးတင်ပြီး လျှောက်မောင်းနေခဲ့တာတွေ့ရပါတယ်။

ဒီခြင်္သေ့ပေါက်လေးကို ဖူးခက်က အမျိုးသမီးတစ်ဦးရဲ့နာမည်နဲ့ မှတ်ပုံတင်ထားတာဖြစ်တယ်။ Sawangjit Kosoongnern ဆိုသူ အမျိုးသမီးဖြစ်ပြီး ခြင်္သေ့ပေါက်က ၅လ-၆လဝန်းကျင်ဖြစ်တယ်လို့ သိရပါတယ်။ ဗီဒီယိုထဲမှာ တွေ့ရတဲ့ အမျိုးသားကတော့ Kosoongnernရဲ့သူငယ်ချင်းဖြစ်ပြီး ထိုင်းနိုင်ငံက ထွက်ခွာသွားပြီဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေကို ပိုင်ဆိုင်ထားတာက တရားမဝင်ပေမဲ့ မျိုးသုဉ်းလုနီးပါးရှိသော တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်မျိုးစိတ်များဆိုင်ရာ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်အောက်တွင် မှတ်ပုံတင်ပြီး တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါတယ်။

ခွင့်ပြုချက်မရှိဘဲ တောရိုင်းတိရစ္ဆာန်လက်ဝယ်ထားရှိမှုနဲ့ Kosoongnernကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက ကြေညာခဲ့တာပါ။ Kosoongnern ဟာ Nakhon Pathom ပြည်နယ်က အမျိုးသားတစ်ဦးဆီက ခြင်္သေ့ပေါက်လေးကို ဝယ်ယူခဲ့တာပါ။ အဲ့ဒီအမျိုးသားက Kosoongnern ရဲ့အိမ်ကို လာပို့ပေးခဲ့တာပါ။ ဒါပေမဲ့ ရောင်းချခဲ့သူအမျိုးသားက သားပေါက်ရဲ့လိင်နဲ့ပတ်သက်တဲ့ အချက်အလက်ကိုလုံလောက်စွာ မဖော်ပြတာကြောင့် တောရိုင်းတိရစ္ဆာန်ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်ထားတဲ့ စာရွက်စာတမ်းတွေပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့တာပါ။

အဲဒီတိရစ္ဆာန်မျိုးလက်ဝယ်ထားရှိမှုကို အာဏာပိုင်တွေထံ အကြောင်းကြားဖို့ ပျက်ကွက်ခဲ့တဲ့အတွက် Kosoongnernက အများဆုံး ထောင်ဒဏ် ၁ နှစ်၊ဒဏ်ငွေ ဘတ် ၁ သိန်း ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ဖွယ်ရှိပါတယ်။

ကားမောင်းခဲ့တဲ့ Kosoongnern ရဲ့သူငယ်ချင်းကလည်း ခြင်္သေ့ပေါက်ကို အပြင်ခေါ်ထုတ်သွားတဲ့အတွက် ထောင် ၆ လ၊ ဒဏ်ငွေ ဘတ် ၅ သောင်း ဒါမှမဟုတ် ဒဏ် ၂ ရပ်လုံးချမှတ်ခံရနိုင်ဖွယ်ရှိပါတယ်။

ဗီဒီယိုကြည့်ရှုရန် – https://www.youtube.com/watch?v=dR1vPJP0zLg

Ref: Lion cub in Bentley cruises down Thai streets, woman gets charged for illegal possess
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top