ပိုမိုရှုပ်ထွေးလာတဲ့ ဖိလစ်ပိုင်လေယာဉ်မယ် သေဆုံးမှု

22-1-2021-yyl-09.jpg

အဓမ္မပြုကျင့်ပြီး အသတ်ခံရဖွယ်ရှိတယ်ဆိုတဲ့ လေယာဉ်မယ်ရဲ့အမှုကို စုံစမ်းစစ်ဆေးရာမှာ ကိုင်တွယ်မှုပုံစံကြောင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ဒေသမှာရှိတဲ့ မာကာတီရဲမှူးချုပ်ကို ရာထူးကနေ ဖယ်ရှားဖို့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါပြီ။

အသက် ၂၃ နှစ်အရွယ် လေယာဉ်မယ် ခရစ္စတင်းဒါစီရာဟာ နှစ်သစ်ကူးအကြိုည ပါတီပွဲအပြီး ဟိုတယ်ခန်းထဲမှာ သေဆုံးနေကြောင်း တွေ့ရှိခဲ့တာပါ။ နိုင်ငံတကာက စိတ်ဝင်စားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ဒါစီရာအတွက် တရားမျှတမှုဆောင်ကျဉ်းပေးဆိုတဲ့ တောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမဲ့ တချို့ကလည်း ယောကျ်ား ၁၂ ယောက်နဲ့ ပါတီပွဲဆင်နွှဲခဲ့တဲ့ ဒါစီရာကို အပြစ်တင်ခဲ့ကြပါတယ်။

ဒါစီရာရဲ့အလောင်းကို မှုခင်းဆေးပညာဆိုင်ရာ တရားဝင်စစ်ဆေးချက် ထွက်မလာသေးခင်မှာပဲ ရဲတပ်ဖွဲ့က အဓမ္မပြုကျင့်၊ လူသတ်မှုလို့ ကောက်ချက်ချပြီး အမျိုးသား ၃ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ သူတို့ ၃ ယောက်လုံးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်လို့ ရဲအရာရှိတွေရဲ့ အစောပိုင်းကောက်ချက်ချမှုအပေါ် မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ဟာ တရားဥပဒေအောက်မှာ တန်းတူညီမျှ အခွင့်အရေးရှိမှု (due process)ကို မျက်ကွယ်ပြုရာ ရောက်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ အရင်တုန်းကလည်း သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါးစစ်ပွဲမှာ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး အလားတူဝေဖန်ချက် ထွက်ပေါ်ခဲ့ဖူးပါတယ်။

ဇန်နဝါရီလ ၄ ရက်မှာ ရဲတပ်ဖွဲ့က ဒါစီရာ အသတ်ခံရမှုကို ဖြေရှင်းနိုင်ခဲ့ပြီ၊ ဒါစီရာက အဓမ္မပြုကျင့်ပြီး အသတ်ခံရတာလို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ သံသယရှိသူ ၃ ယောက်ကို ဖမ်းဆီးထားပြီး ၉ ယောက်ကတော့ လွတ်မြောက်နေဆဲပဲလို့ ဆိုပါတယ်။ တကယ်လို့ ထွက်ပြေးနေသူ ၉ ယောက်က ၇၂ နာရီအတွင်း လာရောက်အဖမ်းမခံဘူးဆိုရင် လိုအပ်ပါက ပစ်ခတ်ဖမ်းဆီးသွားမယ်လို့ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ ရဲမှူးချုပ် ဆိုင်နက်စ်က ပြောခဲ့ပါတယ်။


ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် ပက်ကွီအိုကလည်း ဒါစီရာ သေဆုံးမှုနဲ့ပတ်သက်ပြီး သတင်းပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၁၀၄၀၀ ( မြန်မာငွေ ၁၃၈ သိန်းကျော်) ဆုငွေ ချီးမြှင့်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဖမ်းဆီးခံ သံသယရှိသူ ၃ ယောက်ထဲမှာ ဒီဂတ်ဇ်မန်းလို့ အမည်ရတဲ့ တစ်ယောက်ရဲ့ ဖွင့်ဟချက်ကြောင့် ရဲအရာရှိတွေရဲ့ ကောက်ချက်ချမှုမှာ ဟာကွက်တွေ ရှိနေတယ်ဆိုတာ ပေါ်ပေါက်လာခဲ့တာပါ။ ဒီဂတ်ဇ်မန်းရဲ့ ပြောကြားချက်အရဆိုရင် နှစ်သစ်ကူးညမှာ ဒါစီရာနဲ့ ပါတီပွဲ ဆင်နွှဲခဲ့တဲ့ အမျိုးသား ၁၂ ယောက်လုံးက လိင်တူစိတ်ဝင်စားသူတွေပါ။ သူတို့တစ်ဖွဲ့လုံးကလည်း ဒါစီရာက ဂရုစိုက်ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ တွေ့ရတဲ့ သက်သေအထောက်အထားတွေဟာ ဒါစီရာ အဓမ္မပြုကျင့်ခံရတာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရတာလို့ ကောက်ချက်ချဖို့ မလုံလောက်ကြောင်း မာကာတီမြို့ အစိုးရရှေ့နေရုံးက ထုတ်ပြန်ခဲ့တာပါ။ ဒီတော့ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေ လုပ်နေချိန်မှာ ဖမ်းဆီးခံ သံသယရှိသူ ၃ ယောက်ကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါစီရာရဲ့ အလောင်းကို တွေ့ချိန်မှာ အဆိပ်မိတာမျိုး ရှိ၊ မရှိ နှံ့နှံ့စပ်စပ် မစစ်ဆေးခဲ့လို့ မာကာတီရဲတပ်ဖွဲ့ကို ဝေဖန်နေကြပါတယ်။

ရဲတပ်ဖွဲ့က သူတို့ကို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခဲ့လို့ မတတ်သာတဲ့အဆုံး ပါတီပွဲမှာ မူးယစ်ဆေးဝါး သုံးစွဲခဲ့တယ်လို့ မဟုတ်မမှန် ထွက်ဆိုခဲ့ရကြောင်း သံသယရှိသူ ၂ ယောက်က ထုတ်ပြောချိန်မှာ ဒါစီရာရဲ့အမှုက ပိုပြီး ရှုပ်ထွေးလာခဲ့တာပါ။

ဒါပေမဲ့ ဒါစီရာရဲ့မိခင် ရှာရွန်ကတော့ သူ့သမီး သေရတာ သွေးရိုးသားရိုးမဟုတ်ဘူး၊ အဓမ္မပြုကျင့်ခံရတာလို့ ပြောပါတယ်။ ဒါစီရာရဲ့ ရုပ်အလောင်းကို ဒုတိယအကြိမ် မှုခင်းစစ်ဆေးမှုလုပ်ထားပြီး ရလဒ်တွေတော့ ထွက်မလာသေးပါဘူး။ အဲဒီမှုခင်းစစ်ဆေးမှုမှာ ဒါစီရာ ဆေးခတ်ခံခဲ့ရတယ်ဆိုပြီး အဖြေထွက်ပေါ်လာမယ်လို့ သူ့ရဲ့မိသားစုက မျှော်လင့်နေပါတယ်။ သူတို့သမီးက ဆေးခတ်ခံရပြီး အဓမ္မပြုကျင့်၊ အသတ်ခံခဲ့ရတာလို့ ယုံကြည်ထားကြပါတယ်။

ဒါစီရာ သေဆုံးမှုကို အစီရင်ခံစာ တင်ပြမှု၊ သေစာရင်း ထုတ်ပြန်မှုတွေမှာ တိကျသေချာမှုမရှိခဲ့တဲ့အတွက် ဒါစီရာရဲ့မိသားစုက ရဲတပ်ဖွဲ့ရဲ့ ဆေးဘက်ဆိုင်ရာ အရာရှိကို တာဝန်ပျက်ကွက်မှု၊ တာဝန်ထမ်းဆောင်ဖို့ အရည်အချင်း မပြည့်မီမှု စတဲ့ အချက်တွေနဲ့ တိုင်ချက်ဖွင့်ထားပါတယ်။

Ref: BBC ” Christine Dacera: Police chief’s removal ordered over ‘botched’ rape probe “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top