၂၀၁၉ခုနှစ်က ပျောက်သွားခဲ့တဲ့ ၄ နှစ်သမီးလေးကို ၃ နှစ်အကြာမှာ အိမ်တစ်အိမ်ကနေ ပြန်ရှာတွေ့

14-2-2022-yyl9.jpg

၂၀၁၉ ခုနှစ် ဇူလိုင်လကတည်းက ပျောက်နေခဲ့တဲ့ ကလေးမလေးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က အသက်ရှင်ရက် ပြန်ရှာတွေ့ခဲ့တယ်လို့ နယူးယောက်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အဲဒီကလေးမလေး ပျောက်သွားခဲ့တဲ နေရာကနေ ၃ နာရီ ကြာသွားရတဲ့ အိမ်တစ်အိမ်ရဲ့ ​မြေအောက်ထပ်လှေကားအောက်က စိုစွတ်အေးစက်တဲ့အခန်းငယ်တစ်ခုမှာ ရှိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တနင်္လာနေ့က Huston River Valley မှာရှိတဲ့ Saugerties မြို့က အိမ်တစ်အိမ်ကို အာဏာပိုင်တွေက ရှာဖွေခဲ့ပြီးတဲ့နောက် ပိုင်စလီ ရှော့တစ်စ် (Paislee Shultis) အမည်ရတဲ့ အဲဒီကလေးမလေးကို ရှာတွေ့ခဲ့ပါတယ်။ ပျောက်သွားတုန်းက အသက် ၄ နှစ်အရွယ်ပဲရှိသေးတဲ့ ပိုင်စလီကို ကျန်းမာရေးကောင်းမွန်စွာနဲ့တွေ့ရှိခဲ့တယ်လို့ Saugerties ရဲတပ်ဖွဲ့က ပြောပါတယ်။ အခုတော့ ပိုင်စလီက သူ့ရဲ့တရားဝင်အုပ်ထိန်းသူတွေဆီ ပြန်လည်ရောက်ရှိနေပြီး သူ့ရဲ့အစ်မနဲ့လည်း ပြန်လည်ဆုံစည်းခဲ့တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပိုင်စလီကို တရားမဝင်ခေါ်ယူအုပ်ထိန်းထားတဲ့ မိဘတွေဖြစ်တဲ့ ကင်မ်ဘလေ ကိုပါး (Kimberly Cooper) နဲ့ ကီရစ် ရှော့တစ်စ်ဂျူနီယာ (Kirk Shultis Jr) တို့ကို ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ဝင်ရောက်စွက်ဖက်မှု၊ ကလေးရဲ့ ကောင်းကျိုးချမ်းသာကို ထိခိုက်စေမှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၃ရက်နေ့က ပိုင်စလီဟာ Cayuga Heights ကနေ ပျောက်သွားတယ်လို့ တိုင်ကြားခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာတော့ ကလေးကို Saugerties မြို့က လျှို့ဝှက်နေရာတစ်ခုမှာ ထိန်းသိမ်းထားတာဖြစ်နိုင်ကြောင်း သတင်းပေးချက်ရရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အိမ်ကို ရှာဖွေဖို့ ဝရမ်းထုတ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အဲဒီအိမ်ထဲ ဝင်ရောက်ရှာ​ဖွေခဲ့ချိန်မှာ အိမ်ရှင်ဖြစ်သူ ကီရစ် ရှော့တစ်စ်ရဲ့ဖခင်က ၂၀၁၉ ခုနှစ်ကတည်းက ပျောက်နေတဲ့ ကလေးမလေးကို မမြင်မိဘူးလို့ ငြင်းဆိုပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ၁ နာရီကျော်လောက်ရှာဖွေပြီးတော့ ထူးဆန်းစွာဆောက်လုပ်ထားတဲ့မြေအောက်ထပ်လှေကားကို သတိပြုမိခဲ့ပါတယ်။ လှေကားပျဥ်ချပ်တွေကို ဖယ်ရှားလိုက်တဲ့အခါမှာ​ ယာယီအခန်းငယ်လေးအတွင်း ပိုင်စလီနဲ့ ကင်မ်ဘလေတို့ကို တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အသက် ၅၇ နှစ်အရွယ် ကီရစ် ရှော့တစ်စ်ရဲ့ဖခင်ကိုလည်း တရားစွဲဆိုခဲ့ပါတယ်။

အဖေနဲ့သား နှစ်ဦးစလုံးကို ရုံးတင်ခဲ့ပြီး ကလေးနဲ့ ဝေးဝေးနေ​ဖို့ အမိန့်နဲ့ သူတို့ကိုယ်တိုင်သဘောတူလက်ခံလို့ပြန်လွှတ်ခဲ့ပါတယ်။ ဖမ်းဆီးမိန့်ဝရမ်းထုတ်ခံခဲ့ရတဲ့ ကင်မ်ဘလေကိုတော့ ရုံတင်စစ်ဆေးခဲ့ပြီး Ulster County ထောင်မှာရှိနေပါတယ်။ ပိုင်စလီ ရှော့တစ်စ် ရှိနေခဲ့တဲ့ အိမ်ကို အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့တယ်လို့ Saugerties ရဲတပ်ဖွဲ့က ပြောပါတယ်။ အိမ်ပိုင်ရှင်က ကလေးရဲ့တည်နေရာကို သိရက်နဲ့ အမြဲငြင်းနေခဲ့တယ်လို့ ဆိုပါတယ်။

ကီရစ် ရှော့တစ်စ်က ၂၀၁၉ခုနှစ်ကတည်းက ကလေးမလေးကို မတွေ့ခဲ့ဘူး။ မမြင်ခဲ့ဘူးလို့ ရဲတွေကို ပြောခဲ့ပြီး ကင်မ်ဘလေ ကိုပါးက ကလေးမလေးနဲ့အတူ ပင်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania) ကို ထွက်ပြေးသွားခဲ့ပါတယ်။ အရင်က အဲဒီအိမ်ကို ရှာဖွေခဲ့တိုင်း ကလေးမလေးကို မြေအောက်လှေကားထစ်အောက်က အခန်းမှာ ဖွက်ထားခဲ့တယ်ဆိုတာကို အခုတော့ ရဲတပ်ဖွဲ့က သိသွားခဲ့ပါပြီ။ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး နောက်ထပ်ဖမ်းဆီးမှုတွေကို ဆိုင်းငံ့ထားတယ်လို့ Saugerties ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Ref: ABCNews “New York girl found alive under staircase after going missing in 2019”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top