ကောက်ရတဲ့ပိုက်ဆံအိတ်ကို အကြောင်းပြုပြီး ပြန်ရလိုက်တဲ့အရာအတွက် အံ့အားသင့်ခဲ့ရတဲ့လုံခြုံရေးဝန်ထမ်း

8-1-2021-yyl05.jpg

ဟာဝိုင်ယီပြည်နယ်၊ Maui ကျွန်းက လုံခြုံရေးဝန်ထမ်းတစ်ဦးကတော့ လူ့အသိုင်းအဝိုင်းက သူ့ကို ကားတစ်စီးဝယ်ပေးခဲ့တဲ့အတွက် မယုံကြည်နိုင်ဖြစ်လို့နေပါတယ်။ သူတို့တွေက သူ့အတွက် ဘာလို့ ကားတစ်စီးပေးခဲ့တာလဲဆိုရင် အကြောင်းအရင်းရှိပါတယ်။ ဒီဇင်ဘာလတုန်းက အဲဒီအမျိုးသားဟာ (၃) မိုင်ကျော်လောက် စက်ဘီးစီးပြီး အမျိုးသမီးတစ်ဦးရဲ့ပျောက်ဆုံးနေတဲ့ပိုက်ဆံအိတ်ကို ပြန်သွားပေးခဲ့လို့ပါပဲ။ အဲဒါကြောင့် လူ့အသိုင်းအဝိုင်းက သူ့ကို ကျေးဇူးတင်တဲ့အနေ ကားတစ်စီးပေးခဲ့တာပါ။

အဲဒီလုံခြုံရေးဝန်ထမ်းကတော့ အသက် ၂၂ နှစ်အရွယ် အိုင်နာ တောင်ဆန့်တ် (Aina Townsend) ဆိုသူဖြစ်ပါတယ်။ ခလိုအေး မာရီနို (Chloe Marino) ဆိုတဲ့ အမျိုးသမီးဟာ ဒီဇင်ဘာ ၁၁ ရက်နေ့က Foodland Store ရဲ့ဈေးဝယ်ခြင်းထဲမှာ သူ့ရဲ့ပိုက်ဆံအိတ်ကျန်ခဲ့ပါတယ်။ အဲဒီမှာ လုံခြုံရေးလုပ်နေတဲ့ အိုင်နာက ဈေးဝယ်ခြင်းထဲကနေ ပိုက်ဆံအိတ်ကို တွေ့ရှိခဲ့တာပါ။ သူ့ရဲ့အလုပ်တာဝန်ပြီးတဲ့အထိ စောင့်ဆိုင်းနေခဲ့ပြီး အဲဒီအမျိုးသမီး ပြန်မလာတော့တဲ့အတွက် သူ့အိမ်ကို ပြန်သွားပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မာရီနိုတို့မိသားစုက အိုင်နာကို ပိုက်ဆံအိတ်လာပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အိုင်နာက ငြင်းခဲ့ပါတယ်။ ပိုက်ဆံအိတ်ပျောက်တာက ဘယ်လိုမျိုးလဲဆိုတာ သူသိတယ်။ အားလပ်ရက်မတိုင်ခင် ပိုက်ဆံအိတ်ကို ပြန်လာပေးရုံပါပဲလို့ အိုင်နာက ဆိုခဲ့ပါတယ်။ အိုင်နာက ပိုက်ဆံအိတ်ပေးပြီးတော့ ဒီအတိုင်းပဲ ပြန်ထွက်သွားခဲ့ပါတယ်။ ပိုက်ဆံအိတ်ပေးဖို့အတွက် (၃) မိုင်လောက် စက်ဘီးစီးခဲ့ရပြီး သူ့ရဲ့အခြားအလုပ်ကို ပြန်သွားဖို့ ထပ်ပြီး (၃) မိုင်လောက် စက်ဘီးစီးခဲ့ရတယ်ဆိုတာကို မာရီနိုရဲ့ခင်ပွန်း ဂရေးက နောက်မှ သိခဲ့ရတာပါ။

ဂရေးလည်း အိုင်နာရဲ့ဇာတ်လမ်းအကြောင်းကို လူမှုကွန်ယက်မှာ မျှဝေပေးခဲ့ပါတယ်။ သူ တင်ခဲ့တဲ့ ပို့စ်က နာမည်ကြီးသွားခဲ့ပြီး အိုင်နာအတွက် ရန်ပုံငွေရှာပေးတဲ့ GoFundMe ပေ့ချ်လည်းရှိလာခဲ့ပါတယ်။ GoFundMe ပေ့ချ်ကို ထောင်ပေးခဲ့တာက ဂရက်ချ် ဂေါ့ဒတ် (Greg Gaudet) ဆိုသူဖြစ်ပါတယ်။ ဂေါ့ဒတ်နဲ့ ဂရေးတို့က အိုင်နာအတွက် ကားဝယ်ပေးချင်ခဲ့တာပါ။ အဲဒါကြောင့် ကားဝယ်ပေးဖို့အတွက် ဒေါ်လာ ၅၀၀၀ ရအောင်လုပ်နိုင်မယ်လို့ ထင်ခဲ့တာပါ။ Maui ကျွန်းမှာရှိတဲ့လူတွေက ကူညီပြီး အန်နာအတွက် ဒေါ်လာ ၂၅၀၀၀ ရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

ကားကုမ္ပဏီ KarMart ကလည်း ဒီပို့စ်ကို မြင်သွားခဲ့ပြီး အိုင်နာအတွက် ပါဝင်ကူညီပေးချင်ခဲ့ပါတယ်။ KarMart က အိုင်နာကို ကား (၅) စီးပြခဲ့ပါတယ်။ အိုင်နာကတော့ အဲဒီကားတွေထဲက 2017 မော်ဒယ် Volkswagen Jettsa ကို ရွေးခဲ့တာပါ။ KarMart က ကားကို ‌ဒေါ်လာ ၁၇၀၀၀ နဲ့ရောင်းချတာဖြစ်ပေမဲ့ ဒေါ်လာ ၅၀၀၀ လျော့ပေးခဲ့တဲ့အပြင် အခွန်နဲ့အခကြေးငွေတွေကိုလည်း ပေးဆောင်ပေးခဲ့ပါတယ်။ အိုင်နာကတော့ New Year မှာ ကားအသစ်တစ်စီးကို ပိုင်ဆိုင်သွားခဲ့ပြီး ကျန်ရှိနေတဲ့ပိုက်ဆံတွေကို နောင်လာမယ့် ကားပြင်ဆင်စရိတ်အတွက် စုဆောင်းထားဖို့ အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။

၂၀၂၀ခုနှစ်က အိုင်နာအတွက် ခက်ခဲတဲ့နှစ်ဖြစ်တယ်လို့ သိရပါတယ်။ အိုင်နာက သူ့အဘွားကို ဆုံးရှုံးခဲ့ရသလို အလုပ်အကိုင်တွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ သူ့ရဲ့ဘဏ်အကောင့်ထဲမှာလည်း ပိုက်ဆံတွေနည်းသွားခဲ့တဲ့အပြင် သူ့ရဲ့ကြောင်လေးအတွက် ခွဲစိပ်စရိတ်တောင်မတတ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ သူက (၇) လလောက် အလုပ်လက်မဲ့ဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။ သူက ကလေးတစ်ယောက်ရဲ့စက်ဘီးအစုတ်လေးကို အလုပ်သွားအလုပ်ပြန် စီးနေခဲ့တာဖြစ်ပြီး မာရီနိုရဲ့ပိုက်ဆံအိတ်ကို သွားပေးတုန်းကလည်း ဒီစက်ဘီးနဲ့သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အိုင်နာက အဲဒီစက်ဘီးကို စီးနေခဲ့တာ (၆) နှစ်ရှိနေပြီး အခုနှစ်မှာ အသစ်ဝယ်ဖို့ စဉ်းစားနေခဲ့တာပါ။

Ref: Fox8 “Security guard bikes miles to return lost wallet, community buys him new car”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top