“Mulan”ဇာတ်ကား ရုံတင်ပြသမယ့် ရက်ကို ထပ်မံရွှေ့ဆိုင်း

29-6-2020-yyl-003.jpg

ရုပ်ရှင်ချစ်ပရိသတ်တွေ မျှော်လင့်တကြီးနဲ့ စောင့်ဆိုင်းနေရတဲ့၊ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့လည်း ရိုက်ကူးထားတဲ့ “Mulan” ဇာတ်ကားရဲ့ ရုံတင်ပြသမယ့်ရက်ကို The Walt Disney က ထပ်မံရွှေ့ဆိုင်းလိုက်ပြန်ပါပြီ။ အစက ဒီရုပ်ရှင်ကားကို မတ်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ခဲ့ပေမယ့် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဇူလိုင်၂၄ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ အခုလည်း Mulan ဇာတ်ကားကို ဇူလိုင် ၂၄ ရက်နေ့ကနေ သြဂုတ်လ ၂၁ ရက်သို့ ထပ်မံရွှေ့ဆိုင်းထားလိုက်ပြန်ပါပြီ။ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်ရုံတွေ လတော်တော်ကြာကြာပိတ်ထားရပါတယ်။

“ကပ်ရောဂါက “Mulan” ဇာတ်ကားရုံတင်ပြသမယ့်အစီအစဉ်တွေကို ပြောင်းလဲစေခဲ့ပြီး အခြေအနေတွေအရ ဆက်လက်ရွှေ့ဆိုင်းထားရပေမယ့် ဒီရုပ်ရှင်ကားပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ယုံကြည်မှုကိုတော့ ပြောင်းလဲမပစ်ခဲ့ပါဘူး။ ဒါရိုက်တာနီကီ ကာရိုနဲ့ ကျွန်တော်တို့ရဲ့သရုပ်ဆောင်၊ အဖွဲ့သားတွေက ဇာတ်ကားကို ရုပ်ရှင်နဲ့ပတ်သတ်တဲ့ အတွေ့အကြုံမှန်သမျှကိုရအောင် ဖန်တီးထားတာပါ။ ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်ချစ်ပရိသတ်တွေ အတူတကွပျော်ရွှင်ရမယ့် ဇာတ်ကားလို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်”လို့ Walt Disney Studios ရဲ့ တွဲဖက်ဥက္ကဋ္ဌ အာလန် ဟွန် ကပြောပါတယ်။

နယူးဇီလန်နိုင်ငံက နီကီ ကာရို (Niki Caro) ရိုက်ကူးထားတဲ့ “Mulan” ရုပ်ရှင်ကားမှာ အဓိကဇာတ်ကောင် မူလန်နေရာမှာ တရုတ်မင်းသမီးချောလေး လုရီဖေး (Liu Yifei) က ပါဝင်ထားပြီး ကျေးလက်တောရွာလေးကို The Huns လူတွေ ခြိမ်းခြောက်လာတဲ့အခါမှာ မူလန်က သူ့ဖခင်ကို ဆန့်ကျင်ပြီး စစ်သမီးအဖြစ်နဲ့ The Huns တွေကို ချေမှုန်းတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ တရုတ်မင်းသမီးချော လုရီဖေးအပြင် ဒွန်နီယန်း (Donnie Yen)၊ ဂျေဆန်စကော့လီ (Jason Scott Lee) နဲ့ အခြားနာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

Warner Bros ကလည်း ရောဘတ်ပတ်တင်ဆန် နဲ့ ဂျွန်ဒေးဗစ် ဝါရှင်တန်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “Tenet” ဇာတ်ကားရုံတင်ပြသမယ့်ရက်ကို သြဂုတ်လ ၁၂ရက်နေ့ကို ရွှေ့ဆိုင်းမယ်ဆိုတဲ့အကြောင်းကို ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပါတယ်။ အစက ဒီဇာတ်ကားအတွက် ရုံတင်ပြသမယ့်ရက်တွေက ဇူလိုင် ၁၇ နဲ့ ဇူလိုင် ၃၁ ရက်တို့ပါ။ “Unhinged” ဇာတ်ကားရဲ့အထူးပြပွဲကိုလည်း ဇူလိုင် ၃၁ ရက်နေ့ကို ရွှေ့ထားပါတယ်။ အခုလအစောပိုင်းမှာ AMC Theatres ဟာ ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်ရုံတွေ ဇူလိုင်လမှာ ပြန်ဖွင့်မယ်လို့ မျှော်လင့်ထားတယ်လို့ ကြေညာခဲ့ပါတယ်။

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top