လွန်ခဲ့တဲ့ နှစ် ၄၀ နီးပါးက ပင်လယ်ထဲ ပစ်ခဲ့တဲ့ ပုလင်းထဲက စာကို ပိုင်ရှင် ပြန်ရရှိခဲ့တဲ့ဖြစ်ရပ်

11-1-2023-yyl-89.jpg

အမျိုးသားတစ်ဦးဟာ ငယ်စဉ်က ပင်လယ်ထဲ ပစ်ခဲ့တဲ့ ပုလင်းထဲက စာကို နှစ် ၃၇ နှစ်အကြာမှာ ပြန်ရရှိသွားခဲ့ပါတယ်။ ထရိုင် ဟယ်လာဆိုသူဟာ အသက် ၁၀ နှစ်အရွယ်၊ ၁၉၈၅ ခုနှစ်က Vero Beach ဆီ ခရီးထွက်လာရင်း အဲဒီစာကို ပက်စီပုလင်းထဲ ထည့်ပြီး ပင်လယ်ထဲ ပစ်ခဲ့တာပါ။

ကမ်းခြေမှာ အမှိုက်သန့်ရှင်းရေးလုပ်နေတဲ့ ဆရာမ (၂) ဦးက ဒီပုလင်းကို တွေ့ခဲ့တာဖြစ်ပေမဲ့ သူတို့သိမ်းထားမယ့်အစား ကမ်းခြေလမ်းလျှောက်လာတဲ့ အန်နီနဲ့ ကေတီ ကာမက်စ်တို့ကို ပေးခဲ့တာပါ။ ပုလင်းက ထရိုင် ပစ်ခဲ့တဲ့ နေရာရဲ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာ Sebastian Beach မှာ သောင်တင်နေခဲ့တာပါ။ ပုလင်းထဲက ထရိုင်ရဲ့စာမှာ နေရပ်လိပ်စာနဲ့ဖုန်းနံပါတ်ပါ ပါတယ်။ စာရဲ့အောက်ဆုံးမှာ “စာကြွင်း…ဒါကို တွေ့တဲ့ဘယ်သူမဆို ကျွန်တော့်ဆီ ဖုန်းဆက်ပါ (ဒါမှမဟုတ်) စာရေးပါ”တဲ့။

အန်နီနဲ့ကေတီတို့က စာထဲပါတဲ့ ထရိုင်ရဲ့ဆက်သွယ်ရမယ့်လိပ်စာအသေးစိတ်နဲ့ အွန်လိုင်းမှာ ရှာဖွေဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဝါရှင်တန်တောင်မှာ နေထိုင်တဲ့နာမည်တူ အမျိုးသားတစ်ဦးကို ရှာတွေ့ခဲ့ပြီး နောက်ဆုံးမှာ ထရိုင်ရဲ့လက်ရှိဆက်သွယ်ရမယ့်အချက်အလက်တွေကို ရှာတွေ့သွားခဲ့ပါတယ်။

အန်နီနဲ့ကေတီတို့ သူ့ဆီ ဖုန်းဆက်တဲ့အချိန်မှာ ထရိုင်က နေ့လည်စာစားနေခဲ့တာကြောင့် ဖုန်းမကိုင်ဖြစ်ခဲ့ပါဘူး။ ဖုန်းမကိုင်တဲ့အတွက် သူတို့က ထရိုင်ဆီ ပုလင်းထဲက စာပုံကို ဖုန်းမက်ဆေ့စ်နဲ့ ပို့ပေးခဲ့ပါတယ်။ ထရိုင်က စာကို မြင်မြင်ချင်း သူ ဒီစာရေးခဲ့တာကို မှတ်မိခဲ့ပါတယ်။ နှစ် (၄၀) နီးပါး ဒီပုလင်းရှိနေသေးတဲ့အတွက်လည်း အံ့အားသင့်ခဲ့ပါတယ်။

အန်နီနဲ့ ကေတီတို့က ထရိုင်ဆီ သူ့ရဲ့စာကို ပြန်ပို့ပေးခဲ့ပါတယ်။ နောက်တော့ ထရိုင်က အဲဒီစာနဲ့အတူ ပင်လယ်ထဲ ပုလင်းပစ်ခဲ့တဲ့ ငယ်ဘဝဓာတ်ပုံကို ဘောင်ခတ်ထားခဲ့ပါတယ်။ “ဒါက ဘယ်တုန်းကမှ မထင်မှတ်ထားတဲ့အရာတစ်ခုပါ။ ကျွန်တော် ဒီပုလင်းကို ပင်လယ်ထဲပစ်ပြီး ဘယ်နေရာကို ရောက်သွားမလဲ သိချင်ရုံပါပဲ။ နောက်ဆုံးတော့ ကျွန်တော့်ဆီပြန်ရောက်လာခဲ့တာ အံ့ဩစရာပါပဲ”လို့ ထရိုင်က ဆိုပါတယ်။

Ref: TheMirror “Message in a bottle returned to sender nearly 40 years after it was written”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top